မတ်လလယ် ညတည ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နောက်ဖေးလမ်းကြားတခုတွင် ကလေးငိုသံ အဆက်မပြတ် ပေါ်ထွက်လာသည်။ အသံထွက်လာသည့်နေရာသို့ သွားရောက် စစ်ဆေးရာ ချက်ကြိုးတန်းလန်းနှင့် ကလေးကို အမည်းရောင် ကြွပ်ကြွပ်အိတ်ထဲတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ဒေါ်သီတာဟန်က ပြောပြသည်။
“ကလေးက ကံကောင်းလွန်းလို့ အသံရှူလမ်းကြောင်း ပိတ်ပြီး မသေတာ” ဟု ကန်တော်လေးတောင်ပိုင်း ရပ်ကွက်မှ ရာအိမ်မှူးတဦးဖြစ်သူ ဒေါ်သီတာဟန်က ပြောသည်။
၄ ပေါင် ၁၂ အောင်စ ရှိသော ထိုကလေး ဗဟိုအမျိုးသမီးဆေးရုံသို့ အချိန်မီရောက်သွားရာ စနစ်တကျ ကုသမှုပေးနိုင်ခဲ့သည်။
မတ်လ နောက်ဆုံးပတ်ကလည်း ထိုမြို့နယ်အတွင်း ဖြစ်ပွားသည့် အလားတူအမှုတခုမှ ကလေးမှာမူ တွေ့ရှိချိန်မှာပင် သေဆုံးနေကြောင်း ရဲမှတ်တမ်းများက ဆိုသည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ရဲတပ်ဖွဲ့မှတ်တမ်းဝင် ကလေးစွန့်ပစ်မှုအရေအတွက်မှာ တနှစ်ထက် တနှစ် ပိုမို များပြားလာသည်။ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရဲစခန်းရောက်သည့်အမှုပေါင်း၂ဝ၁၁ တွင် ၆ မှု၊ ၂ဝ၁၂ တွင် ၄ မှု၊ ၂ဝ၁၃ တွင် ၉ မှု၊ ၂ဝ၁၄ တွင် ၁၂ မှု ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် အမှု ၂ဝ ရှိခဲ့သည်။
“ပြဿနာ တစုံတရာဖြစ်မှသာ အမှုတွေက ရဲစခန်းကို ရောက်လာကြတာပါ။ စခန်း မရောက်တဲ့အမှုတွေ အများကြီး ရှိနိုင်ပါသေးတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောသည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း ကလေးစွန့်ပစ်မှုအများဆုံး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ရှမ်းတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် တွေ့ရသည်။
တဦးတည်းရုန်းကန်ရသော မိခင်များ
မွေးကင်းစ ကလေးစွန့်ပစ်မှုသည် ဆင်းရဲချို့တဲ့ခြင်း၊ ကလေးဖခင်ဖြစ်သူက တာဝန်မယူခြင်းတို့ကြောင့် ကလေးကို တယောက်တည်း ကျွေးမွေးပြုစုရန် ခက်ခဲလာသည့် မိခင်များ၊ ကိုယ်ဝန်ဆောင်ရန် အသင့်မဖြစ်သေးသည့် အမျိုးသမီးများနှင့် ဆက်နွယ်မည်ဟု ယူဆကြောင်း ရန်ကုန်အခြေစိုက် အမျိုးသမီးအရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အခရာမှ ဒါရိုက်တာ မထားက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ကလေးကို တယောက်တည်း အုပ်ထိန်းနေသည့် မိခင်များ၊ လက်မထပ်ဘဲ ကလေးရနေသည့် အမျိုးသမီးများကို ကူညီသည့် အဖွဲ့အစည်း မရှိသလောက် နည်းပါးသည်ဟု သူက ဆိုသည်။
“လင်ကောင်မပေါ်ဘဲ ကလေးရတာမျိုးဆိုပြီး ပတ်ဝန်းကျင်က ကဲ့ရဲ့ အပြစ်တင်ကြတယ်” ဟု မထားက ပြောသည်။
“ဒီလိုကိစ္စတွေက ဖြစ်ပျက်နေကျဆိုတော့ အရေးမကြီးလို့ဒီလိုအဖွဲ့အစည်းတွေ နည်းနေတာဖြစ်မယ်။ အခုနောက်ပိုင်း လူ့အခွင့်အရေးတွေကို နားလည်လာတာနဲ့အမျှ ဒီလိုလူမျိုးတွေကို ကူညီတဲ့အဖွဲ့အစည်းတွေ တဖြည်းဖြည်း ပေါ်ပေါက်လာမယ်လို့ထင်ပါတယ်”
ကိုယ်ဝန်ဖျက်ချမှုကို ဟန့်တားသည့် ဥပဒေကြောင့် အမျိုးသမီးတချို့မှာ ဆန္ဒမရှိဘဲ ကိုယ်ဝန် ဆောင်လိုက်ရကြောင်း၊ ဥပဒေပြုသူတို့အနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာဥပဒေ၏ သက်ရောက်မှုများကို ပြန်လည် လေ့လာသင့်ကြောင်း မထားက ပြောသည်။
တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်း
ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေပြဋ္ဌာန်း တားမြစ်ထားသည့် မြန်မာပြည်တွင် ကိုယ်ဝန်ဖျက်ချလိုသူကို ဝန်ဆောင်မှုပေးသော ဆေးရုံ၊ ဆေးခန်းများ မရှိပေ။ ကိုယ်ဝန်ဖျက်ချလိုသူ တချို့သည် အရပ်လက်သည်များ၊ ဒေါက်တာရမ်းကုများနှင့် ဆက်သွယ်ပြီး လျှို့ဝှက် ဆောင်ရွက်တတ်ကြသည်။
ကလေးစွန့်ပစ်မှုသည်လည်း ရာဇဝတ်မှုဖြစ်သည်။ မွေးကင်းစကလေးစွန့်ပစ်မှုသည် မလိုလားသည့်ကိုယ်ဝန်ဆောင်မှုနှင့် ဆက်စပ်နေကြောင်း၊ ငွေကြေးတတ်နိုင်သူတချို့က ငွေအကုန်အကျခံပြီး တရားမဝင် ကိုယ်ဝန်ဖျက်ချမှုများ ရှိနေသောကြောင့် ကိုယ်ဝန်ဖျက်ချမှုကို ဥပဒေ အရ ခွင့်ပြုသင့်ကြောင်း ရန်ကုန်၊ လသာမြို့နယ်မှ ကလေးလေးယောက်မိခင် တဦးဖြစ်သူ ဒေါ်ငြိမ်းက ပြောသည်။
“တရားမဝင် ရှိနေမယ့်အတူတူ တရားဝင် စနစ်တကျ လုပ်လိုက်တာ အကောင်းဆုံးပါပဲ” ဟု မုဆိုးမ ဒေါ်ငြိမ်းက ပြောသည်။
ပေါင်းသင်းနေထိုင် ကိုယ်ဝန်ရပြီး တာဝန်မယူသော အမျိုးသားကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုသင့်ကြောင်း ရန်ကုန်၊ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ မည်မဖော်လိုသည့် တာဝန်ရှိသူရဲ အရာရှိတဦးက တိုက်တွန်းလိုက်သည်။
“ရှက်လို့ တရားရင်မဆိုင်ဘဲ မနေကြပါနဲ့၊ တကယ်ရှက်ရမှာက ကိုယ့်ကို လိမ်လည်ခဲ့တဲ့သူပါ” ဟု သူက ပြောသည်။
တကိုယ်ရေမိခင်များကို အထောက်အကူပေးရေး၊ စွန့်ပစ်ခံ ကလေးများအရေး ဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၏ လုပ်ငန်းများ၊ ပညာပေးအစီအစဉ်များအတွက် အစိုးရက ဘတ်ဂျက်တိုးချပေးသင့်သည်ဟု ရန်ကုန်မှ ထင်ရှားသည့် ရှေ့နေ တစ်ဦးဖြစ်သည့် ဦးကြီးမြင့်က Myanmar Now ကို ပြောသည်။
ကလေးစွန့်ပစ်ခြင်း
နိုင်ငံတကာတွင်လည်း မွေးကင်းစ ကလေး စွန့်ပစ်မှုများ ရှိနေပြီး ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်မထားသည့် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်ဆယ်ကျော်သက်များ၊ ထိမ်းမြားခြင်းမရှိသေးသည့် စုံတွဲများမှာ ကလေးစွန့်ပစ်မှုနှင့် ဆက်နွယ်နေတတ်သည်။
မလေးရှားတွင် ၂ဝဝ၅ မှ ၂ဝ၁၁ အတွင်း ကလေးစွန့်ပစ်မှု ငါးရာကျော် ဖြစ်ပွားခဲ့ကြောင်း၊ ထိုအမှုအများအပြားမှာ လက်ထပ်ထိမ်းမြားခြင်းမပြုရသေးသည့် စုံတွဲများနှင့် ဆက်စပ်နေကြောင်း သိရသည်။
အနောက်နိုင်ငံတချို့တွင် အာဏာပိုင်တို့က ကလေးစွန့်ပစ်နိုင်သည့် နေရာများ စီစဉ်သတ်မှတ်ပေးထားသည်။ ထိုနေရာများသို့ ရောက်ရှိသွားသော ကလေးတို့အတွက် ကျန်းမာရေး၊ ပြုစုပျိုးထောင်ရေး၊ မွေးစားလိုသူတို့နှင့် ချိတ်ဆက်ပေးရေးဆိုင်ရာ နောက်ဆက်တွဲလုပ်ငန်းစဉ်များ ရှိသည်။ သို့သော်လည်း ထိုအစီအစဉ်များနှင့် ပတ်သက်ပြီး အငြင်းပွားနေကြကြောင်း တွေ့ရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကလေးဖျက်ချခြင်း၊ ကလေးစွန့်ပစ်ခြင်း ပြဿနာတို့ လျော့နည်းသွားစေရန် လိင်ပညာပေးနှင့် မိသားစုစီမံကိန်းတို့က အထောက်အကူဖြစ်မည်ဟု ယူဆသူဖြစ်သည်။
“လူငယ်တော်တော်များများ လိင်နဲ့ပတ်သက်ပြီး ဗဟုသုတမရှိကြဘူး။ ဘယ်လိုကာကွယ်ကြမလဲဆိုတာကို စနစ်တကျမရှိတဲ့အခါကျတော့ ဖျက်ချတာတွေ၊ ကလေးစွန့်ပစ်တာတွေ ဖြစ်လာတာပေါ့” ဟု ဒေါ်ဖြူဖြူသင်းက Myanmar Now ကို ပြောသည်။
“သင်ကြားပေးထားနိုင်မယ်ဆို ဘယ်လိုက ကလေးရနိုင်တယ်၊ ဘယ်လိုက ကလေးမရနိုင်ဘူး ဘယ်လိုဆေးဝါးရှိတယ်၊ ဘယ်လိုကာကွယ်လို့ရတယ်ဆိုတာတွေ သိထားတယ်ဆိုရင် ဒီကိစ္စတွေ နည်းသွားလိမ့်မယ်လို့ထင်တယ်”
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၊ ကလေးနှင့်လူငယ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ကလေးစွန့်ပစ်ခြင်းသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် အဓိက သက်ဆိုင်ခြင်းမရှိဟု သုံးသပ်သည်။
“ဆင်းရဲတဲ့ မိဘတိုင်းလည်း စွန့်ပစ်မှာ မဟုတ်သလို စွန့်ပစ်တဲ့ မိဘတိုင်းလည်း မဆင်းရဲပါဘူး” ဟု ဦးအောင်ကျော်မိုးက ပြောသည်။
ကလေးပြုစုရေးဌာန ၅ ခုကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ကျိုင်းတုံမြို့များတွင် ဖွင့်ထားကြောင်း ထိုဌာန၏ အင်တာနက် စာမျက်နှာ (http://www.dsw.gov.mm/mm) တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ရွှေဂုံတိုင်ကလေးပြုစုရေးစောင့်ရှောက်မှုဌာနသို့ ပြီးခဲ့သည့် ၅ နှစ်အတွင်း ရောက်လာသည့် ကလေး အရေအတွက်မှာ ၁၂၈ ဦး ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုဒါရီက ပြောသည်။
ကလေးများကို ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့က ပေးပို့လာခြင်းဖြစ်ကြောင်း၊ ၄၅ ဦးကို မွေးစားသည့်မိဘများ ပေါ်ပေါက်လာပြီဖြစ်ကြောင်း သူက ရှင်းပြသည်။
ကျောင်းတွင် ရှိနေသောကလေးငယ်များကို ဂရုတစိုက်စောင့်ရှောက်နိုင်သည့် မိဘအုပ်ထိန်းသူတို့ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်း ဒေါ်ခင်ယုဒါရီက ပြောသည်။