ကမ္ဘာတဝှမ်းမှာ သစ်တောပြုန်းတီးမှုတွေအပြင် သဘာဝပတ်ဝန်းကျင် အရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်ပွားလာမှုကြောင့် သဘာဝ ဘေးအန္တရာယ်တွေလည်း မြင့်တက်နေပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတဝှမ်းက နိုင်ငံတွေဟာ အခုလို သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုတွေနဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့အတွက် ရည်ရွယ်တဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ပရောဂျက်တွေကို အသီးသီး လုပ်ဆောင်နေကြပါတယ်။
(၁) လော့စ်အိန်ဂျလိစ်ရဲ့ ရေအရင်းအမြစ် ထိန်းသိမ်းရေးဌာနဟာ ၉၆ သန်းသော အနက်ရောင် ဘောလုံးငယ်တွေကို အသုံးပြုပြီး ရေထဲက ညစ်ညမ်းမှုတွေကို လျှော့ချဖို့နဲ့ ရေရဲ့ အရည်အသွေးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။ သဘာဝအရင်းအမြစ် ကာကွယ်ရေး ကောင်စီရဲ့ ဆန်းစစ်လေ့လာသူ တဦးဖြစ်တဲ့ Ed Osann ကတော့ ဒီအနက်ရောင် ဘောလုံးငယ်တွေဟာ ရေထဲကို ဘယ်လို ဓာတုအဆိပ်မျိုးမှ ထုတ်လွှတ်မှာ မဟုတ်ကြောင်း အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
(၂) အိန္ဒိယနိုင်ငံသားတဦးဖြစ်တဲ့ Jadav Payeng ဟာ တနေ့ကို သစ်ပင် ၁ ပင်နှုန်း စိုက်ပျိုးလာခဲ့တာ နှစ်ပေါင်း ၄၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၁၃၆၀ ဧက ကျယ်ဝန်းတဲ့ လူလုပ် သစ်တောတခုကို ဖန်တီးဖိ့ု ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲဒီသစ်တောဟာ တောရိုင်း တိရစ္ဆာန်တွေနဲ့ ငှက်တွေရဲ့ အိမ်တခုလိုတောင် ဖြစ်နေပြီ ဖြစ်ပါတယ်။
(၃) ဧဝရက်တောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် ရာနဲ့ချီတဲ့ တောင်တက်သူတွေဟာ တောင်ထိပ်မှာ အမှိုက်တွေ စွန့်ပစ်ခဲ့ကြပါတယ်။ ဒီအတွက်ကြောင့်ပဲ နီပေါအစိုးရဟာ တောင်ပေါ်က ၂၄,၂၀၀ ပေါင်ခန့် အလေးချိန်ရှိတဲ့ အမှိုက်တွေကို ရက်သတ္တပတ်ပေါင်းများစွာ သန့်ရှင်းရေး ပြုလုပ်ခဲ့ပြီး အမှိုက်တွေထဲမှာတော့ ကြိုးတွေ၊ အောက်ဆီဂျင်ဘူးတွေ၊ လှေကား အကျိုးအပဲ့တွေနဲ့ စည်သွပ်ဘူးခွံ စတာတွေ ပါဝင်ပါတယ်။
(၄) ဒိန်းမတ်နိုင်ငံက WeFood ဆိုတဲ့ ဆိုင်တဆိုင်မှာတော့ ကုန်ဆုံးရက်နဲ့ နီးစပ်နေပြီဖြစ်တဲ့ အစားအစာနဲ့ အသီးအနှံတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချပေးနေတာပါ။ နှစ်စဉ်နှစ်တိုင်းမှာ ကမ္ဘာ့အစားအစာ ထုတ်လုပ်မှု မှတ်တမ်းတွေအရ သုံးပုံတပုံဟာ လေလွင့်ပျက်စီးရတာ ဖြစ်တဲ့အတွက်ကြောင့် အခုလိုဆုံးရှုံးမှုကို တဖက်တလမ်းက ကာကွယ်နိုင်ဖို့အတွက် ရောင်းချပေးနေတာ ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
လေထုညစ်ညမ်းမှုကို လျှော့ချဖို့ သစ်ပင် ၂၇၅ ပင်နဲ့ ညီမျှတဲ့ ဥယျာဉ်ငယ် လန်ဒန်မြို့မှာ ထားရှိ
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ
ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်ဂွင်းငှက်တို့နယ်မြေ ပျောက်ကွယ်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရ