လှည်းကူးမြို့နယ် ဒါးပိန်မြို့တွင် ဒေါက်တာမျိုးမြင့်အောင် ဆေးခန်းဖွင့်ထားခဲ့သည်မှာ နှစ် (၃၀) ပင် ရှိခဲ့လေပြီ။ မိခင်နှင့် ကလေးကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို မိုဘိုင်းအက်ပလီကေးရှင်းဖြင့် အခမဲ့ တင်ဆက်ပေး နေသည့် Maymay application တွင် ကိုယ်ဝန်ဆောင် အသိပညာပေး အကြောင်းအရာများ ရေးသားဖော်ပြရန် ဒေါက်တာမျိုးမြင့်အောင်ဆီသို့ သွားခဲ့ခြင်းဖြစ်သည်။
ဆေးခန်းက လမ်းသွယ်တခုအတွင်း တည်ရှိပြီး မျက်နှာစာ တခုလုံးတွင် ကျန်းမာရေး အသိပညာပေး စာသားများ၊ ရုပ်ပုံကားချပ်များ၊ ပိုစတာများဖြင့် ပြည့်နှက်နေသည်။ ဆေးခန်းသည် လင်းလင်းထင်းထင်း ရှိသလို လေဝင်လေထွက်လည်း ကောင်းမွန်သောကြောင့် သဘောကျမိသည်။ အချိုပေါ် သကာလောင်းသလို ဒေါက်တာ မျိုးမြင့်အောင်က သဘောကောင်းသေး၏။
ဆရာ့ထံသို့ သွားရောက်ရသည့် အဓိကအကြောင်းအရင်းမှာ ထိုဒေသတဝိုက် ကျင်လည်လျက်ရှိသော အရပ်လက်သည်များ အကြောင်း ရေးသားရန် ဖြစ်သည်။
အရပ်လက်သည်ကို အင်္ဂလိပ်စာဖြင့် Traditional Birth Attendance (TBA) ဟုခေါ်သည်။ ဒေါက်တာ မျိုးမြင့်အောင် ဒါးပိန်ရောက်ကာစက ကိုယ်ဝန်ဆောင် ကျန်းမာရေးအတွက် TBA တွေသာ တွေ့ရများခဲ့သည်။
“ရွာရောက်ခါစ တုန်းက TBA တွေများတယ်။ နောက်တော့မှ Auxillary Mid wife ဆိုတဲ့ AMW တွေ ထပ်ခန့်ပေးတယ်။ အရင်တုန်းကဆို AMW တွေက မရှိသေးဘူး” ဟု သူကဆိုသည်။
သူရည်ညွှန်းသည့် AMW မှာ အရန် သားဖွားဆရာများကို ဆိုလိုသည်။ ယခုအခါ အရန်သားဖွားများကို နိုင်ငံတော် စီမံကိန်းအရ တရွာတယောက် ခန့်ထားလျက်ရှိသည်ဟု သိရ၏။ ယခင်ကမူ အရပ်လက်သည် များကိုသာ အားကိုးရပြီး အခက်အခဲ တစုံတရာ တွေ့လျှင် နီးစပ်ရာဆေးခန်းသို့ ခေါ်သွားကြသည်။ ထိုသို့ ခေါ်သွားခြင်းမပြုမီ လက်လွန်ခြေလွန်ဖြစ်ကာ ဖိတ်စင်ကုန်သည်လည်းရှိ၏။
နယ်များတွင် တိုက်နယ်ဆေးရုံများရှိသော်လည်း ယခင်ကမူ ထိုဆေးရုံများတွင် ဆရာဝန်များ အချိန်ပြည့် မခန့်နိုင်ကြချေ။ ဆရာဝန်များ ပြန်ပြေးသွားကြသည်က များသည်။ အကြောင်းမှာ ဆေးရုံ၌တာဝန်ကျပြီးနောက် ဘွဲ့လွန်ဖြစ်သည့် M.Sc ဖြေကာ အောင်မြင်သွားပြီး ထွက်သွားကြသည်။ ထိုအခါ နေရာလစ်ဟာသွားသည်။ ဆေးရုံ၌ ဆရာဝန်မရှိလျှင် ဆေးခန်းကို အားကိုးကြသည်။
ယခုအခါ အရန်သားဖွားများ ရှိလာပြီဖြစ်သော်လည်း အရပ်လက်သည် များ၏ အခန်းကဏ္ဍမှာ အရေးပါနေဆဲ ဖြစ်သည်။ လက်သည်များကို နိုင်ငံတော်ဘက်က သင်တန်း ခေါ်ပေးသော်လည်း ၎င်းတို့ကိုယ်တိုင်က မတက်ရဲ ကြချေ။
ဤအကြောင်းအရာနှင့် ပတ်သက်၍ ဒေါက်တာမျိုးမြင့်အောင်က ရှင်းပြသည်။
“လက်သည်တွေကို နိုင်ငံတော်ဘက်က ခေါ်ပြီးတော့ သင်တန်းတွေ ပေးပေမယ့် သူတို့ဘက်က သိပ် မတက်ရဲကြဘူး။ သူတို့ဟာသူတို့လည်း စိတ်ထဲမှာ အငုံ့စိတ်ဝင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သင်တန်း ပေးတဲ့လူက အင်္ဂလိပ်လိုပြောရင် သူတို့နားလည်ပါ့မလား၊ သူတို့ကိုဆူမှာလား အဲဒီအတွေးတွေပေါ့။ ဒီတော့ ခေါ်ပေမယ့်လည်း မသွားကြဘူး။ ကြောက်ကြတယ်” ဟု သူက ပြောသည်။
ဒေါက်တာမျိုးမြင့်အောင် ဒါးပိန်ရောက်သည့် နှစ် (၃၀) ကာလကို (၁၀) နှစ်စီ သုံးပိုင်းပိုင်းလိုက်ပါက တတိယမြောက် (၁၀) နှစ်တွင် အရပ်လက်သည်ကြောင့် သူ၏ဆေးခန်းကို အသည်းအသန် ရောက်လာသူ တော်တော် နည်းသွားပြီဟု သူ၏ အတွေ့အကြုံကိုပြောပြသည်။
“ကျနော်ရွာရောက်တာ နှစ် (၃၀) နီးနီးရှိပြီ။ ပထမဆုံး (၁၀) နှစ်တုန်းက တော်တော်များတယ်။ ဒုတိယ (၁၀) နှစ်မှာ အရန် သားဖွားဆရာမလေးတွေ ရောက်လာပြီ။ တတိယ (၁၀) နှစ်ကျတော့ အရန်သားဖွားတွေ တော်တော် များလာပြီ။ ဒီတော့ အခုတတိယ (၁၀) နှစ်မှာ အရပ်လက်သည်ကြောင့် ဆေးခန်း ရောက်လာသူတွေ တော်တော်နည်းသွားပြီ” ဟု သူက ပြောသည်။
အရပ်လက်သည်ဖြင့် မီးဖွားသူများထဲတွင် အသက် အရွယ်အစုံပါသည်။ ထိုဒေသတွင် ပညာရေးကိုသိပ်ပြီး အားမပေးသောကြောင့် စာမတတ်သူ၊ အထွေထွေ ဗဟုသုတနည်းပါးသူ များ၏။
“ပညာရေးကို သိပ်ပြီးအားမပေးဘူး။ အမျိုးသမီးတွေ ဖြစ်တာကြောင့် ပိုပြီးအားမပေးဘူး။ အမျိုးသမီးတွေက တချိန်ကျရင် အိမ်ထောင်ကျမှာပဲ၊ ယောက်ျားယူမှာပဲ၊ ယောက်ျားကို ပြုစုရမှာပဲ၊ ကလေးထိန်း ရမှာပဲဆိုတဲ့ အတွေးတွေကြောင့် သိပ်ပြီးအားမပေးကြဘူး” ဟု ဒေါက်တာမျိုးမြင့်အောင်က ရှင်းပြသည်။
၎င်းတို့တွင် ကိုယ်ဝန်နှင့် ပတ်သက်သည့် ဗဟုသုတများလည်း သိပ်မရှိကြပေ။ အရပ်အတွေးများ၊ လက်ဆင့်ကမ်း အတွေးများကို အဟုတ်ကြီး ထင်မှတ်နေသည်က များ၏။ ကိုယ်ဝန်စဆောင်လျှင် ကိုယ်ဝန် မှန်မှန်အပ်ရန် လိုအပ်သည်ကို မသိကြချေ။ ယခုခေတ် ရောက်လာသည့်အချိန်အထိ ကိုယ်ဝန်ဆောင် ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတရှိသူမှာ တချို့တဝက်လောက်သာ ရှိသေး၏။
ကိုယ်ဝန်ဆောင် ဗဟုသုတနှင့်ပတ်သက်၍ ဒေါက်တာမျိုးမြင့်အောင်က “မှန်မှန်ပြရမယ်ဆိုတာ မရှိသေးဘူး။ ကိုယ်ဝန်တော်တော်ကြီး ရင့်ပြီးမှပဲ ပြတယ်။ ကာကွယ်ဆေး မှန်မှန်ထိုးရမယ်ဆိုတာ မသိဘူး။ AN Care (ကိုယ်ဝန်အပ်ခြင်း) ကို ကောင်းကောင်း ယူရမယ်ဆိုတာ သိပ်ပြီးမသိကြသေးဘူး။ အခုတော့ ၅၀ ရာခိုင်နှုန်းလောက် ရှိလာပြီ။ အရင်တုန်းကတော့ ဒီတိုင်းနေကြတာပဲ။ မွေးခါမှမွေးရောပဲ” ဟု ရှင်းပြသည်။
ရွာဓလေ့အရ တခုခုဖြစ်လျှင် ဝိုင်းအုံကြည့်တတ်ကြသည့် အလျောက် ကလေးမီးဖွားလျှင်လည်း အမျိုးသမီးများ ဝိုင်းနေတတ်သည်။ ကြည့်ရင်းကြည့်ရင်းဖြင့် ဝါသနာပါသူများက ဟိုလိုလေး ဒီလိုလေးဖြင့် တတ်သွားကြသည်။ တကယ်တမ်း လက်တွေ့တွင် ရိုးရိုး သဘာဝအတိုင်းမွေးသည့် NSVD ဆိုလျှင် မွေးရလွယ်ကူသော်လည်း အန္တရာယ် ကိုယ်ဝန်များတွင် ဒုက္ခလှလှ တွေ့ရသည်။
“သင်ပေးရတယ်လို့ မရှိဘူး။ မြင်ဆရာအနေနဲ့ တတ်သွားကြတာလို့ ထင်တယ် ဟု ဆရာက သူ့အမြင်ကို ရှင်းပြသည်။
အရပ်လက်သည်ကို အားကိုးပြီး ကလေးမွေးသည့်ကိစ္စတွင် စဉ်းစားစရာ တချို့ရှိသည်။ ကလေးမွေးသည့်အခါ အဆင်မပြေ ဖြစ်ပါကလည်း အရပ်လက်သည်နှင့် လူနာအကြား ကတောက်ကဆ မဖြစ်သည်ဟူ၍ သိပ်မရှိချေ။ မွေးရ အဆင်ပြေနေသူ၊ ပြဿနာလည်း ထွေထွေထူးထူးမရှိဖူးသူ ဆိုလျှင် အရပ်လက်သည် ကိုသာ အားပေးသည်။ အစိုးရဘက်က အရန်သားဖွားများ ချထားပေးလျှင်လည်း တချို့ဆရာမများက ရေရှည် မနေနိုင်ကြ။ ဆိုတော့ လက်သည်နှင့် မွေးပြီးတော့သာ စခန်းသွားရပြန်သည်။
အရပ်လက်သည်များဖြင့် မွေးလျှင် အိမ်တွင်သာမွေးသည်။ ဆေးခန်း၊ သားဖွားခန်းဟူ၍ သတ်သတ်မှတ်မှတ် မရှိကြောင်း ဒေါက်တာမျိုးမြင့်အောင်က ရှင်းပြသည်။
“ရွာမှာဆိုတော့ များသောအားဖြင့်က တနေ့လုပ်မှ တနေ့စားရတော့ ဆေးရုံတက်မယ်၊ ဆေးခန်းမှာ သွားမွေးမယ်ဆိုရင် လိုက်စောင့်ပေးမယ့်သူ မရှိတာက များတယ်။ ဆိုတော့ အိမ်မှာပဲ မွေးလိုက်ချင်တာပေါ့။ အိမ်မှာမွေးတာ ပိုပြီး အားသန်တယ်။ ဆေးရုံဆိုရင် အကြာကြီး တက်ရမယ်ဆိုတာကို ကြောက်တယ်။ နောက်ပြီး ဆေးရုံကို ကြောက်ကြတာကလည်း အားလုံးကြောက်ကြတာ ချည်းပဲ။ ဆေးရုံရဲ့ နွေးထွေးမှုမရှိတာ၊ ကြင်နာမှု မရှိတာတွေကိုလည်း ကြောက်ကြတယ်။ နောက်ပိုင်းကျမှ ဆေးရုံတွေက နည်းနည်းပြင်လာသလား မသိဘူး ပေါ့နော်။ နောက်ပြီး သူစိမ်းတွေနဲ့ ဆက်ဆံရမှာ၊ ဆရာဝန်၊ ဆရာမကြီးတွေနဲ့ ပြောတတ်ဆိုတတ် ပါ့မလား၊ အဲဒါမျိုးတွေကို ကြောက်တော့ များသောအားဖြင့် အိမ်မှာပဲ မွေးလိုက်ချင်တာပဲ” ဟု သူက ဆိုသည်။
အရပ်လက်သည်များသည် များသောအားဖြင့် အသက် (၄၀) အထက် အမျိုးသမီးကြီး များသည်။ တချို့ဆိုလျှင် အသက် (၇၀) အရွယ်ပင် ရှိ၏။ ရွာအလိုက်ရှိကြပြီး တချို့ရွာများတွင် တရွာထဲ၌ (၂) ယောက်၊ (၃) ယောက်အထိ ရှိသည်။ လက်သည်အချင်းချင်းကြား အပြိုင်အဆိုင်လည်းမရှိ၊ ပြဿနာလည်း မရှိ၊ အေးအေးဆေးဆေး နေနိုင်ကြသည်။ လူနာများကလည်း စိတ်သန်ရာ အဆင်ပြေမည့်သူကိုသာ ခေါ်ကြသည်။
အရပ်လက်သည်များကို အဓိကအားကိုး ရွေးချယ်နေရသည့် အကြောင်းအရင်း များစွာရှိသည်။ တရွာထဲနေသူ အချင်းချင်း ရင်းနှီးမှုရှိနေခြင်း၊ ငွေကုန်ကြေးကျ သိပ်မရှိခြင်း၊ ဆက်ဆံရေး အဆင်ပြေခြင်း၊ (သူနာပြု) ဆရာမ၊ အရန်သားဖွား ဆရာမများဆိုလျှင် တချို့က ကြောက်တတ်ခြင်း အစရှိသည်တို့ ပါသည်။
ထို့အပြင် ငွေရေးကြေးရေး အပိုင်းတွင်လည်း အများစုသည် ကျန်းမာရေး ကုန်ကျစရိတ်ကို တချီတည်းဖြင့် တလုံးတဝတည်း မပေးနိုင်ကြပေ။
“တချို့တွေကျတော့ ချက်ချင်း မကန်တော့နိုင်ဘူး။ မွေးဖွားစရိတ် ဆိုလည်း တခါတလေ ပဲပေါ်မှတို့ ဘာတို့တောင် ရှိတယ်။ ဒီတော့ အရပ်လက်သည်ကို ပိုအားသန်တာပေါ့။ ငွေပိုငွေလျှံ မရှိကြသူက တော်တော် များတယ်လို့ ထင်တယ်” ဟု ဒေါက်တာမျိုးမြင့်အောင်က ရှင်းပြသည်။
အရပ်လက်သည်ဖြင့် ကလေးမွေးလျှင် ကုန်ကျစရိတ်သည် တရွာနှင့်တရွာ မတူတတ်သော်လည်း ပျမ်းမျှ ချလိုက်လျှင် ကိုယ်ဝန်ဆောင် တယောက်ကို (၃၀၀၀၀) ကျပ်လောက်တော့ ယူသည်။
ဒေါက်တာမျိုးမြင့်အောင်ကမူ အရပ်လက်သည်များကို အပြစ်တော့ မမြင်ဘူးဟု ဆိုသည်။
“ဘာလို့လဲဆိုတော့ ကိုယ်ပြောနေလို့လည်း ပြီးမယ်မထင်ဘူး။ ဒီတော့ သူတို့နဲ့ပဲ ပုဂ္ဂိုလ်ခင်မှ တရားမင်မယ် ဆိုတဲ့အတိုင်း သူတို့ကိုပဲ ခင်အောင်ပေါင်းတယ်။ ဒါမှ ကိုယ်ပြောတာဆိုတာကို သူတို့ နားလည်လက်ခံမှာ။ သူတို့ကို နွေးထွေးစွာ ကြိုဆိုပြီးလုပ်မှသာ၊ ပျူပျူငှာငှာ ရှိမှသာ သူတို့ပြဿနာတက်ရင် ကိုယ့်ဆီကို ရဲရဲဝံ့ဝံ့ ခေါ်လာရဲမယ်။ ဒီလိုမှမဟုတ်ဘဲ နင်ပဲငဆတွေ ဆူမယ်ပြောမယ်ဆိုရင်၊ ပစ်ထားရင် ပိုဆိုးသွားမယ်။ လိုက်မလာရဲဘူး၊ ဆရာဝန်ကို မပြောရဲမဆိုရဲဘူး။ တကယ်လို့ ဆရာနဲ့ခင်ရင် ဆရာရယ်၊ ဒီလိုမျိုးလေးဖြစ်လို့၊ သူတု့ိမနိုင်တော့လို့၊ ကျမတို့ ခေါ်လာပါတယ်ပေါ့။ အဲဒီလိုမျိုးတွေဆို ပိုကောင်းမှာပေါ့။ သူတို့ကိုလည်း ခင်အောင်မင်အောင် ပေါင်းပြီးမှ ကိုယ်လိုချင်တဲ့ဘက်ကို ဆွဲယူပြီး ပညာပေးရမယ်။ သူတို့ကို အန္တရာယ်ရှိ လက္ခဏာတွေ သင်ပေးပြီးတော့မှ တကယ်လို့ မနိုင်တော့ရင် လူနာကို စောစောစီးစီး လွှဲတတ်အောင် လုပ်ယူရမယ်” ဟု ဆရာက သူ၏ အမြင်ကိုချပြသည်။
ရွာများတွင် လက်သည်များ၏ အခန်းကဏ္ဍသည် မရှိမဖြစ်အနေအထားကို ရောက်နေသော်လည်း အရန်သားဖွားများ လုံလုံလောက်လောက် ရှိလာလျှင်တော့ လက်သည်များ၏ အခန်းကဏ္ဍလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ဟု သူက မှန်းဆသည်။ အရန်သားဖွား အများစုသည် တခြားရွာများတွင် အခြေချ မနေနိုင် ကြချေ။ မိမိတို့ရွာတွင် တာဝန်ပြန်ကျရန် ကြိုးစားကြပြီး ရွာခံမရမှသာ တာဝန်ကျသည့်ရွာတွင် မနေနိုင်လျှင် အိမ်ပြန် တတ်ကြသည်။ နိုင်ငံတော် စီမံကိန်း ဖြစ်သည့် တရွာတယောက် အရန်သားဖွားဆရာမ ရှိရန် လုပ်ဆောင်ချက် အောင်မြင်မှသာ မြန်မာနိုင်ငံတွင် မိခင်နှင့်ကလေး သေဆုံးမှုနှုန်း လျော့ကျအောင် ထိထိမိမိ ဆောင်ရွက်နိုင်လိမ့်မည်ဟု သုံးသပ်လိုက်ရ ပါသည်။
(ချစ်ဆွေ (ဆေး ၁)သည် မြန်မာဆရာဝန်တဦးဖြစ်ပြီး Population Services International, Myanmar တွင် Digital Media Officer အဖြစ် အလုပ်လုပ်ကိုင်လျှက် ရှိသည်။)