ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးက ချမှတ်ခဲ့သည့် ကျား၊ မတန်းတူရေးဆိုင်ရာအခြေခံမူ ၄ ချက်သည် ကျား၊ မတန်းတူရေးများကို ဖော်ဆောင်နိုင်ရေးအတွက် လုံလောက်သော ထိရောက်မှု မရှိဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB မှ သုံးသပ်လိုက်သည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ကျား၊မတန်းတူရေးဆိုင်ရာ အခြေခံမှုများ သုံးသပ်ချက်စာတမ်း တင်ပြမိတ်ဆက်ပွဲကို အောက်တိုဘာ ၁၉ရက်နေ့၊ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ
“ ကျား၊ မတန်းတူရေးအခြေခံမူကို ချမှတ်ရာမှာ ကျယ်ပြန့်ကာ အကျိုးရလဒ်အပေါ် အခြေခံတဲ့ တန်းတူညီမျှရေး ပုံစံဖြစ်ဖို့ လိုအပ်ပြီး အမျိုးသမီးများအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်စေသည့် အမြစ်တွယ်နေတဲ့ မညီမျှတွေကို ဒီအခြေခံမူတွေက ဖြေရှင်းပေးနိုင်ရမယ်။ ခွဲခြားဆက်ဆံမှုမရှိရ အခြေခံမူက လိုအပ်ပေမယ့် ကျား၊ မတန်းတူ ညီမျှရေးကို ဖော်ဆောင်နိုင်ရန် လုံလောက်မှုမရှိပါဘူး”ဟု အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးလွေးပိုးငယ်က သုံးသပ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနစ် ဇူလိုင်လတွင် ကျင်းပခဲ့ပြီး ကျား၊ မတန်းတူရေးဆိုင်ရာ အခြေခံမူ ၄ ချက်ကို ချမှတ်ကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ခဲ့ကြောင်း သိရသည်။
၎င်းအခြေခံမူများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ဖယ်ဒရယ်အရေးနှင့် ကျား၊ မတန်းတူရေးကို ဖော်ဆောင် နိုင်ရေးအတွက် လုံလောက်ထိရောက်မှုမရှိဟု (WLB)က ထုတ်ပြန်သည့်စာတမ်းက သုံးသပ် ဆွေးနွေး ထားသည်။
“ ဥပမာ ကျား၊ မ တန်းတူရေး အခန်း ကဏ္ဍက ကြည့်မယ်ဆိုလို့ရှိရင် ကျားမတန်းတူရေးလို့ ပြောထား ပေမယ့် တကယ်စီမံတဲ့အခါမှာ အမျိုးသမီးတွေက တိုင်းရင်းသားဒေသမှာရှိနေတဲ့ အမျိုးသမီးတွေအတွက် လုပ်ပေးတဲ့ ယန္တရားနဲ့ ရန်ကုန်မှာရှိနေတဲ့ အမျိုးသမီးတွေအတွက် လုပ်ပေးတဲ့ ယန္တရားက ဘယ်လိုမှ တူညီ နိုင်မှာ မဟုတ်ဘူး။ အဲလိုမျိုးတွေ သိစေဖို့အတွက် ဘာကြောင့် ကျမတို့က ကိုတာစနစ်ကို တောင်းနေသလဲ။ ကိုတာစနစ်ဆိုတာ ဘာလဲဆိုတဲ့ အရာမျိုးတွေကို ပိုပြီးတော့မှ သိသာထင်ရှားအောင်လို့ ရည်ရွယ်ပြီး လုပ်တာ ဖြစ်တယ်။”ဟု ၎င်းက စာတမ်းအကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုသည်။
ကျား၊ မတန်းတူရေးအတွက် အပြုသဘောဆောင်သည့် လှုပ်ရှားဆောင်ရွက်မှု သို့မဟုတ် ယာယီအထူး ဆောင်ရွက်ချက်တို့ ဖန်တီးပေးရန် လိုအပ်နေကြောင်း၊ အပြုသဘောဆောင်သည့် လုပ်ဆောင်မှုသည့် လက်ရှိ ငြိမ်းချမ်း ရေးလုပ်ငန်းနှင့် အစိုးရအဖွဲ့တို့တွင် အမျိုးသမီး ပိုမိုပါဝင်လာရေးအတွက် အာမခံသည့် ကိုတာစနစ် ဖြစ်ကြောင်း၊ ထောက်ခံအားပေးရုံသက်သက်ဖြင့် မလုံလောက်ပါ ။ အာမခံချက်ရှိရမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက် ကျား၊ မတန်းတူရေး မရှိမဖြစ် လိုအပ်ပြီး ကျား၊ မတန်းတူမှု မရှိလျှင် ဒီမိုကရေစီစနစ်လည်း မရှိနိုင်ပါ။ ကျား၊ မတန်းတူရေးသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၏ ပန်းတိုင်တခုအဖြစ် အရေးပါနေကြောင်းကို သိရှိရန်အတွက် စေ့စပ်ဆွေးနွေးသူများအနေဖြင့် ကျား၊ မတန်းတူရေးကို ပိုမိုလေ့လာရန် လိုအပ်နေသည်ဟု (WLB)က တိုက်တွန်းထားသည်။