ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များ စတင်ဖြစ်ပွားနေသည့် အချိန်တွင် လူမှုကွန်ရက် များတွင် ရခိုင်ပြည်သားတွေကို ကာကွယ်မယ့် AA (ရက္ခိုင့် တပ်မတော်) ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပျံ့နှံ့နေပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ်မှာပဲ တဖက်မှာလည်း AA က တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါ တယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ မဖြစ်ပွားခင် ရက်ပိုင်းအလိုမှာတော့ AA က ရခိုင်ပြည် လွတ်မြောက်ရေး တပ် (ALP/ALA) ကို တိုက်ခိုက်ပြီး ALA ဌာနချုပ်ကို သိမ်းယူထားပါတယ်။
AA က လက်ရှိမှာ အစိုးရနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၇ဖွဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) မှာ ပါဝင်ထားပါတယ်။
အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်တွေကို AA ရဲ့ သဘောထား က ဘယ်လိုရှိလဲ၊ ALP နဲ့ဘာ့ကြောင့် တိုက်ပွဲဖြစ်ရတာလဲ၊ FPNCC က ဘာတွေ လုပ်ဆောင်နေလဲ ဆိုတာနဲ့ ပတ်သက် ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ AA နဲ့ ALP တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်မှာ တိုက်ပွဲတွေဖြစ်တာ ဘယ်လိုဖြစ်ကြတာတုန်း ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ။ ။ အဲ့ဒါကတော့ တိုက်ပွဲလိုကြီးကြီးမားမား မဟုတ်ဘူး။ အဲ့ဒီ ကိစ္စအတွက် ကျနော်တို့ သိပ်ပြီးမှ မပျော်ပါဘူး။ စိတ် မကောင်း ဖြစ်ရပါတယ်။ သို့သော်လည်း ဒါက ရှောင်လွှဲလို့ မရတဲ့ အခြေအနေတခုပေါ့။ ကျနော်တို့ ရက္ခိုင့် တပ်မတော် အနေနဲ့ စစ်ရေးဆိုင်ရာ မူသဘောထားက တချိန်ချိန်မှာ ရခိုင် လက်နက်ကိုင် အဖွဲ့တွေကို အလံတော် တခုတည်း အောက် မှာ ပုံစံတမျိုးတည်းနဲ့ လေ့ကျင့်ပြီးမှ တသားတည်းဖြစ်ရမယ် ဆိုတဲ့ဟာကို ကျနော်တို့ ပြတ်ပြတ်သားသား ချမှတ် ထားတယ်။ အခုချိန်မှာ လက်နက်ကိုင်တပ်၂ခုက နီးနီးကပ်ကပ် ဖြစ်လာတယ်။ တဖွဲ့က အပစ်ရပ်ထားတယ်။ တဖွဲ့ကကျ တော်တော်လေးကို ရန်သူရဲ့ ဝိုင်းရံ ပိတ်ဆို့မှု ကြားမှာ လှုပ်ရှားနေရတယ်။ အဲ့ဒီ အချိန်မှာ နားလည်မှု အသေးအဖွဲတွေ အများကြီး လွဲမှားတာ ရှိတယ်။ ကျနော်တို့ ကြားမှာ ပြဿနာ အကြိမ်ပေါင်းများစွာ ဖြစ်ပြီးသွားပြီ။ ဖြစ်တိုင်းမှာ ကျနော်တို့ဘက်က ပြဿနာကို ပြေပြေလည်လည်ဖြေရှင်းဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တယ်။ ဆွေးနွေးခဲ့ တယ်။ သူတို့ဘက်က မဆွေးနွေးဘူး။ မဖြေရှင်းခဲ့ဘူး။ အဲ့ဒါကြောင့် အခုလို အခြေအနေထိ ဖြစ်လာရတာ။
တကယ်ဆိုရင် ကျနော်တို့က ဆုံးဖြတ်လိုက်ပါပြီ။ ကျနော်တို့ ဆုံးဖြတ်ချက်က ALA ကို လက်နက်ဖြုတ်သိမ်းပြီးမှ ရက္ခိုင့် တပ်မတော်ရဲ့ စုဖွဲ့မှု အလံတော် အောက်မှာ စနစ်တကျ တခုတည်းသော ရက္ခိုင့်တပ်မတော်ထဲမှာပဲ ထားမယ်ဆိုတာ ကို ကျနော်တု့ိက ဆုံးဖြတ်ပြီးပါပြီ။ အဲ့ဒါကြောင့်မို့ သူတို့ဘက်က နည်းနည်းရန်လိုတဲ့ အပြုအမူတွေတော့ ရှိခဲ့တာပေါ့ လေ။ ကျနော်တို့ မလာစေချင်တဲ့ နေရာတွေကို စစ်ကြောင်းထိုးပြီးမှ အခွန်အကောက် ဂိတ်တွေ ဖွင့်တယ်။ စစ်အင်အား တွေ ဖြည့်တာတို့ ဘာတို့ရှိတယ်။ တချိန်ချိန်မှာတော့ ထိပ်တိုက် တိုးတော့မယ် ဆိုတာကတော့ ကျနော်တို့ သိပြီ။ ဒါပေမယ့် အင်အားအရ ဆိုရင်တော့ သူတို့နဲ့ ကျနော်တို့ နဲ့ တော်တော်လေး ကွာခြားတယ်။ ဒါ့ကြောင့် တိုက်ပွဲတွေ ဟိုမှာ ဒီမှာ ဖြစ်နေမယ့်အစား တချိန်တည်းမှာ ထိထိရောက်ရောက်နဲ့ သွေးထွက်သံယိုမှု အနည်းဆုံးနဲ့ လက်နက် ဖြုတ် သိမ်းလိုက်မယ် ဆိုတာကို ကျနော်တို့ မလွှဲသာလို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ရတယ်။
ပင်မ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စနစ်တကျ ဝိုင်းရံပိတ်ဆို့ လိုက်မယ်။ ပြီးမှ သူတို့ကို ကျနော်တို့ ဆွေးနွေး မယ်။ ဆွေးနွေးပြီးရင် လက်နက် ဖြုတ်သိမ်းလိုက်မယ် ပေါ့လေ။ ပြီးရင် ဆက်လက်ပြီးမှ တိုင်းပြည်အတွက် စစ်မှု တာဝန် ထမ်းဆောင်ချင်တယ် ဆိုရင် ကျန်ခဲ့။ တကယ်လို့ ကျနော်တို့ဆီမှာ တာဝန် မထမ်းဆောင်ချင်ဘူး ဆိုရင်လည်း ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပြီးတော့မှ သူတို့ကို ယုံကြည်ချက်၊ အမျိုးသားရေး တာဝန်ကို တခြားနည်းလမ်းတွေနဲ့ ထမ်းဆောင်ဖို့ ဆိုတာမျိုး သဘောထား ရှိခဲ့တယ်။
ဒါပေမယ့် ကျနော်တို့ တပ်တွေ သွားတဲ့ အချိန်မှာ မမျှော်လင့်ဘဲ ပစ်ခတ်မှုက စဖြစ်တယ်။ သူတို့က အမြင့်က နေတယ် ဆိုတော့ သူတို့ဘက်က အရင်ပစ်တယ်။ ခဏနေတော့ ဒီကနေ ပြန်ပြီး နည်းနည်း ပစ်တယ်။ သူတို့ကတော့ လက်နက် ကြီးတွေနဲ့ မိုးရွာသလို ပစ်တယ်ဆိုပြီး ပြောတယ်။ တကယ်တော့ ကျနော်တို့က သူတို့လူကို မှန်အောင် ပစ်တာ မဟုတ် ဘူး။ လက်နက်ကြီးပစ်လိုက်ပြီး မင်းတို့ ပြန်မပစ်နဲ့။ ဆွေးနွေးရအောင်ဆိုတဲ့ သဘောပဲ။ နောက်ဆုံးတော့လည်း သူတို့ ဆုတ်သွားတယ်။ ကျနော်တို့ အဲ့ဒီဌာနချုပ်ကို ထိန်းသိမ်းထားလိုက်တယ်ဆိုတဲ့ သဘောရှိတယ်။ အသေအပျောက် တော့ သူတို့ နည်းနည်းပါးပါး ရှိခဲ့ပါတယ်။ ကျနော်တို့လည်း ရဲဘော် ၂ယောက် ဒဏ်ရာ ရခဲ့တယ်။
မေး။ ။ ALP/ALA က ဗိုလ်ချုပ်နေဝင်း လက်ထက် ၁၉၇၀ ဝန်းကျင်တည်းက ရက္ခိုင့်တော်လှန်ရေး လုပ်ပြီး လက်ရှိမှာ တော့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးနေတယ်။
နယ်စပ်က သူတို့စခန်းတွေကို AA က လိုချင်လို့ တိုက်ခိုက်တာလို့ ဝေဖန် တာတွေလည်း ရှိနေတယ်။ ALP နဲ့ AA က လူမျိုးချင်းလည်း တူတယ်။ တော်လှန်ရေး လုပ်တာချင်းလည်း တူတာ ပဲ။ အပစ်ရပ်ထားတဲ့ ALP ရဲ့ တပ်တွေကို AA အောက်ထဲ ဝင်လာဖို့ ပြောတာ ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ စစ်ရေးမှာကျတော့ လက်ခံနိုင်မလား။ မခံနိုင်ဘူးလားဆိုတာထက် ကျနော်တို့က တော်လှန်ရေး လုပ်နေတယ်။ အခက်အခဲ အကျပ်အတည်းပေါင်း များစွာကို ရင်ဆိုင်နေရတဲ့ လူမျိုးတမျိုး ဖြစ်တယ်။ အဲ့ဒီ အချိန်မှာ ဟိုအဖွဲ့က တမျိုး၊ ဒီအဖွဲ့က တမျိုး ဆိုပြီး ကျနော်တို့ စိတ်ဝမ်းကွဲနေလို့ မဖြစ်ဘူး။ မြန်မာ့ တပ်မတော်ရဲ့ နည်းဗျူဟာတွေကလည်း တော်တော် လေးကို သတိထားရမယ့် အနေအထား ဖြစ်တယ်။
ဥပမာ ကရင်ပြည်ကိုပဲကြည့်လိုက်။ တချို့ကို အပစ်ရပ်ပြီး တချို့ကို ပြည်သူ့စစ် လုပ်ထားတယ်။ အချင်းချင်း တိုက်ခိုင်း ထားတယ်။ ရခိုင်ပြည်မှာလည်း ဒါမျိုးတွေ ဖြစ်လာနိုင်တာပဲ။ အဲ့ဒီလိုမျိုး အခြေအနေဖြစ်သွားမယ် ဆိုရင် ပိုပြီးတော့ တောင်မှ ဖြေရှင်းလို့ မရတဲ့ အနေအထားတွေကို ရောက်သွားလိမ့်မယ်။ ပြီးရင် ကျနော်တို့အနေနဲ့ကတော့ တချို့ကိစ္စ တွေမှာ တော်လှန်ရေးဆန်ဆန် ဆုံးဖြတ်ရတာတွေလည်း ရှိတယ်။ အချင်းချင်းတော့ စိတ်မကောင်းစရာပေါ့။ သို့သော် လည်းပဲ ဒီအချိန်မှာ ပြတ်ပြတ်သားသား မလုပ်ခဲ့ဘူးဆိုရင် နောင်တချိန်မှာ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ ဆက်ဖြစ် လိမ့် မယ်။
ပါတီကတော့ တခု၊ နှစ်ခု ၊ သုံးခု ရှိတာ ဘာပြဿနာမှ မရှိဘူး။ တပ်ကတော့ တခု ၊ နှစ်ခု ၊ သုံးခု ရှိပြီ ဆိုရင် အရမ်း ပြဿနာ ရှိပြီ။
မေး။ ။ သူတို့ရဲ့ ကျန်နေတဲ့ တပ်နေရာတွေကို AA က ဆက် သိမ်းသွားဖို့ ရှိတဲ့ သဘောလား။
ဖြေ။ ။ သူတို့စခန်းတော့ မရှိတော့ပါဘူး။ အဲ့ဒီ တဝိုက်ပါပဲ။ ကျန်တာကတော့ ကျနော်တို့နဲ့ မဆွေးနွေးဘူး ဆိုရင် သူတို့ ရပ်တည်ဖို့တော့ အခက်အခဲတော့ ရှိမယ်။ ဆွေးနွေးဖို့ ဆိုတာကလည်း သူတို့ကို ကျနော်တို့ လမ်းကြောင်း တခုပဲ ပေး မယ်။ အဲ့ဒါကတော့ ALA ကို ကျနော်တို့ လက်ထဲကို ကောင်းကောင်း မွန်မွန်ထည့်၊ ကျနော်တို့ ထိန်းသိမ်းမယ်။ လက် နက် တပ်ဆင်တာရော အကုန်လုံး စည်းကမ်းတကျနဲ့ လေ့ကျင့်ပျိုးထောင်တာရော ကျနော်တို့ တာဝန်ယူမယ်။ ဒါပဲ။ ကျနော်တို့ဘက်က တိုတိုနဲ့ လိုရင်းပဲ ပြောမယ်။
မေး။ ။ ဒီ သတင်းစကားကို ALP ခေါင်းဆောင်ပိုင်းတွေ ဘက်ကို AA က ပြောထားပြီလား။
ဖြေ။ ။ ဒါကတော့ မပြောသေးဘူး။ သူတို့ဘက်က ပြောရင်လည်း ဆွေးနွေးလို့ ရနိုင်မယ့် အခြေအနေ မဟုတ်ဘူး။ ဒါ့ကြောင့် လုပ်ရင်းနဲ့ ဆွေးနွေးသွားမယ်။ သူတို့က သွားပြောရင်လည်း ခံမှာတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် ဒီလိုပဲ ကြည့်ပြီး လုပ်ရတာပဲလေ။
ကရင်ပြည်မှာလို အချင်းချင်း တိုက်ခိုင်းထားတာကို လက်မခံနိုင်ဘူး။
ရခိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ တပြိုင်တည်းမှာ ရခိုင်ပြည်၊ ပီချောင်းတု့ိ ဘူးသီးတောင် မြို့နယ်၊ မြောက်ဘက်ခြမ်းတို့ ကျောက်တော်မြို့နယ်၊ ရမ်းချောင်း၊ တောဖျားဒေသ၊ အဲ့ဒီအစပ်စပ် ကြားတွေမှာလည်း မြန်မာ့ တပ်မတော်က အရင်ထက် ပိုပြီး အင်အား ဖြည့်ပြီးမှ ဗျူဟာ အလိုက် ဝင်လှုပ်ရှားတာပေါ့။ ပြီးရင် လက်နက်ကြီးတွေ အပစ်လေ့ကျင့်တာတို့ အများကြီး လုပ်တယ်။ ဒီညနေ (သြဂုတ်လ ၃၁ရက် ညနေ) ကတောင် တိုက်ပွဲတွေ ဖြစ်သေး တယ်။ စစ်ကြောင်းတွေ အများကြီး တိုးလာတယ်။
တပ်မတွေ တက်လာတဲ့ အချိန်မှာ လမ်းပြကူညီပြီး ခေါ်ခဲ့တဲ့ထဲမှာ သူတို့ (ALP)လည်း ပါတယ်။ ဒီအခြေအနေတွေကို ကျနော်တို့က ကြိုမြင်နေလို့ စစ်ရေး ဆိုတာကတော့ ဒီလိုပဲ လုပ်ရတယ်။ အရမ်းတွေဝေလို့ မရဘူးလေ။
ပလက်ဝ အထက်က ရွာမှာ အစိုးရ စစ်တပ်အင်အား ၄၀၀ ကျော်လောက် စုနေတယ်။ အဲ့ဒီမှာ ALP အဖွဲ့ဝင် ၅ယောက်၊ ၆ယောက်ပါတယ် ဆိုတာကို ဒေသ သတင်းတွေအရ ကျနော်တို့တော်တော်လေး ခိုင်ခိုင်မာမာ အတည်ပြုလို့ရတဲ့ သတင်း ရင်းမြစ်တွေကနေ ကြားထားတယ်။ အဲ့ဒီမှာ ဦးဆောင် ပါဝင်တာက ခိုင်စောမြ ဆိုတဲ့ လူနဲ့ ခိုင်နေမင်း ဆိုတာ ရယ် တခြားက အဖွဲ့ဝင်တချို့ပါပါတယ်။
ALP ကိစ္စနဲ့ပတ်သက်ပြီး ကျနော် ထပ်ပြောချင်တာက အခု ALP ဌာနချုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ ထိန်းသိမ်း နိုင်လိုက်ပြီ။ သွေးထွက်သံယို အနည်းဆုံး ဖြစ်အောင် ကိုင်တွယ်ခဲ့ပါတယ်။ ဆုံးရှုံးမှုတွေ အတွက်လည်း စိတ်မကောင်း ပါဘူး။ ဒါက အမျိုးသားရေးအတွက် လိုအပ်လို့ လုပ်ရတာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ ရခိုင်ပြည်နယ်၊ မောင်တောမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေက အခြေအနေ ဆိုးနေတယ်။ ဒီကြားထဲမှာ အွန်လိုင်းမှာလည်း AA ဘယ်မှာလဲ ဘာလုပ်နေလဲလို့ ပြောနေကြတာတွေ တွေ့ရတယ်။ ဘာများ တုံ့ပြန်ချင်လဲ။
ဖြေ။ ။ အခုဖြစ်နေတဲ့ ပြဿနာက တော်တော့ကို ရှုပ်ထွေးပြီးမှ နိုင်ငံအများစုက အာရုံစိုက်နေတဲ့ အနေအထားဖြစ် တယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေ အတွက်ဆိုရင်တော့ တကယ့် နိုင်ငံရေး ထောင်ချောက်ကြီးပဲ။ ဒီအချိန်မှာ စစ်တပ် လော်ဘီ တို့ NLD က လူတွေတောင် ဝင်ပြောလာတာ ကျနော်တို့ တွေ့တယ်။ AA ဘာလုပ်နေလဲ ဆိုပြီးမှ။ သူတို့က နိုင်ငံရေး သတ်ကွင်းထဲကို ကျနော်တို့ကို ဝင်လာစေချင်တယ်။ ဝင်လာစေချင်တော့ ဆွဲချ ဆွဲထည့်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ကျနော်တို့က ပြောမှားရင်လည်း မကောင်းဘူး။ လုပ်စရာရှိရင်လည်း ပြတ်ပြတ်သားသား လုပ်သွားမှာ ပဲ။ တကယ်လို့ လုပ်စရာ ရှိရင်တောင် ကြိုပြီးမှ ပြောနေမှာ မဟုတ်ဘူး။ အခြေအနေ ပေါ်မှာ မူတည်ပြီးတော့ တချို့ ကိစ္စတွေက တခါတလေမှာ တိတ်ဆိတ်နေတာ ပိုတန်ဖိုးရှိတယ်။ စကားပြောရင် ပိုရှုပ်သွားတတ်တယ်။
တကယ်တော့ ကျနော်ပြန်မေးချင်ပါတယ်။ အစိုးရရဲ့ ကိုင်တွယ်ပုံ စစ်တပ်ရဲ့ ကိုင်တွယ်ပုံက တကယ့် မြန်မာနိုင်ငံမှာ ပွဲပေါင်းများစွာ အင်အားကြီးတဲ့ အဖွဲ့တွေနဲ့ တိုက်လာတာ အခု တုတ်၊ ဓား ၊ လေးခွ ကိုင်ထားတဲ့ လူတွေကို နှိမ်နင်း လို့ မရဘူးဆိုတာ ဘယ်လိုမှ ယုတ္တိမရှိဘူး။ တိုင်းပြည်အတွက် လူထုကာကွယ်ရေးအတွက် လုပ်တဲ့အချိန်မှာ စေတနာ မှန်ဖို့ လိုတယ်။ NLD ပါတီနဲ့ ကြံ့ခိုင်ရေး ပါတီ ၊ မြန်မာစစ်တပ် အဲ့ဒီ အင်အားစုတွေရဲ့ နိုင်ငံရေး ကစားကွက်၊ တိုက်ကွက် ကို ရခိုင်ပြည်မှာ အကဲဆတ်လွယ်တဲ့ ပြဿနာကို အသုံးပြုပြီး ဖော်ဆောင်သလို သြဇာ တည်ဆောက် တာမျိုး လုပ်တာက ကျနော်တို့ ရခိုင်ပြည်အတွက် အရမ်းနစ်နာတယ်။
ငြိမ်ဝပ်ပိပြားရေးကို ဖော်ဆောင်ဖို့ တကယ်လို့ စေတနာမှန်ရင် မကြာပါဘူး။ ကျနော်တို့ ရက္ခိုင့် တပ်မတော် အနေနဲ့ ဆိုရင်တောင် ကျနော်တို့ကို တာဝန်ပေးရင် ဒါကို လွယ်လွယ်နဲ့ လုပ်လို့ ရတယ်။ အခုလောက်လည်း သွေးထွက်သံယို များစရာ အကြောင်းမရှိဘူး။ လုပ်လို့ရပါတယ်။ ကတိပေးပေါ့နော်။ မင်းတို့ ဝင်လုပ်ပေးပါ။ ငါတို့ မင်းတို့ကို မတိုက်ဘူး။ အခြေအနေ ရှုပ်ထွေးအောင် မလုပ်ဘူး။ တာဝန်ပေးတယ်ဆိုရင် ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ပါတယ်။ အဲ့ဒီကိစ္စ အဲ့ဒီလောက် မခက်မခဲပါဘူး။ သို့သော်လည်း မေးတော့ မေးမယ်။ မင်းတို့ ဘာလုပ်နေလဲ မေးတယ်။ တကယ်လို့ ဝင်လာရင် တိုက်မယ်။
အခုလည်း ကျနော်တို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဆိုလိုတာက ဒီကုလား ပြဿနာတွေ တက်နေတဲ့ အချိန်မှာ တပ်မ ၂ခုကို ပို့လိုက်တယ်။ တပြိုင်တည်းမှာပဲ ဘူးသီးတောင်၊ မောင်တောဘက်ကို စစ်ကြောင်းတခုတည်း ထိုးတာ မဟုတ်ဘဲနဲ့ ကျနော်တို့ AA ရှိတဲ့ ကျောက်တော် မြို့နယ်၊ ရမ်းချောင်း တောင်ကြားတို့ သီးချောင်းတို့ ပလက်ဝ မြို့နယ် တွေမှာလည်း စစ်တပ်တွေ အများကြီး ဝင်လာတယ်။ ပလက်ဝ မြို့နယ်မှာ အင်အားတွေ တော်တော်များများ ရောက် နေ တယ်။ ပလက်ဝ မြို့နယ်မှာ ဒီညနေခင်း (သြဂုတ် ၃၁ ညနေ) ကတောင် တိုက်ပွဲတွေ ဖြစ်သေးတယ်။ စစ်ကြောင်း တွေ အများကြီး တိုးလာတယ်။ သူတို့ရဲ့ လှုပ်ရှားမှုက ဘူးသီးတောင်၊ မောင်တောဘက်မှာပဲ စစ်ရေး လှုပ်ရှားတာ မဟုတ်ဘူး။ ကျနော်တို့ တပ်တွေရှိနေတဲ့ ဒေသတွေကိုပါ စစ်ကြောင်းတွေ အများကြီး တိုးဝင် လာခဲ့တာဖြစ်တယ်။
မေး။ ။ ဒါဆို ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA စစ်ရေး တင်းမာနေတာလား။ စစ်ရေး တင်းမာနေတာ ဆို ဘယ်နေရာ တွေလို့ ပြောလို့ ရနိုင်မလဲ။
ဖြေ။ ။ အဓိကကတော့ ပလက်ဝ မြို့နယ် ၊ နယ်စပ်နဲ့စပ်တဲ့ ဒေသ ။ ဒါပေမယ့် သူတို့ စစ်ကြောင်းတွေ ကတော့ ရခိုင် ပြည်၊ ပီချောင်းတို့ ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်ခြမ်းတို့ ကျောက်တော်မြို့နယ်၊ ရမ်းချောင်း၊ တောဖျားဒေသ၊ အဲ့ဒီ အစပ်စပ် ကြားတွေမှာလည်း သူတို့ အရင်ထက်ပိုပြီး အင်အားဖြည့်ပြီးမှ ဗျူဟာ အလိုက် ဝင်လှုပ်ရှားတာပေါ့။ ပြီးရင် လက်နက်ကြီးတွေ အပစ်လေ့ကျင့်တာတို့ အများကြီး လုပ်တယ်။
လူထုအာရုံက အဲ့ဒီဘက်မှာ ရောက်နေတဲ့ အချိန်မှာ ဒီဘက်မှာ စစ်ဆင်ရေးတွေ တိုးမြှင့်တာကို တပြိုင်တည်း လုပ်ဆောင် နေပါတယ်။
မေး။ ။ မောင်တောပြဿနာက အရင်ကတည်းက လာဘ်စားမှုတွေ ဥပဒေအရ အားနည်းမှုတွေကြောင့် ဒီလောက်ထိ ဖြစ်လာတာ ဆိုတော့ ရခိုင်လူမျိုး တယောက်အနေနဲ့ ဒီပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်သင့်တယ်လို့ မြင်ပါ သလဲ။
ဖြေ။ ။ အဲ့ဒါကတော့ တိကျပြတ်သားတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ မူဝါဒ တရပ် မရှိလို့ပဲ ဖြစ်တယ်။ မြန်မာ စစ်တပ် အနေနဲ့ကလည်း သူတို့က ပြောပဲ ပြောနေတာ။ ပြတ်ပြတ်သားသား လုပ်ရဲကိုင်ရဲတာ မဟုတ်ဘူး။ ဒါ နည်းလမ်း မကျ သေးဘူး။ NLD အစိုးရအနေနဲ့လည်း ပြဿနာကို ဘယ်လို ကိုင်တွယ် ရမယ်ဆိုတာကို နည်းဗျူဟာ မရှိ သေးဘူးလို့ မြင်တယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီးမှ အမျိုးသား လုံခြုံရေးဆိုင်ရာ မူဝါဒ တခုတော့ ကျနော်တို့ ရှိကို ရှိရလိမ့်မယ်။ ကျနော့် အနေနဲ့ကတော့ ရခိုင်ပြည်သူ တယောက်အနေနဲ့ ပြောတာထက် တချိန်ချိန်မှာ ကျနော်တို့က ရခိုင် အစိုးရ လုပ်ကို လုပ်ရမယ်လို့ ယုံကြည်ထားတယ်။
အဲ့ဒီအချိန်ကျရင် အမျိုးသား လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်ပြီးမှ ခိုင်မာတဲ့ မူဝါဒကို ကျနော်တို့ လုပ်မှာပဲ။ ပြီးရင် တဖက် က လည်း ဖြစ်ချင်တာ ရှိမယ်။ ဖြစ်နိုင်တာရှိမယ်။ ဖြစ်သင့်တာ ရှိမယ်။ အဲ့ဒါတွေကို ကျနော်တို့က တာဝန်မဲ့ မူဝါဒတွေ ဆွဲလို့ မရဘူး။ အရှိတရားကို အသိမှတ်ပြုပြီးမှ ကျနော်တို့ အကုန်လုံးအတွက် အဆင်ပြေတဲ့ မူဝါဒတခုကို ချပြီးမှ လုပ်ရ လိမ့်မယ်။
မေး။ ။ AA အနေနဲ့ လက်ရှိမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဘာများပြောချင်လဲ။ နောက် ပြေးနေရတဲ့ ပြည်သူတွေ ကို ကူညီဖို့ ရှိမလား သိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ကတော့ တတ်နိုင်တဲ့ဘက်က ကူညီနိုင်တာတွေကို နည်းလမ်းအမျိုးမျိုး သုံးပြီးတော့မှ ကူညီရပါ တယ်။ ရိက္ခာတွေအတွက် တချို့ လူမှုအခြေပြု အဖွဲ့အစည်းတွေကို ကျနော်တို့က ပိုက်ဆံတွေဘာတွေ ပို့တယ်ဆိုရင် လက်မခံရဲဘူး။ ဘာလို့ဆိုတော့ အစိုးရနဲ့ စစ်တိုက်နေတယ်။ ကျနော်တို့နဲ့ တိုက်ရိုက်ဆက်စပ်တာတောင် မဟုတ်သေး ဘူး။ ကျနော်တို့ကို ချစ်ခင်လေးစားတဲ့ ဘုန်းကြီးတွေကိုတောင် ထောင်ချပစ်တယ်။ အဲ့ဒီလို အနေအထားတွေမှာ ဆိုတော့ သူတို့လည်း ထောင်ကျခံရမှာ ကြောက်ပြီး လက်မခံရဲတာတွေ ရှိတယ်။ ဒါ့ကြောင့် ကူညီမယ် ဆိုရင်တောင် တော်တော် လေးကို သိုသိုသိပ်သိပ်နဲ့ လုပ်နေရတဲ့ အနေအထားတွေ ရှိပါတယ်။ တကယ်လို့ အစိုးရက လက်ခံမယ် ဆိုရင် တော့ ကျနော်တို့ဘက်က အင်တိုက် အားတိုက် လုပ်လို့ရတယ်။
တပ်ပိုင်းဆိုင်ရာနဲ့ ကိစ္စတွေကို တရားဥပဒေ စိုးမိုးရေးနဲ့ လုပ်ရမှာလား။ ဒါမှမဟုတ် ပြန်လည်ထူထောင်ရေး အစီအစဉ် တွေမှာ ပါဝင်ဖို့ သူတို့ လက်ခံမယ်ဆိုလည်း ကျနော်တို့ အဆင်သင့်ရှိနေပါတယ်။ စစ်ဘက်ဆိုင်ရာအရ ဆိုရင်တောင်မှ ကျနော်တို့က အဲ့ဒီဒေသက မြို့နယ် တခု နှစ်ခုကို ထိန်းကျောင်းဖို့ အင်အား လုံလောက်ပါတယ်။ အခုလို အခြေအနေ မျိုး မှာ မရေမရာနဲ့ ကျနော်တို့ ဝင်သွား ခဲ့မယ် ဆိုရင် ပြဿနာဖြစ်နေတဲ့ လူထုတွေလည်း စစ်မြေပြင်ကြားမှာ ညပ်ပြီး တော့မှ ပိုပြီး ရှုပ်ထွေးမှုတွေနဲ့ ဒုက္ခ ရောက်ကုန်မှာဖြစ်လို့ ကျနော်တို့ အဲ့ဒါကိုလည်း သတိထားရပါတယ်။
ရခိုင် ပြည်သူလူထုကို ကျနော်မှာချင်တာက ပြဿနာတွေက ကြာလာလေလေ ပိုရှုပ်လေလေ ဖြစ်လိမ့်မယ်။ ဒီမိုကရေစီ မှာ နိုင်ငံရေးအရ အင်အားပြိုင်နေတဲ့ အုပ်စုတွေကြားမှာ ပြဿနာတခု ဖြစ်လာပြီဆိုရင် ဒီပြဿနာကို အသုံးပြုပြီး နိုင်ငံရေး တိုက်ကွက်တွေ ဖော်ကြလိမ့်မယ်။ ဘယ်လိုပဲ ရှုပ်ထွေးပါစေ ကျနော်တို့ ရခိုင်လူမျိုးတွေက ကိုယ့်အမျိုးသားရေး လမ်းကြောင်းထက်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ အားမငယ်ဖို့ ပြောချင်တယ်။ အခြေအနေတွေ ကတော့ စိတ်ပျက်စရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် ယုံကြည်ချက်ကို လက်မလွှတ်ဖို့ စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာ တွေကို ရှင်းရှင်း လင်းလင်း နားလည်အောင် ကြိုးစားပြီးမှ မယုံသင့်တာကို မယုံဖို့ ၊ မလုပ်သင့်တာကို မလုပ်ဖို့၊ လုပ်သင့် တဲ့ ကိစ္စရှိလာပြီ ဆိုရင်လည်း ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့ ကျနော် မှာချင်ပါတယ်။ ။