ယခင် သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်-ဘင်္ဂါလီ ပြဿနာဟာ အခုဆို ၅ နှစ် ပြည့် ပြီ ဖြစ်ပေမယ့် ယနေ့ အချိန်ထိ NLD အစိုးရ လက်ထက်တိုင် ပြဿနာကို ကိုင်တွယ်ဖြေရှင်း နိုင်ခြင်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ သူတို့ကိုယ် သူတို့ “ရိုဟင်ဂျာ” လို့ ခေါ်တဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ပြဿနာ ရှိခဲ့တာ နှစ်ပေါင်း မြောက်များစွာ ကြာခဲ့ပါပြီ။ အရင် စစ်အာဏာရှင်အစိုးရ အဆက်ဆက်ရဲ့ မှားယွင်းတဲ့ မူဝါဒတွေ၊ ပြဿနာကို မဖြေရှင်းဘဲ လျစ်လျူရှုမှုတွေ၊ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လဝက၊ နစက ဝန်ထမ်းတွေရဲ့ အကျင့်ပျက် လာတ်စားမှုတွေကြောင့် တနေ့ထက် တနေ့ဘင်္ဂါလီလူဦးရေ များပြားလာပြီး ပြဿနာက ပိုပြီး ကြီးထွားလာစေခဲ့တာ ဖြစ်ပါတယ်။
အရင်ကတော့ ရခိုင်-ဘင်္ဂါလီ ပြဿနာဟာ ကြီးကြီးမားမား ဖြစ်တာ မရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ် အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် သာမန် ပြဿနာတခုကနေ ဆိုးဆိုးဝါးဝါး ကြီးမားတဲ့ ပြဿနာ တခု ဖြစ်လာခဲ့ ပါတယ်။ အဲဒီ နောက်ပိုင်း နှစ်ဖက်လူမှု အသိုင်းအဝိုင်းကြားမှာ အပြန်အလှန် ဆက်ဆံမှု မရှိတော့တာတွေ၊ သေကြေပျက်စီးမှုတွေ၊ နေအိမ်တွေကို အပြန်အလှန် မီးရှို့မှုတွေ၊ အစိုးရကတော့ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံ တခုလုံး လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ထားမှုတွေ၊ ဒီထက် ပိုဆိုးတာက သန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေဟာ “ဒုက္ခသည်စခန်း” လို့ခေါ်တဲ့ သူတို့ကျေးရွာတွေမှာ နေထိုင်နေ ကြပါတယ်။
ဒါပေမယ့် အဲဒီပြဿနာကို အဖြေရှာနိုင်ဖို့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ လူမှုအသိုင်းအဝိုင်း နှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့၊ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ ၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို ကြိုးစား လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ယူပြီး မကြာမီ “ဘင်္ဂါလီအစွန်းရောက်” တွေက ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တခု အပါအဝင် နယ်ခြားစောင့် စခန်း ၃ ခုကို အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မုဒိမ်းမှုတွေ၊ လူနေအိမ်ကို မီးရှို့မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှုတ်ဆိတ်နေ မှုကြောင့် နိုင်ငံတာကာ အသိုင်းအဝန်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှု တွေလည်း ရှိနေဆဲပါ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲ အနိုင်ရရှိပြီး နောက် ရခိုင်-ဘင်္ဂါလီ ပြဿနာကို ဖြေရှင်းဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါတယ်။ ကော်မရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ဒေသရှိ ပြည်သူများရဲ့ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများ အား အာမခံချက် ပေးနိုင်ဖို့၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် အကြံဉာဏ် တွေ ရယူဖို့ပဲ ဖြစ်ပါတယ်။
ရခိုင်-ဘင်္ဂါလီ အရေးအခင်း အပြီး ရခိုင်တွေ ဘာအကျိုး ရှိခဲ့သလဲ။
၂၀၁၀ ခုနှစ်က ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက ၎င်းတို့ ရွေးကောက်ပွဲ အနိုင်ရရှိရေး ခွင့်ပြုခဲ့တဲ့ ယာယီမှတ်ပုံတင် (white card) ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီဟာ ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ပေါ်ခဲ့ ပြီးတဲ့ နောက် သူတို့ရဲ့ မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးခဲ့ကြရသလို ရခိုင်တိုင်းရင်းသားတွေ လည်း နစ်နာဆုံးရှံးမှုတွေ များစွာ ရှိနေပါတယ်။
ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ခဲ့ပြီးတဲ့နောက် ပထမဆုံး နစ်နာမှုကတော့ ရခိုင်တိုင်းရင်းသား လူမျိုးတွေကို နိုင်ငံတာကာ အသိုင်းအဝန်းက “အစွန်းရောက်” တွေလို့ သတ်မှတ်ခံလိုက်တာပဲ ဖြစ်ပါတယ်။ အရင် သမ္မတဦးသိန်းစိန် အစိုးရရဲ့ ပြဿနာ အပေါ် ကိုင်တွယ် ဖြေရှင်းမှုကို မကျေနပ်လို့ ရခိုင်တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်က စစ်တွေ အပါအဝင် တခြားမြို့တွေမှာ နေ့စဉ်နဲ့ အမျှ နေပူမစဲ၊ မိုးရွာမစဲ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေရဲ့ ရလဒ်ကြောင့် သိသိသာသာ ပြောင်းလဲလာမှုတွေ မတွေ့ရှိသေးပါဘူး။
တဖက်မှာလည်း အရင်အစိုးရကတော့ ရခိုင်လူမျိုးတွေရဲ့ လူမျိုးရေးစိတ်ဓာတ် အခြေခံကို အသုံးချပြီး အစိုးရ အပေါ် ထားတဲ့ မကျေနပ်မှုတွေက ဘင်္ဂါလီတွေကို ပိုမိုမုန်းတီးဖို့ဘက်ကို ဦးလှည့်အောင် ဖန်းတီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုှနှစ်၊ မေလ ၂၆-၂၇ ရက်နေ့က ဒေသခံ အမျိုးသားရေး စိတ်ဓာတ် ပြင်ထန်သူ ရခိုင်လူငယ်တချို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်တွေဟာ မျှတမှု မရှိဘူး၊ ရခိုင်တိုင်းရင်းသားတွေ အပေါ် ခွဲခြား ဆက်ဆံတယ် ဆိုတဲ့ အမြင် သဘောထားတွေကြောင့် ၎င်းတို့ရုံးတွေ၊ ဂိုဒေါင်တွေ၊ ဝန်ထမ်းအိမ်တွေကို အကြမ်းဖက် ဝင်ရောက် ဖျက်စီးခဲ့ကြ ပါတယ်။ အမှန်တကယ်လည်း ရခိုင်တိုင်းရင်းသားတွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခွဲခြားဆက်ဆံ ခံနေရတာ ဖြစ်ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်ဟာ အမျိုးသားရေးစိတ် ပြင်းထန်သူတွေ၊ နိုင်ငံရေး အမြတ်ထုတ်သူတွေ အတွက် နိုင်ငံရေး ကစားကွက် တခု ဖြစ်လာပါတယ်။ ဥပမာအားဖြင့် ရခိုင်-ဘင်္ဂါလီ ပြဿနာ ကို တည်ငြိမ်အေးချမ်းအောင် ဖန်တီးဖို့ ထက် မငြိမ်မသက် ဖြစ်အောင် ဖန်တီးပြီး ရခိုင်ပြည်သူ ထောက်ခံမှု ရရှိဖို့နဲ့ ရွေးကောက်ပွဲ မဲအနိုင်ရရှိဖို့ အတွက် နေရာတခု ဖြစ်လာပါတယ်။
ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ခဲ့ပြီးတဲ့ နောက် ရခိုင်တိုင်းရင်းသားတွေ ဘက်က နောက်ထပ်ဆ ုံးရှံးမှု တခုက တော့ စီးပွားရေး အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်ဟာ စစ်အစိုးရ အဆက်ဆက်တွေရဲ့ နှစ်ပေါင်းများစွာ လျစ်လျူရှုမှု ကြောင့် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ် တခုဖြစ်ပြီး ရခိုင်-ဘင်္ဂါလီ အရေးကိစ္စရယ်၊ ဒေသဖွံ့ဖြိုးမှု နည်းပါးမှုရယ်၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေဟာ ရန်ကုန်၊ မလေးရှား၊ ထိုင်း စတဲ့ နေရာများကို အလုပ်အကိုင် ရှာဖွေဖို့ သွားလာနေကြရ ပါတယ်။
ဒါပေမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွာရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့ နောက် နိုင်ငံခြားကုမ္မဏီတွေ ၊ ပြည်တွင်း လုပ်ငန်းရှင် တွေ မြန်မာနိုင်ငံအနှံ့မြို့ကြီးများတွင် စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ် လာကြပါတယ်။ ဒါပေမယ့် အဆိုးဆုံးက ရခိုင် ပြည်နယ်ဟာ တည်ငြိမ်အေးချမ်းမှု မရှိတာကြောင့် အဲဒီထဲမှာ ပါမလာ ပါဘူး။
ယင်းအပြင် ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ ပြဿနာဖြစ်ပြီး နောက် အရင်က ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်းသွယ်ရေးဟာ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတာကြောင့် ရခိုင်စီးပွားရေး လုပ်ငန်းရှင်များကို များစွာ ထိခိုက် နစ်နာစေပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက် ရခိုင်ပြည်သူတွေဟာ နိုင်ငံရေးအရ ဆုံးရှံးမှုတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) နဲ့ ရခိုင်အမျိုးသားပါတီတို့ဟာ NCA မူ အရ ရခိုင်မျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ တောင်း ဆိုခဲ့ ပါတယ်။
ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်ဟာ ထိလွယ်ချလွယ် (Sensitive Areas) ဒေသ ဖြစ်တာကြောင့် ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့် မပြုနိုင်သေး တာလို့ ဆိုပါတယ်။ ဆိုလိုတာက ရခိုင်ပြည်နယ်ဟာ ရခိုင်-ဘင်္ဂါလီ ပြဿနာကြောင့် ယနေ့ အချိန်ထိ တည်ငြိမ်အေးချမ်းမှုကို မရှိသေးတာကြောင့် ကျင်းပခွင့် မပြုနိုင်သေးတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အစိုးရ တာဝန်ရယူပြီးတဲ့ နောက် ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ် အရေးအတွက် နည်းလမ်းသစ်တွေ၊ အကြံဉာဏ်ကောင်းတွေ ရယူနိုင်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းတာဝန်ပေး ခဲတဲ့ ကိုဖီအာနန် ကော်မရှင်ကို ရခိုင်အမျိုးသားပါတီ (ANP) ရယ်၊ ရခိုင်အမျိုးသားပါတီ ဦးဆောင်သော ရခိုင်ပြည်နယ် လွတ်တော်ရယ်၊ ရခိုင်ဒေသခံ လူတစုက ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။
နောက်တချက်က ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်တွေ ကြီးထွားလာခဲ့တဲ့ ဆုံးရှုံးမှု ဖြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက် ဒေသခံ ရခိုင် တိုင်းရင်းသားတွေဟာ ဘူးသီးတောင်၊ မောင်တောမြို တွေ ကနေ တခြားမြို့တွေကို စွန့်ခွာလာ နေကြပါတယ်။
အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ရယူပြီး ၆ လ အကြာမှာပဲ “ဘင်္ဂါလီ အစွန်းရောက်” တွေက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်းနဲ့ အခြား စခန်းတချို့ကို အချိန်ကိုက် အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ရခိုင်တိုင်းရင်းသားတွေဟာ ပင်လယ်ပြင်ကို ငါးရှာဖို့ မသွားနိုင်တာတွေ၊ အနီးအနားက ဘင်္ဂါလီရွာတွေကို ဖြတ်ကျော် မသွားနိုင်တာတွေ၊ အစွန်းရောက် ဘင်္ဂါလီတွေက တခြား ဘင်္ဂါလီတွေကို သတ်ဖြတ်မှုတွေကြောင့် အသက် အန္တရာယ် စိုးရိမ်စိတ်တွေ များပြားလာပါတယ်။
၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ်ဆုံးရှံးမှု တခုကတော့ ရခိုင်ပြည်နယ် အခြေစိုက် ရခိုင် အရပ်ဘက် အဖွဲ့အစည်းတွေကို ကန့်သတ် ခံလာရတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကြောင့် အရပ်ဘက် လူ့အဖွဲ့အစည်း တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး စတဲ့ နယ်ပယ်တွေမှာ အကူအညီပေးလေ့ ရှိပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံထဲက ရခိုင်အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း တွေကိုတော့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ရန်ပုံငွေရော၊ နည်းပညာပါ ထောက်ပံ့မှု ပေးဖို့ ကန့်သတ်ထား ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက ဘင်္ဂါလီတွေ အတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကိုပဲ ရန်ပုံငွေရော၊ နည်းပညာတွေပါ ထောက်ပံ့တာကို တွေ့ရပါ တယ်။
ခြုံပြီး သုံးသပ်ရမယ် ဆိုရင် ရခိုင်-ဘင်္ဂါလီ ပြဿနာ ဟာ အရင် စစ်အစိုးရ အဆက်ဆက်ရဲ့ မှားယွင်းတဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေ ကြောင့် ပြဿနာ ကြီးထွားလာစေခဲ့တာ ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး တဲ့ နောက် ရခိုင်တိုင်းရင်းသားတွေ အတွက် ကောင်းကျိုးထက် ဆုံးရှုံးမှုတွေများ နေပါတယ်။ အဲဒီလိုအခြေအနေတွေ ရှိနေရင်တော့ ရခိုင်တိုင်းရင်းသားတွေရဲ့ မျော်လင့်ချက်တွေလည်း အောင်မြင်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ မည်သည့် လုပ်ဆောင်ချက်များ ကို မဆို ကန့်ကွက် ဆန့်ကျင်နေမယ့် အစား ပြဿနာ အပေါ် ရခိုင်တမျိုးသားလုံးရဲ့ ဘုံသဘောထား ရပ်တည်ချက် တရပ် ချမှတ်ဖို့ လိုအပ်ပြီး၊ လက်ရှိ ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ဆွေးနွေးညှိုနှိုင်း အဖြေရှာဖို့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
(ထွန်းထွန်းနိုင်သည် ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ ရရှိခဲ့ပြီး ရခိုင်နိုင်ငံရေး နှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)