ရွေးကောက်ပွဲ ရလဒ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးနေရာ နေရာ အများစုမှာ အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားတယ်။ ပြည်သူ့လွှတ်တော်ရော အမျိုးသား လွှတ်တော်မှာပါ ဒုတိယသမ္မတ နှစ်ယောက်စလုံး တင်သွင်းနိုင်မယ့် အမတ် အရေအတွက် ရရှိထားတယ်။ အတိုက်အခံ အမတ်အများစု ရွေးကောက်ပွဲမှာ ဘာကြောင့်အနိုင်ရခဲ့တာလဲ။ ပြည်သူတွေရဲ့ အပြောင်းအလဲကို လိုချင်တဲ့ ဆန္ဒမဲတွေနဲ့ အမတ်နေရာ ရခဲ့ကြတာ ဖြစ်တယ်။
မဲပေးလိုက်ကြတဲ့ မဲဆန္ဒရှင် အများစုက လူထုခေါင်းဆောင်ရဲ့ စကားအတိုင်း လူကို မကြည့်ဘဲ ပါတီကို ကြည့်ပေးလိုက် ကြတာ ဖြစ်တယ်။ ဒီလိုဆိုလိုက်လို့ ရွေးကောက်ခံအမတ်တွေမှာ အရည်အချင်း မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ရွေးကောက်ခံ အမတ်တွေထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပညာရပ်နယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ တတ်သိ ပညာရှင်တွေ ပါဝင်ကြတယ်။ သူတို့မှာ အရည်အချင်း ရှိတာလည်း အသေအချာပါပဲ။ ဒါပေမယ့် မဲဆန္ဒရှင် ပြည်သူတွေက လူထုခေါင်းဆောင် စကားအတိုင်း ယုံယုံကြည်ကြည်နဲ့ မဲပေးခဲ့ကြတာ ဖြစ်တယ်။ ရွေးကောက်ပွဲအလွန် ကာလတွေမှာ လည်း အလွန်အကျူး အောင်ပွဲခံတာမျိုး မလုပ်ပဲ ထိန်းထိန်းသိမ်းသိမ်းသာ လုပ်ခဲ့ကြတယ်။
လူထုခေါင်းဆောင်က လူကို မကြည့်နဲ့ ပါတီကို ကြည့်ပါလို့ တဖွဖွပြောပြီး မဲဆွယ်ကာလတွေမှာ စည်းရုံးရေးဆင်းခဲ့တာ ဖြစ်တယ်။ ပြည်သူတွေ ကလည်း ဘာလာလာ ခွပ်ဒေါင်း ကြယ်ဖြူ တံဆိပ်ကိုသာ ကြည့်ပြီး အမှတ်တံဆိပ် ခတ်နှိပ်ခဲ့ကြတာ ဖြစ်တယ်။ ရွေးကောက်ပွဲ အလွန် လွှတ်တော်ကာလ တွေမှာတော့ အမတ်တွေက ပင်ကိုယ်အရည်အချင်းတွေ ထုတ်ပြကြရ တော့မှာ ဖြစ်တယ်။ အမတ်မင်းတွေရဲ့ အရည်အချင်းကို ပြည်သူတွေ မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မှာ ဖြစ်တယ်။ အရည်အချင်း ရှိရင်လည်း ထင်ပေါ်လို့ စင်တော်က ကောက်မှာ ဖြစ်သလို အရည်အချင်း မရှိခဲ့ရင်လည်း ငေါလောကြီး ပေါ်လာမှာ ဖြစ်တယ်။
မကြာမီကာလမှာ လွှတ်တော်ထဲ ရောက်မယ့် အမတ်မင်းတွေကို ပြည်သူ့ကိုယ်စား မှာကြားစရာရှိတာ တွေကို မှာကြားပါရစေ။ အထူးသဖြင့် အမတ်နေရာ အများစုကို အနိုင်ရရှိထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်မင်းတွေကို အဓိကထား မှာကြားရမှာ ဖြစ်တယ်။ ပြည်သူအများစုက မိတ်ဆွေတို့ကို မဲပေးလိုက်တာဟာ လူထုခေါင်းဆောင်ကို ယုံကြည်အားကိုးလို့ မဲပေးလိုက်တာ ဖြစ်တယ်။ အပြောင်းအလဲကို လိုချင်လွန်းလို့ မဲပေး ရွေးချယ်လိုက်တာ ဖြစ်တယ်။ အပြောင်းအလဲကို ဘယ်လောက်ထိ လိုချင်သလဲ ဆိုရင် မဲပေးရတဲ့ နိုဝင်ဘာ ၈ ရက် မနက် (၃း၀၀) နာရီ အာရုံမတက်ခင် အမှောင်ထဲ ငုတ်တုပ်ထိုင်ပြီး မဲရုံအဖွင့် စောင့်ပြီးပေးခဲ့ ကြသူတွေ ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။
ပြည်သူတွေဘ၀ လုံခြုံစိတ်ချရစေဖို့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်ကြပါ။ ပြည်သူ့ ဝန်ဆောင်မှုတွေ ယခုထက် ပိုပြီး ပြေပြစ်ချောမွေ့မှု ရှိပါစေ။ လခယူပြီး လွှတ်တော်ထဲ ငိုက်ဖို့ မကြိုးစားပါနဲ့။ ပြည်သူတွေနဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံ ပေးကြပါ။ ပြည်သူ့ဘဝတွေကို စာနာ နားလည်ပေးကြ စေလိုပါတယ်။ အဓိက က ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေ ပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဥပဒေတွေ အမြန်ပြုပြင်ကြပါ။ အများပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ အခုကတည်းက ပြင်ဆင်ထားပါမှ တော်ကာကျပါလိမ့်မယ်။
မိတ်ဆွေတို့ရဲ့ရှေ့မှာ ယူတတ်ရင် သင်ခန်းစာတွေက ကွန်တိန်နာနဲ့ အိတ်စ်ပို့ ပို့ရလောက်အောင် အထိ များတယ်။ ပြည်သူကို ထမင်းတနပ် လျှော့စားခိုင်းတဲ့ ဝန်မင်းတွေ၊ နယ်လှည့်ပါးရိုက်လာတယ် ဆိုတဲ့ သူတွေ လျှပ်စစ်တွေ ပိုလျှံလို့ ပြည်ပ ရောင်းနေရပါတယ် ဆိုတဲ့ ဝန်ကြီးတွေ ရှိခဲ့ဖူးတယ် မဟုတ်လား။ သူတို့ကို မလိုအပ်တော့ကြောင်း ပြည်သူတွေက ဆန္ဒမဲတွေနဲ့ ရွေးကောက်ပွဲမှာ သက်သေပြခဲ့ပြီးပြီ။
လွှတ်တော် တက်ကြရတော့မယ့် အမတ်တွေထဲမှာ ပထမဆုံးအကြိမ် တက်ရောက်ကြမယ့် အမတ်တွေ ပါတဲ့ အပြင် အရင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမတ်တွေလည်း ပါဝင်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူ့အပေါ်မှာ မွန်မွန်ရည်ရည် ဆက်ဆံကြပါ။ ဘာအကြောင်းနဲ့မှ ပြည်သူတွေအပေါ် မောက်မာခွင့် မရှိပါဘူး။ ပြည်သူက နားမလည်ခဲ့ရင်တောင် ခြေခြေမြစ်မြစ် ပြေပြေပြစ်ပြစ် ရှင်းပြဖို့သာ တာဝန်ရှိတယ်။ ပြည်သူ့ဘဏ္ဍာစားနေရတဲ့ ပြည်သူ့အမတ်တွေ အနေနဲ့ ပြည်သူသာ အမိ ပြည်သူသာ အဖ သဘောထားဖို့ လိုပါတယ်။လူဆိုတာ ကိုယ့်သမိုင်းကိုယ် ရေးကြရစမြဲ မဟုတ်လား။
ရွေးချယ်ခံ အမတ်မင်းတွေကို ၁၉၅၂ ခုနှစ် မြို့မငြိမ်းရေးခဲ့တဲ့ လူချွန်လူကောင်းသီချင်းနဲ့ ဂုဏ်ပြုလိုက်ပါရစေ။
“မနက်ခင်းစိတ်ရွှင် … လန်းကြစေ ဆွဲငင်
ဥသြသံတွဲ့ … နာပျော်ဖွယ် ကြည်ကြည်လင်လင်
လုပ်ငန်းကိုယ်စီဝင် … စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတခွင် … ရောင်းဝယ် စုန်ဆန်သာ စည်ပင်
လူချွန် လူကောင်းများတို့ … ပေါင်းစု အားတွင်
မြို့မ(ကျနော့်)မိတ်ဆွေတွေကို … ကြည်ညိုစွာ မြင်လိုက်ချင်
ဗမာ့သားကောင်းများကို … အဆိုအတီးအမှုတ်နဲ့ပင်
ရိုသေခင်မင် … အားတက် အလေးပြုလျက်ပဲ အစဉ်” ။ ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)