အစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့ဟာ မီဒီယာတွေနဲ့ ထိတွေ့ ပြောဆိုရာမှာ သူတို့ တာဝန်ယူ ဖြေရှင်းပေးရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုတဲ့ စကားတွေကို ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေ နဲ့လူမှုကွန်ရက် စာမျက်နှာတွေမှာ အတော်များများ တွေ့ရပါတယ်။
ဒီအထဲက တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့စွာ ပြောဆိုသူအဖြစ် အများပြည်သူက ဝေဖန်မှု အခံရဆုံး ပုဂ္ဂိုလ်ကတော့ နိုင်ငံတော် သမ္မတ ပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် ပါပဲ။ လက်ရှိဖြစ်ပွားနေဆဲ ကျောင်းသား သပိတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းကြတဲ့အခါ ဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖြေဆိုမှုတွေဟာ အစိုးရအဖွဲ့ရဲ့လုပ်ဆောင်မှုကို ကာကွယ်ပြောဆိုတယ်၊ တခြား တဖက်အပေါ် အပြစ်ပုံချ ပြောဆိုနေတာတွေကြောင့် အဖြစ်အပျက်အမှန်တွေကို ပြောင်ပြောင်တင်းတင်း ပြောင်းပြန်ပြောရဲတဲ့ ဝန်ကြီးပါပဲ။
မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတန်း ကျောင်းသား သပိတ် အကြမ်းဖက်မှာ ကျောင်းသားတွေက ဥပဒေ ချိုးဖောက်လာတဲ့အတွက် တားဆီးနှိမ်နင်းခဲ့ရတာ ဖြစ်တယ်၊ အဲဒီလို လုပ်ရတာဟာ မလုပ်ချင်ဘဲ လုပ်ရတာ ဖြစ်တယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း မီဒီယာတွေရဲ့အမေးကို ဖြေဆိုခဲ့ပါတယ်။ အရာရာကို ဆန္ဒပြမှ ဖြေရှင်းလို့ရမယ် ဆိုတဲ့ လုပ်နည်း လုပ်ဟန်တွေကို လက်ခံနေသေးသရွေ့ ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာ နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်သွားနိုင်တဲ့အကြောင်းကိုလည်း သမ္မတ ပြောခွင့်ရသူက သတိပေး ပြောဆိုတာ တွေ့ရပါတယ်။
တကယ်တော့ အခုလို ကျောင်းသားတွေ လမ်းပေါ်ထွက် ဆန္ဒပြကြ၊ အလုပ်သမား လယ်သမားတွေ ဆန္ဒထုတ်ဖေါ်ကြတဲ့အလုပ်ဟာ ဝန်ကြီးပြောသို ရွေးကောက်ပွဲမတိုင်ခင် ကြားကာလဆိုတာထက် သည့်အရင်အချိန်ကတည်းက ရှိလာနေခဲ့တာ ကြာပါပြီ။ ဒီလိုဆန္ဒပြမှုတွေဟာ ဦးသိန်စိန်အစိုးရ စတင်တက်လာကတည်းက ရှိလာနေတဲ့ အဖြစ်တွေပါ။
မိမိတို့ရဲ့ နစ်နာချက်တွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဆွေးနွေး ညှိနှိုင်း တင်ပြ တောင်းဆိုလို့ မရတဲ့အတွက် ပြည်သူတွေ၊ ကျောင်းသားတွေဟာ လမ်းမပေါ်ထွက်နေရတယ်ဆိုတဲ့ အရာကိုတော့ ဦးရဲထွဋ် အပါအဝင် အစိုးရ အာဏာပိုင်တွေဟာ ထည့်သွင်းစဉ်းစားမိဟန် မပေါ်ပါဘူး။ ပြဿနာ တခုခု ဖြစ်ပေါ်တိုင်းလည်း ဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို မလုပ်ဆောင် တာ၊ အလေး မထားတာ၊ ဆန္ဒပြပါက ဖမ်းဆီးတာ၊ အကြမ်းဖက် ဖြိုခွင်းတာတွေဟာ စစ်အစိုးရ လက်ထက်တုန်းကနဲ့ တထပ်တည်းလို့ ဆိုရမှာပါ။
ဒါ့အပြင် လက်ပံတန်း ကျောင်းသား သပိတ် ရုန်းရင်းဆန်ခတ်မှုတွေထဲက ဓာတ်ပုံတပုံမှာ မုတ်ဆိတ်ရှည်ရှည်နဲ့ပုဂ္ဂိုလ် တဦးပုံ ကို ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပြီး “ပထမဆုံးပုံရဲ့ ညာဘက်ထောင့်က လူကတော့ ကျောင်းသား ဟုတ်မယ် မထင်ဘူး” ဆိုပြီး ရေးသားထားပါတယ်။ ဦးရဲထွဋ်ရဲ့ မှတ်ချက်စကားဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တဦးရဲ့ ပြောစကားနဲ့မတူဘဲ သာမန် အရပ်သားတဦးရဲ့ သရော် ရေး သားမှုလို ဖြစ်နေပါတယ်။ အဲဒီ ရေးသားချက်ကို ပြန်လည် ဖြန့်ကြ၊ ဝေဖန်ရေးသားကြပြီး နောက်ပိုင်းမှာတော့ ဦးရဲထွဋ် က ပြန်လည် ဖြုတ်ချလိုက်တာ တွေ့ရတယ်။
ဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် စာမျက်နှာ မျက်နှာဖုံးမှာတော့ “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်း စို့”ဆိုတဲ့ ဆောင်ပုဒ်ကြီးကို တင်ထားတာ တွေ့ရပါတယ်။ အဲဒီလို ဆောင်ပုဒ်ကြီးကို တင်ထားပေမယ့် ဝန်ကြီးရဲ့ စကားတွေ ဟာ တခါတလေမှာ သူရဲ့ ဆောင်ပုဒ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာတွေလည်း တွေ့ရပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေကလည်းပဲ ဦးရဲထွဋ် ဘာပဲ ရေးရေး သာမာန် ပြည်သူတဦး အနေနဲ့ရေးတာပါလို့ မမြင်ကြဘဲ အစိုး ရ တာဝန်ရှိသူအဖြစ်နဲ့သာ မြင်တတ်ကြပါတယ်။ ဦးရဲထွဋ်ဟာ ဝန်ကြီးဌာန တခုရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ရုံမက နိုင်ငံတော် သမ္မတရဲ့ ပြောခွင့်ရသူ တာဝန်ပါ ထမ်းဆောင်ထားတဲ့အတွက် ဦးရဲထွဋ် ပြောဆိုတဲ့ စကား၊ အာဘော်တွေဟာ သမ္မတရဲ့ သ ဘောထားလားဆိုပြီးတော့လည်း ယူဆတဲ့သူ ရှိကောင်း ရှိနိုင်ပါတယ်။
ဆန္ဒပြမှုတွေကို အကြမ်းဖက်တာဟာ ဥပဒေနဲ့အညီဆောင်ရွက်တာပါလို့ ပြောသူ နောက်တဦးကတော့ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးမြင့်ဆွေပါပဲ။ မြို့တော် ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေကို လူမိုက်ဆန်ဆန် အရပ်သားတွေက တာဝန်ဆိုတဲ့ အနီရောင်လက်ပတ်တွေတပ်ဆင်ပေးပြီး ဖြိုခွင်းခိုင်းတာကို ဥပဒေနဲ့ အညီ လုပ်တာ ဖြစ်တယ်လို့ ဦးမြင့်ဆွေက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့စဉ်မှာ ပြောဆိုခဲ့ပါတယ်။
တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းတာကို ဥပဒေအရ တုံ့ပြန်တာပါလို့ ပြောတာ လက်ခံပေးလို့ ရပေမယ့် ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူမိုက်ဆန်ဆန်လူတွေကို တာဝန်ဆိုတဲ့ လက်ပတ်နီတွေပတ်ပြီး အကြမ်းဖက် ခိုင်းတာကို ဥပ ဒေနဲ့ ညီတယ်လို့ ပြောဆိုတဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ စကားကို လူအများက အံ့သြ ကြတာတော့ အမှန်ပါပဲ။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွင်းခဲ့စဉ် တုန်းကလည်းပဲ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကို ဦးဆောင်လမ်းညွှန်မှု ပေးခဲ့သူ တဦး ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော် ခန်းမရှေ့က ဆန္ဒထုတ်ဖော်နေတဲ့ လူအုပ်စုကို လက်ပတ်နီဝတ် လူမိုက်တွေက ဖြိုခွင်းတဲ့ ကိစ္စမှာလည်းပဲ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဆိုရင် မှားမယ်မထင်ပါဘူး။
မြို့တော် ခန်းမရှေ့က အကြမ်းဖက်ဖြိုခွင်းမှု အဖြစ်အပျက်ဟာ ကမ္ဘာ့မီဒီယာတွေရဲ့ စာမျက်နှာတွေပေါ်၊ ရုပ်သံတွေ ပေါ်မှာ နာရီပိုင်း အတွင်း ပျံ့နှံ့သွားပြီး၊ ဒီမိုကရေစီ စနစ်ဖော်ဆောင်နေပါတယ် ဆိုတဲ့ မြန်မာအစိုးရရဲ့ ပုံရိပ်ဟာလည်း ကျဆင်းသွားရပါတယ်။ ဒီလုပ်ရပ်ကို ရှက်စရာကောင်းတဲ့ လုပ်ရပ်အဖြစ်လည်းပဲ ပြည်တွင်း ပြည်ပ နိုင်ငံရေး အသိုင်း အဝိုင်းတွေက ရှုတ်ချခဲ့ကြပါတယ်။
အများပြည်သူက စွမ်းအားရှင်လို့ ခေါ်တဲ့သူတွေဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းက ဆရာတော်၊ သံဃာ တော်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက်ခဲ့သူတွေလည်း ဖြစ်ပြီး၊ အဲဒီ အချိန်က စပြီးတော့ စွမ်းအားရှင်ဆိုတာဟာ လူဆိုးလူမိုက် တွေပဲလို့ ပြည်သူတွေရဲ့ ရင်ထဲမှာ မှတ်ယူထားဆဲပါ။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ စကားတွေဟာ ပြဿနာတွေကို တာဝန်ယူ ဖြေရှင်းပေးလိုတဲ့ ဆန္ဒမရှိဘဲ တာဝန်မဲ့စွာ ပြောဆိုတာသာ ဖြစ်တယ်လို့ ဝိုင်းဝန်းဝဖန်တာ ခံရပါတယ်။ လက်ရှိ အစိုးရ အဖွဲ့က ပုဂ္ဂိုလ်အများစုဟာ အရင် စစ်အာဏာရှင်တွေ လက်ထက် မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်သလိုပဲ သူတို့ရဲ့ အပြောအဆို အမှုအကျင့်တွေဟာလည်းပဲ ယခင်တုန်းကလိုပါပဲလားလို့ ယူဆရမလို ဖြစ်လာပါတယ်။
ဒါကြောင့်လည်းပဲ ပြဿနာ တခုခုဖြစ်ပေါ်လေ့ရှိတိုင်း ဆွေးနွေး အဖြေရှာ ဖြေရှင်းပေးပြီး၊ အများပြည်သူရဲ့ ဆန္ဒတွေကို လိုက်လျောပေးရမယ့် အစား အာဏာ၊ လက်နက် တို့ကို အသုံးပြုပြီး အဓမ္မနည်းလမ်းနဲ့ ဖြေရှင်းရေးကိုပဲ ဦးစား ပေးတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာ၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေက လုပ်ခ လစာနည်းပါးတာ၊ အချိန်ပိုကြေး အပြည့်အဝမရတာ၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ခံစားခွင့် မရတာ စတဲ့ အချက်တွေကို ဆန္ဒပြတောင်းဆိုနေကြတဲ့အခါမှာလည်း တာဝန်ရှိသူတွေဟာ အကြမ်းဖက်ဖြိုခွဲတဲ့နည်းနဲ့ပဲ ဖြေရှင်းကြတာ တွေ့ရပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ကြားဝင်ညှိနှိုင်းဖြေရှင်းပေးတဲ့နည်းကိုမသုံးပဲ ရဲတွေလွှတ်ပြီး အလုပ်သမားတွေ ဆူပူအကြမ်းဖက်လို့သာ အင်အားအသုံးပြုလူစုခွဲရတယ်လို့ အစိုးရမီဒီယာတွေက ရေးကြပါတယ်။
အလုပ် သမားတွေ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့် အလုပ်သမား ဝန်ကြီး ဦးအေးမြင့်က “အလုပ်သမား တွေက နိုင်ငံတကာ စံနှုန်းအတိုင်းပဲ တောင်းနေရအောင် နိုင်ငံတကာစံနှုန်း အတိုင်း အလုပ် လုပ်နိုင်ကြလို့လား၊ သူများက ၅ ပေအထိ အမြင့်ကို ခုန်နိုင်ပြီး၊ ကိုယ်က ၃ ပေ အမြင့်ပဲ ခုန်နိုင်ရင် ၅ ပေ ခုန်တဲ့လူတွေအတိုင်း တောင်းဆိုလို့မရဘူးလေ”လို့ မီ ယာတွေကို ပြီးခဲ့လအနည်းငယ်က ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက အလုပ်သမား ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းပေးရာမှာ ဦးဆောင်ပါဝင်နေတဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ရဲ့ မီဒီယာကို ဖြေဆိုခဲ့ တဲ့ ပြောစကားတွေဟာလည်းပဲ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေဖန်မှု ရှုတ်ချမှု ခံခဲ့ရပါတယ်။
အလုပ်သမားအများစုဟာ ပညာအရည်အချင်း အရမ်းနိမ့်ပါးတဲ့အကြောင်း၊ အလုပ်သမား တွေဟာ ဘာမှ မလေ့လာဘဲ လိမ်နေတာသာ ဖြစ်တဲ့အကြောင်း၊ အလုပ်သမားတွေထဲမှာ ဘွဲ့ရ တယောက်မှ မပါဘူးဆိုပြီး ဦးဇော်အေးမောင်က Messenger ဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂဠုန်ဦးစောဟာ ၄ တန်းပဲ အောင်ပေမယ့် ရင့်ကျင့်သူ ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘွဲ့မရခဲ့တဲ့ အကြောင်း စတဲ့ ပြောဆိုမှုတွေကြောင့် ဦးဇော်အေးမောင်ကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှု မျိုးစုံနဲ့ ရေးသားနေကြတာ တွေ့ရပါတယ်။
စစ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ဝန်ထမ်းဟောင်းတွေက ပြည်သူ တွေကို အ လေး မထားတဲ့ စကားတွေပြောဆိုနေတာဟာ အထူးအဆန်း မဟုတ်ပေမယ့် ဦးဇော်အေးမောင်လို အရပ်ဘက်ကလာတဲ့ ဝန်ကြီးတဦး ရဲ့ ပြော စကားကိုတော့ အများပြည်သူတွေအဖို့ ဝေဖန်ချင်စရာဖြစ်စေတာတော့ အမှန်ပါပဲ။
စစ်ဗိုလ်ချုပ်ဟောင်း တဦးဖြစ်တဲ့ ဝန်ကြီး ဦးအုန်းမြင့်ဆိုရင်လည်း အပြောအဆို ရိုင်းစိုင်းမှုကြောင့် လူအများရဲ့ ဝေဖန်တာကို ခံခဲ့ရတဲ့ အပြင် အရေးယူပေးဖို့ လွှတ်တော်မှာပါ အရေးကြီး အဆို တင်ပြီး ကန့်ကွက်ခံခဲ့ရပါသေးတယ်။
လက်ရှိ အစိုးရ အဖွဲ့ထဲက ဝန်ကြီးအများစုဟာ စတင်တာဝန်ယူစဉ်တုန်းက အပြောအဆိုကောင်းမွန်ခဲ့ကြတာ၊ ပြည်သူ တွေနဲ့ ထိတွေ့ ဆက်ဆံမှု၊ အဆင်ပြေတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ရာကနေ ယခုအခါမှာတော့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်ဖြိုခွဲမှုတွေအပေါ် ကာကွယ်ပြောဆိုကြရုံတင်မက အကြမ်းဖက်ခံရသူ ကျောင်းသားများ၊ အလုပ်သမားများနဲ့ တောင်သူလယ်သမားများကို တဖက်သတ်အပြစ်တင်စကား၊ တာဝန်မဲ့ စကားများ ပြောလာကြတာကို အဆက်မပြတ်ကြားကြရတဲ့အခါ ဒါဟာဖြင့် သူတို့ရဲ့ အခွင့်အာဏာနဲ့ အကျိုးစီးပွားကို ထိခိုက်လာတော့မှာမြင်လို့ သူတို့ရဲ့ မူလ အမူအကျင့်တွေ ဖုံးဖိ မရအောင် ပေါ်လွင်လာတာဖြစ်တယ်လို့ ယူဆကြပါတယ်။
အခုဆိုရင် သူတို့ တာဝန်ထမ်းဆောင်ရမယ့် အချိန်ဟာ တနှစ်ဝန်းကျင်ပဲ ကျန်ပါတော့တယ်။ အကယ်၍သာ ၂၀၁၅ ခုနှစ် အ တွင်းမှာ ရွေးကောက်ပွဲ လုပ်ဖြစ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့မယ်ဆိုရင်တော့ လက်ရှိဝန်ကြီး အများစုဟာ ပြန်လည် အရွေးခံရဖို့ ရာခိုင်နှုန်း အလွန်နည်းပါးသွားပြီလို့ ပြောနိုင်ပါတယ်။ သူတို့ကလည်း သူတို့ရဲ့ အခြေအနေ အမှန်ကို သိနေလို့ အာဏာလက်လွှတ်ရမှာကို စိုးရိမ်ပြီး ထင်ရာစိုင်း ပြောဆိုနေကြတာလား၊ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်လို့ မထူးဇာတ်ကနေကြတာလား ဆိုတာကတော့ အဲဒီ ကာယကံရှင်ဝန်ကြီးတွေပဲ အသိဆုံးဖြစ်မှာပါ။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ပစေ လက်ကျန် သက်တမ်း လအနည်းငယ်အတွင်းမှာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်မှုတွေ လုပ်ပေးသွားမယ် ဆိုရင်တော့လည်း ယခင်က တာဝန်မဲ့ စကားတွေပြောလို့ အများပြည်သူ အကြည်ညိုပျက်ခဲ့ရသည့်တိုင် သမိုင်းမှတ်တမ်းကောင်းတချို့တော့ ကျန်ရှိနေခဲ့မှာ အသေအချာပါပဲ။