လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဟု ထိုဒေသကို ရောက်ရှိ နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောဆိုလိုက်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြိုနေသည့် ထောင်သောင်းချီသော ဒေသခံ လူထုပရိတ်သတ်အား မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခုဒီဒေသမှာဖြစ်နေတဲ့ ကြေးနီစီမံကိန်းပြဿနာကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်၊ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်မှ ကျမတို့ပြည်သူတွေလည်း သက်သာမယ်၊ နိုင်ငံလည်း သိက္ခာရှိတယ်၊ ကျမတို့အနာဂတ်အတွက်လည်း ကောင်းတဲ့ ခြေလှမ်းဖြစ်တယ်၊ အဲဒါကို ကျမ ကြိုးစားမယ်၊ ကြိုးစားပေမယ့်လည်း ကျမ အောင်မြင်မယ် မအောင်မြင်မယ်ဆိုတာ ကိုတော့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး၊ ဒါပေမယ့် ပြည်သူကသာ ကျမနဲ့ လက်တွဲပြီးတော့ လုပ်မယ်ဆိုရင်တော့ အောင်မြင် နိုင်မယ်လို့ ကျမ ယုံပါတယ်” ဟု လူထုပရိတ်သတ်ကို ပြောဆိုသည်။
စီမံကိန်းရပ်တံ့ရေး တောင်းဆိုခဲ့ကြသော ရဟန်းသံဃာများနှင့် ဒေသခံလူထုကို ယနေ့မနက် ၃ နာရီခန့်က အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထည့်သွင်း ပြောဆိုသွားခြင်းမရှိပေ။
မိန့်ခွန်းမပြောဆိုမီ ကြေးနီစီမံကိန်းကို အဓိကလုပ်ဆောင်နေသည့် ဝမ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တစ်နာရီကျော်အကြာ တွေ့ဆုံဆွေးနွေးခဲ့သကဲ့သို့ သပိတ် စခန်း ဖြိုခွင်းခံရမှုမှ မျက်မြင်အချို့ကို ခေါ်ယူတွေ့ဆုံ မှုများလည်း ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညတွင် မုံရွာမြို့တွင် နားခိုမည်ဖြစ်ပြီး မနက်ဖြန်တွင် မြို့ခံတာဝန်ရှိသူများ၊ သပိတ်စခန်း အကြမ်းဖက်ခံရမှုတွင်ပါဝင်သူများ၊ ဒေသခံများနှင့် တွေ့ဆုံရန်ရှိကြောင်းနှင့် မနက်ပိုင်းတွင် မုံရွာမြို့ မြစ်ဆိပ်အောက်ဘက်တွင် မိန့်ခွန်းထပ်မံပြောကြားမည်ဖြစ်ကြောင်းလည်းသိရသည်။
မြန်မာ စစ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။
ယင်းသို့ ဖြိုခွင်းမှုကြောင့် ရဟန်းသံဃာ ၉၇ ပါးနှင့် လူပုဂ္ဂိုလ် ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သံဃာတော် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အတွင်းလူနာအဖြစ် မုံရွာဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးတို့တွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျန်ဒဏ်ရာရရှိသူများမှာ စိုးရိမ်စရာမရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ထို့အတူ သံဃာတော် ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ကိုလည်း ရိုက်နက်ဖမ်းဆီးထားပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း ဒေသခံ သပိတ် အဖွဲ့ ခေါင်းဆောင်များက ပြောသည်။
ယင်းဖြိုခွဲမှုနှင့်ပတ်သက်၍ အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာ အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အားအလွန်အကျွန် သုံးစွဲခြင်းမရှိကြောင်း လူအုပ်စုခွဲခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ယင်းသို့ထုတ်ပြန်ချက်၌ “ထိုသို့ ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက် ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု သမ္မတရုံး အင်တာနက်စာမျက်နှာ၌ ဖော်ပြသကဲ့သို့ အစိုးရရုပ်သံ သတင်းများကလည်းကြေညာခဲ့သည်။
သို့သော်လည်း အင်အားသုံး နှိမ်နင်းမှုနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များက အစိုးရကို ဝေဘန်ပြောဆိုနေကြသည်။