အမျိုးသားများနည်းတူ အမျိုးသမီးများကို တန်းတူ ညီတူ တန်ဖိုးထားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ယမန်နေ့ မတ်လ ၈ ရက်နေ့က နေပြည်တော်ရှိ MICC – 2 တွင် “အမျိုးသမီးများဘဝ မြှင့်တင်ဖို့ ကျေးလက်နှင့်မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင် ကြိုးပမ်းကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ အမျိုးသမီးများသည် မိဘကို အလုပ်အကျွေးပြုခြင်း၊ မိဘစကား နားထောင်သည့် မိန်းကလေးများကို တာဝန်ကျေပွန်သည်ဟု ဆိုကာ တန်ဖိုးထားကြသော်လည်း သားယောကျာၤးလေးများကို ဦးစားပေးသည့် အလေ့အကျင့်မှာ နေရာတိုင်း တွင် ရှိနေဆဲ ဖြစ်ကြောင်း အတိုင်ပင်ခံက ပြောသည်။
“ဒီအမျိုးသမီးများကို တန်ဖိုးထားဖို့ဆိုတာ စရမှာက မိခင်များကနေ စရမှာ ဖြစ်ပါတယ်။ အဲဒါအတွက် ကျမ အထူးသတိပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။
အမျိုးသမီးများကလည်း မိမိတို့၏ အခွင့်အရေးကို သိရှိသလို မိမိတို့၏ တာဝန်ကိုလည်း ကျေပွန်ရန် လိုအပ်ကြောင်း အခွင့်အရေး သာ တောင်းခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိပါက အပေါင်း လက္ခဏာဆောင်မည် မဟုတ်ကြောင်း တန်းတူညီတူ တန်ဖိုးထားခြင်းကို မိခင်များကစမှသာ အမျိုးသမီးတွေနှင့် အမျိုးသားများကြား တန်းတူညီတူရှိလာမည် ဖြစ်ကြောင်းလည်း ဆိုသည်။
နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ကြိုးပမ်းရာတွင် တဦးချင်းစီ၏ ဒီမိုကရေစီ စိတ်ဓာတ်၊ အလေ့အကျင့်များကို အရင်းခံကာ တဦးနှင့်တဦး အပြန်အ လှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ခင်ကြင်နာမှုများနှင့် စုပေါင်းပါဝင်သွားနိုင်ရေး လုပ်ပေးစေချင်ကြောင်းလည်း ပြောသည်။
“အများအတွက် စဉ်းစားနိုင်တဲ့ စိတ်ဓာတ်ကို သွင်းပေးပါ။ မှန်ကန်တဲ့ တန်ဖိုးတွေကို ကျမတို့သားသမီးတွေရဲ့ ခေါင်းထဲမှာ ငယ်ငယ်က တည်းက နှလုံးသားထဲမှာ ခေါင်းထဲမှာ သွင်းလိုက်ပြီဆိုရင် တသက်လုံးအတွက် စိတ်ချရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လူသားချင်းအတူတူ ယောကျာၤးဖြစ်၍ မြင့်မြတ်သည်၊ မိန်းမဖြစ်၍ နိမ့်ကျသည် ဆိုသော အယူအဆမျိုးကိုမူ လက်မခံနိုင်ကြောင်း အမျိုး သမီးတဦး၏ ခေါင်းဆောင်နိုင်မှုကိုလည်း အမြဲပင် မေးခွန်းထုတ်ခံရလေ့ရှိကြောင်း၊ အင်အားကြီးသည် ငယ်သည် ဆိုသည်မှာလည်း သူ့အားသာချက်နှင့်သူရှိကြောင်း နေပြည်တော်မှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ နော်လှလှစိုးက ပြောသည်။
“ဥပမာ ရပ်ကျေး အုပ်ချုပ်ရေးမှူး လုပ်မယ်ဆိုရင်လည်း အမျိုးသားကိုပဲ တင်လိုက်တာပဲ။ ကိုယ့်ကိုကိုယ် အမည်စာရင်းတင်ရင်တောင် ပယ်ဖျက်ခံရတာတောင် ရှိတယ်။ ဒါက အနိမ့်ဆုံး ရပ်ကွက်အဆင့်မှာ ပြောတာ။ အပေါ်မှာဆို ပြောမနေနဲ့တော့။ ပြောရရင် လူလူချင်း တန်းတူပဲ။ သူလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ ဒေါက်တာ ဝင်းမြတ်အေးက အမျိုးသမီးများ တန်းတူအခွင့်အရေးကို ဥပဒေ အရ ရရှိစေရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲထားပြီး မကြာမီတွင် အစိုးရအဖွဲ့နှင့် လွှတ် တော်သို့ တင်ပြနိုင်တော့မည် ဖြစ်ကြောင်း ယနေ့ အခမ်းအနားတွင် ပြောသည်။
ထို့ပြင် ကလေးငယ်များအပေါ် ကျူးလွန်လျက်ရှိသည့် မုဒိမ်းမှုများအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ၂၀၁၆ ခုနှစ်မှစ၍ ဖြေ ရှင်းပေးနေရာ ယနေ့အထိ အမှုပေါင်း ၂၇၉ မှု လက်ခံဆောင်ရွက်ပေးခဲ့ပြီး ၁၈ နှစ်အောက် မိန်ကလေးငယ်များကို ကျုးလွန်သည့် မုဒိမ်းမှု ၁၃၅ မှု၊ ၁၈ နှစ်အထက် ၁၃ မှု၊ အိမ်အကူ နှိပ်စက်မှု ၁၀ မှု၊ အခြားအမှု ၁၂၁ တို့ကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြော သည်။
ယနေ့ အမျိုးသားများ၏ မျှော်မှန်းသက်တမ်းသည် (၆ဝ ဒသမ ၂) နှစ် ဖြစ်ပြီး အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းသည် (၆၉ ဒသမ ၃)နှစ် ဖြစ်၍ အမျိုးသမီးများက အမျိုးသားများထက် ပို၍ အသက်ရှည်ကြောင်း အစိုးရက အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွား ၄ သောင်းကျော်ကို လစဉ် လူမှုရေးပင်စင် ထောက်ပံ့ပေးလျက်ရှိရာမှာ ၂၇၅၀၀ ဦးသည် အဘွားများ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
“ခေတ်အဆက်ဆက်က စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အတုယူပြီး မျိုးဆက်သစ် မြန်မာ အမျိုးသမီးတွေအနေနဲ့ ဘဝလုံခြုံမှုရှိရေးနဲ့ စွမ်းရည် မြင့်မားရေးကို ဦးတည် ကြိုးပမ်း အားထုတ်ကြဖို့လည်း တိုက်တွန်း မှာကြားလိုပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။
ထို့ပြင် တနိုင်ငံလုံးရှိ အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ဒေသများပါမကျန် လွှမ်းခြုံဆောင်ရွက်နိုင်စေဖို့ အစိုးရအနေနှင့် အင်တိုက်အားတိုက် ကြိုးစားနေကြောင်းနှင့် ကျေးလက်တောရွာဘက်တွင် နေထိုင်သည့်အမျိုးသမီးများ အခွင့်အရေးနှင့် အရည်အချင်းမြှင့်တင်ရေးကိစ္စရပ်များအား အထူးအလေးပေးဖို့ လိုနေကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။