ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်မြစ်ဝှမ်း၌ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက ဆယ်လ်မွန် စစ်ဆင်ရေး လှုပ်ရှားဆောင်ရွက်နေရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ တောင်ပိုင်းစစ်ဒေသတာဝန်ရှိသူများကဆိုသည်။
တိုက်ပွဲဖြစ်စဉ်များအနက် ဩဂုတ် ၉ ရက်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်(PDF) ပူးပေါင်းတပ်များဘက်ကလည်း တဦးသေဆုံးခဲ့ကြောင်း NUG ၏ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေး တပ်ရင်းမှ သိရသည်။
အထူးစစ်ဆင်ရေး တပ်ရင်း၊ တပ်ခွဲ-၂ တပ်ခွဲမှူး ကိုမိုးက “သူတို့တွေ ရွာထဲကိုဝင်နိုင်ဖို့အတွက် ဝိုင်းတယ်ပေါ့ ဗျာ။ ကျနော် တို့ သတင်းထောက်လှမ်းရပြီး ကာကွယ်ဖို့ ပြင်ဆင်ရာကတဆင့် တိုက်ပွဲအခြေအနေကောင်းတဲ့အတွက် စစ်ကြောင်း တခုလုံးကို ဝင်ရောက်စီးနင်းခဲ့တာပါ။ သူတို့တွေဘက်က အထိအခိုက်များသွားတယ်။ လက်နက် အလက် ၂၀ ဝန်းကျင် ရတယ်။ ရန်သူရဲ့ကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကိုလည်းတွေ့ရပါတယ်” ဟု ပြောသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် သမင်အင်းကုန်းကျေးရွာမှာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ရထားလမ်းတို့နှင့်နီးကပ်နေပြီး ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်နှင့် ယခုဩဂုတ်လ ပထမပတ်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ် မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာသို့ စစ်ကောင်စီဘက်က အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိ တိုက်ပွဲများဆက်တိုက်ဆိုသလို ပြင်းထန်လာသည့် ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းဒေသ ရှိ ညောင်လေးပင်ခရိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ-၃ (ခလွယ်လွီထူခရိုင်) နယ်မြေလည်းဖြစ်ပြီး တိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် PDF များက ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

အဆိုပါ KNU တပ်မဟာ-၃ နယ်မြေအတွင်း ပြီးခဲ့သည့်လပိုင်းများအတွင်းကလည်း စစ်ကောင်စီထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိတံတားများအား KNLA ပူးပေါင်းတပ်များက မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ ဇွန် ၆ ရက်၌ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျောက်ကြီးမြို့နယ်နှင့် အနောက်ဘက်ကမ်း ပဲနွယ်ကုန်းမြို့နယ်တို့အား ဆက်သွယ် ထားသည့် နတ်သံကွင်းတံတား အပါအဝင် တံတားအချို့ကို တပြိုင်နက်မိုင်းခွဲဖျက်ဆီးခဲ့သည်။
စစ်ရေးလေ့လာသုံးသပ်သူတဦးက “ပထမ ရွှေကျင်၊ ကျောက်ကြီးတကြောမှာ တိုက်ပွဲဖြစ်တယ်။ နောက်ပြီး စစ်တောင်းမြစ် ကျော်ကာ အနောက်ဘက်ကမ်းကိုရောက်လာပြီးတော့ ရန်ကုန်-မန္တလေးကားလမ်းနဲ့ ရထားလမ်းတွေမှာပါ တိုက်ပွဲတွေဖြစ် လာတာပေါ့။ ပဲခူးရိုးမအခြေချနိုင်ပြီဆိုရင် အရှေ့ခြမ်းက ညောင်လေးပင်၊ ကျောက်တံခါးတို့တင်မကဘူး ဟိုဘက်အနောက် ခြမ်းကိုပါသွားပြီး ခြိမ်းခြောက်နိုင်တာပေါ့။ ရန်ကုန်-ပြည်ကားလမ်းတကြောပေါ့။ အဲဒါကိုပါယူနိုင်ရင် မြစ်ဝကျွန်းပေါ်တွေပါ ဆက်သွားတော့မှာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
ယခုတိုက်ပွဲများပြင်းထန်နေသည့် ပဲခူးအရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းဒေသသည် ယခင်ဗမာပြည်ကွန်မြူနစ်ပါတီနှင့် KNU တို့ ၁၉၄၈ မှ ၁၉၇၅ ခုနှစ်ခန့်ထိ အခြေချလှုပ်ရှားခဲ့သည့်ဒေသများလည်း ဖြစ်သည်။
ထိုဒေသအား စစ်တပ်က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် နှစ်အတန်ကြာလက်လွှတ်ခဲ့ရရာမှ လက်ရှိတွင် ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် KNU ပူးပေါင်းတပ်များက ဆယ်လ်မွန်စစ်ဆင်ရေးအနေဖြင့် တကြော့ပြန် ပြန်လည်ထိုးဖောက်ဝင် ရောက် တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။
NUG တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂ ဒုတိယစစ်ဦးစီး ဦးတင်ဦးက “ကျနော်တို့လှုပ်ရှားမှုကတော့ ရည်မှန်းချက်အဆင့် တစ်က စစ်တောင်းမြစ်ဝှမ်းကို စိုးမိုးထားဖို့ပါပဲ” ဟု ဆယ်လ်မွန်စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း စစ်ရေးပြင်းထန်လာသည့် ပဲခူးတိုင်းအရှေ့ခြမ်းဒေသအား ထိန်းချုပ်ထားနိုင်ရေး အတွက် တပ်မ-၇၇ အပါအဝင် ခြေလျင်တပ်ရင်း ခလရ-၆၀၊ ခလရ-၂၆၄၊ ခြေမြန်တပ်ရင်း ခမရ-၂၀၊ ခမရ-၃၀၇၊ ခမရ-၃၅၀၊ ခမရ-၃၅၁၊ ခမရ-၂၂၁၊ ခမရ-၄၃၉၊ ခမရ-၆၀၃၊ ခမရ-၃၁၀ နှင့် ပျူစောထီးများ၊ ရဲအင်အားများဖြင့် ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ပြောဆိုထားသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ လေကြောင်းမှဗုံးကြဲခြင်းနှင့် ကညွတ်ကွင်းအခြေစိုက် ခမရ-၄၃၉၊ ပိန်းဇလုပ်အခြေ စိုက် ခမရ-၂၆၄၊ ဖြူးအခြေစိုက် ခမရ-၃၀၇၊ ပဲနွယ်ကုန်းအခြေစိုက် ခမရ-၃၀၈နှင့် ညောင်လေးပင်၊ ကျောက်တံခါးမြို့နယ် အခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့များ ထံမှ သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ပဲခူးအရှေ့ခြမ်းဒေသနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ဇူလိုင် ၃၁ ရက်၌ ပြုလုပ်သည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် ရွေးကောက်ပွဲနေရာချန်လှပ်ပြီး ပြုလုပ်မည်ဆိုပါက အဆိုပါဒေသအား ချန်လှပ်ခဲ့ရမည့်ဒေသတခုအဖြစ် ထည့်သွင်းပြောဆိုကာ ၎င်းတို့ထိန်းချုပ်နိုင်မှုမရှိသည့်အခြေအနေအား ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌လည်း ပဲခူးအရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ KNU တပ်မဟာ-၃ နယ်မြေအတွင်း တိုက်ပွဲ ပေါင်း ၉၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့်တိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲများ အတွင်း စစ်ကောင်စီဘက်က တပ်ခွဲမှူးတဦး အပါအဝင် ၁၆၆ ဦး သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်များဘက်ကလည်း ၂ ဦး သေဆုံးခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိသည့်အပြင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် တပ်မဟာ-၃ နယ်မြေအတွင်း လတ်တလော စစ်ဘေးရှောင်ထွက်ပြေးနေရသူဦးရေ ၁၀,၀၀၀ ကျော် ရှိနေကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
မယ်ခါးထာ့တပ်စခန်းကို KNLA တပ်တွေ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ
ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်၊ အာရှလမ်းတလျှောက် စစ်ရေး တင်းမာနေ
စစ်ကောင်စီတပ် စစ်ကူမလိုက်နိုင်တော့ဟု KNLA ဆို
နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း