ဆောင်းပါး

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ - ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

This article has been converted from Zawgyi One to Unicode

ဗိုလ်မှူးချုပ် တင်ဦး ဖယ်ရှားခံရပြီးတဲ့နောက် ဗိုလ်မှူးကြီး အောင်ကိုး ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာ တယ်။ ဒါပေမယ့် မကြာမီမှာပဲ အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုကြောင့် ရာထူးက ပြုတ်ပြန်တယ်။ “သူဘယ်မှာလဲ” လို့ ဦးနေဝင်းက မေးတဲ့အခါမှာ ဂေါက်သွားရိုက်နေတယ်လို့ ပြောကြတဲ့အတွက် ဦးနေဝင်းက “ဂေါက် မရိုက်တတ်၊ အရက်မသောက်တတ်တဲ့သူတယောက် ရမလား” လို့ ချက်ချင်းပြန်မေးတယ်။

အမှတ် (၁) စက်မှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေက သူ့ရဲ့ ကိုယ်ရေးအရာရှိလုပ်ဖူးတဲ့ ဗိုလ်မှူးကြီး ခင်ညွန့်ကို အဆိုပြုတယ်။ ငယ်ရွယ်ပြီး ခင်မင်နှစ်လိုဖွယ်ရာ အသွင်အပြင်ရှိတဲ့၊ ရည်ရွယ်ချက် ကြီးမားတဲ့ ဗိုလ်မှူးကြီး ခင်ညွန့်ဟာ ၁၉၇၀ နှစ်တွေအတွင်းက စစ်ရုံးမှာ တာဝန်ထမ်းဆောင်ဖူးပြီး လက်ရှိအချိန်မှာတော့ အမှတ်(၄၄) ခြေမြန်တပ်မနဲ့ အတူ ကရင်ပြည်နယ်မှာ တာဝန်ကျနေတယ်။ စစ်ထဲကို မဝင်ခင်က ရန်ကုန် တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီးတော့ နောက်ပိုင်း စင်ကာပူခေါင်းဆောင် လီကွမ်ယုက သူ့ကို စစ်ခေါင်း ဆောင်တွေကြား “အထက်မြက်ဆုံး” လို့ သတ်မှတ်ပြောဆိုခဲ့တယ်။

အသက် ၇၀ ကျော်ပြီဖြစ်တဲ့ ဦးနေဝင်းက သူ့ကို အရင်က မသိဘူး။ ဒါပေမယ့် မကြာမီမှာပဲ ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့၊ သစ္စာရှိတဲ့ ဗိုလ်မှူးကြီး ခင်ညွန့်ကို ယုံကြည်လာတယ်။ သူက ဦးနေဝင်းရဲ့ တံခါးမှူး ဖြစ်လာပြီး ၁၉၈၄ ခုနှစ် အစောပိုင်းကစလို့ အာဏာရှင်ကြီးရဲ့ နိုင်ငံခြားခရီး စဉ်တွေမှာ အတူလိုက်ပါရတယ်။ ၁၉၈၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ကရွမ်းဝဲလ်ဆေးရုံမှာ ဦးနေဝင်း ဆေးသွားကုတဲ့အချိန် (အင်္ဂလန် နိုင်ငံရဲ့ မြို့တော်ကို သွားရောက်ခဲ့တဲ့ နောက်ဆုံးခရီး) မှာ ဗိုလ်မှူးကြီး ခင်ညွန့်က ကုတ်အကျႌထဲမှာ ပစ္စတို တလက်ကို ဝှက်ထည့်ပြီး ဆေးရုံမှာ တညလုံး စောင့်ပေးခဲ့တယ်။

ဦးနေဝင်းက လန်ဒန်မှာ အလက်ဇန္ဒရား မင်းသမီးနဲ့ သွားတွေ့တဲ့အချိန်က မာစီဒီးကားကြီး ပေါ်မှာ ဦးနေဝင်းနဲ့ သမီးဖြစ်သူတို့ရဲ့ တဖက်ထိုင်ခုံမှာ ကျိုးကျိုးနွံနွံ လိုက်ပါလာတဲ့ ဗိုလ်မှူးကြီး ခင်ညွန့်ကို မြင်ကြရတယ်။ ဦးနေဝင်း နဲ့သာမက အခြားသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထိပ်တန်းခေါင်း ဆောင်တွေရဲ့ အနောက်နိုင်ငံခရီးစဉ် တွေကို လိုက်ပါခွင့်ရခဲ့တာ ဗိုလ်မှူးကြီး ခင်ညွန့်အတွက် အရေးကြီးတဲ့ ပြင်ပကမ္ဘာအကြောင်းကိုသာမက စစ်အစိုးရ အတွင်းစည်းရဲ့ အတွေးအခေါ် အယူအဆတွေကိုပါ သင်ကြားလေ့လာခွင့် ရစေခဲ့တယ်။

ဗိုလ်မှူးချုပ်တင်ဦး လျှောကျသွားပြီး ဗိုလ်မှူးကြီး ခင်ညွန့် ရာထူးရလာချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ရဲ့ ရာထူးအဆင့်ဆင့်ကို ဖြည်းဖြည်းမှန်မှန်နဲ့ လူမသိသူမသိ တက်လာတယ်။ အမှတ် (၈၈)ခြေမြန်တပ်မ နဲ့အတူ ရှမ်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေရင်း ဒုတိယ ဗိုလ်မှူးကြီး ဖြစ် လာတယ်။ ၁၉၇၅ ခုနှစ်မှာ စစ်ရုံး ကို ပြန်ရောက်တယ်။ ဒီတခါတော့ ဂျီဝမ်း လို့ခေါ်တဲ့ စစ်ဦးစီးမှူး (ပထမတန်း) ရာထူးနဲ့ပါ။

အရာရှိတွေကတော့ ဒုဗိုလ်မှူးကြီး သန်းရွှေကို သိပ်သတိမထားမိကြဘူးလို့ ပြောပါတယ်။ သတိထားမိ သလောက်ကတော့ သူဟာ အလုပ်ထဲကို ကွမ်းယာယူလာတုန်းပဲဖြစ်ပြီး ဗုဒ္ဓဘာသာအကြောင်း ပြောတတ်တဲ့ အရာရှိအနည်းငယ်ထဲက တယောက် ဖြစ်တယ်၊ သူတို့တွေ အလုပ်ပြီးလို့ အရက်ဝိုင်းဖွဲ့ကြတဲ့ အခါမျိုးမှာလည်း မပါဘဲ အိမ်ကမိန်းမနဲ့ ကလေးတွေဆီကိုပဲ ပြန်ချင်တဲ့သူလို့လည်း ဆိုတယ်။

သူတို့လက်ထပ်ပြီးတဲ့အချိန်ကစလို့ ဒေါ်ကြိုင်ကြိုင်က ဗိုလ်မှူးသန်းရွှေရဲ့အိမ်ကို အုပ်ထိန်းသူဖြစ်တယ်။ အောက်ခြေသိမ်း စီမံခန့်ခွဲတဲ့နေရာမှာ အိမ်မှုကိစ္စ တွေသာမက သူ့ယောက်ျားရဲ့ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်ကို အနီးကပ် စောင့်ကြည့် ရေးလည်း ပါတယ်။ ဒီအတွက် ဒေါ်ကြိုင်ကြိုင်ဟာ လက္ခဏာဆရာ တွေ၊ ဗေဒင်ဆရာတွေ၊ ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံပြီး ယောက်ျားဖြစ်သူရဲ့ အနာဂတ်ကို ဟောကိန်းထုတ် ပေးဖို့နဲ့ အလားအလာကောင်းတွေ ရနိုင်ဖို့ အကြံဉာဏ်တွေတောင်းတယ်။ ဒီလိုလုပ်တာ မျိုးက စစ်တပ်အရာရှိ တွေရဲ့ ဇနီးတွေ ပြုလုပ်နေကျ အလေ့အထပါ။

၁၉၈၀ ခုနှစ်ဝန်းကျင်လောက်မှာ ဒေါ်ကြိုင်ကြိုင် က တခြားအရာရှိ ကတော်တွေနဲ့တူတူ နာမည်ကျော် ဗေဒင်ဆရာ ဦဉာဏ်ဇော်ဆီကို ဗေဒင်မေးဖို့ရောက်တဲ့အခါ သူ့ရဲ့ခင်ပွန်းဟာ တနေ့ကျရင် မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ်လို့ ဗေဒင်ဆရာက ဟောလိုက်တယ်။ ပထမပိုင်းတော့ ဒေါ်ကြိုင်ကြိုင် ဒီဟောကိန်းကို မယုံဘူး။ သူများတွေသိသွားရင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမှာကိုလည်းစိုးရိမ်တယ်။ ဒါကြောင့် ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြောမပြဘူး။

ဒါပေမယ့် နောက်ပိုင်းကျ ဦးဉာဏ်ဇော်ဆီကို ဒေါ်ကြိုင်ကြိုင် တယောက်တည်း ပြန်လာတယ်။ ဗိုလ်မှူးကြီး သန်းရွှေရဲ့ ဇာတာကို နောက်တကြိမ် ထပ်စစ်ဆေးပြီး နောက်မှာတော့ “သူ နံပါတ်တစ် ဖြစ်လာလိမ့်မယ်” လို့ ဗေဒင်ဆရာက ထပ်ပြောတယ်။ ဒေါ်ကြိုင်ကြိုင်ကိုလည်း ခင်ပွန်းသည်ရဲ့လမ်းကြောင်း ဖြောင့်ဖြူးဖို့အတွက် ဘယ်လို ကူညီရမယ်ဆိုတာ အကြံပြုတယ်။

ဒေါ်ကြိုင်ကြိုင်ဟာ ဗိုလ်မှူးကြီးသန်းရွှေနဲ့ နီးစပ်သူတွေထဲမှာ သူက တနေ့မှာ မြန်မာနိုင်ငံကို အုပ်ချုပ်လိမ့်မယ်လို့ ယုံကြည်တဲ့ ပထမဆုံးလူမဟုတ် ပါဘူး။ အစ်မဖြစ်တဲ့ဒေါ်ကြီးခင်ကလည်း မောင်သန်းရွှေ မွေးစအချိန်ကတည်း က ကိုယ်ပေါ်မှာ မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာအရ တနေ့မှာ ဘုရင်ဖြစ်လာမယ်လို့ ယုံကြည်ကြတဲ့ မှဲ့စလွယ် ပါတယ်လို့ ပြောတယ်။ ကျောက်ဆည်က သူတို့ဆွေမျိုးတွေကိုလည်း သူ့ရဲ့ မောင်ဟာ တနေ့ကျရင် မြန်မာ နိုင်ငံရဲ့ဘုရင်ဖြစ်လာမယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်ကြီးခင်ကပြောတယ်။

ဗိုလ်မှူးကြီးသန်းရွှေဟာ အာဏာရှင် ဦးနေဝင်းရဲ့နေရာကို အစားထိုးဝင်မယ်ဆိုတာက အလှမ်းဝေးနေသေးပြီး ရယ်စရာကောင်းပေမယ့် ဒေါ်ကြိုင်ကြိုင် က ဗေဒင်ဆရာ ဦးဉာဏ်ဇော်နဲ့ သွားရောက်တွေ့ဆုံ ခဲ့ပြီးနောက်မှာ အနည်းဆုံးတော့ မြန်မာစစ်အစိုးရရဲ့ ထိပ်ပိုင်းနေရာကို ဝင်ရောက်နိုင်ရေး လမ်းကြောင်းကို ဦးတည်နိုင်ခဲ့တယ်။ ၁၉၈၀ ခုနှစ်မှာ အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗိုလ်မှူးကြီး သန်းရွှေဟာ အမှတ် (၈၈) ခြေမြန်တပ်မရဲ့ တပ်မမှူးဖြစ်လာတယ်။

ဦးနေဝင်းရဲ့ အမွေဆက်ခံသူ ဖြစ်လာမယ်လို့ ထင်ထားကြတဲ့ ဗိုလ်မှူးချုပ် တင်ဦး ရာထူးက ဖယ်ရှားခံလိုက်ရ တဲ့ ၁၉၈၃ ခုနှစ်မှာတော့ ဗိုလ်မှူးကြီး သန်းရွှေဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို အခြေစိုက်တဲ့ အနောက် တောင်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာတယ်။ တိုင်းမှူးရာထူးဆိုတာ စစ်အရာရှိတွေ စစ်ရုံးချုပ်က ထိပ်တန်း ရာထူးတွေမှာ တိုးမြှင့်ခန့်အပ်ခြင်းမခံရခင် တာဝန်ယူရတဲ့နေရာ မျိုးဖြစ်ပါတယ်။

ဒါပေမယ့် အပြင်ပန်းအသွင်ကို ကြည့်မယ်ဆိုရင်တော့ တနေ့မှာ မြန်မာနိုင်ငံရဲ့ ဘုရင်ဖြစ်လာမယ့်သူဟာ အလယ်အလတ်တန်းစား ဗျူရိုကရက် တယောက်ဖြစ်လာဖို့ပဲ ဦးတည်နေသယောင် ထင်ရတယ်။ ဧရာဝတီ တိုင်းမှာ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ဖူးသူတွေရဲ့ ပြန်ပြောချက်အရဆိုရင် သူကလမ်းဖောက်တာ၊ တံတား ဆောက်တာကို တော်တော်လေး စိတ်ဝင်စားပြီးတော့ လူထုအခမ်းအနားတွေမှာ စကားပြောတဲ့အခါမှာလည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အောင်မြင်မှုတွေအကြောင်းကို ရှည်ရှည်လျားလျား ချီးမွမ်းပြောဆိုတတ် တယ်။

နောက်ပြီး အဲဒီအချိန်တုန်းက ဗိုလ်မှူးချုပ် သန်းရွှေဟာ အနာဂတ်ကာလမှာ ဖြစ်လာမယ့်ပုံစံအတိုင်း ပြင်ပ လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး ယုံမှားသံသယကြီးတတ်တဲ့ လူတယောက်လည်း မဟုတ်သေးဘူး။ သူ့အိမ်တံခါးကို လူတိုင်းအတွက် ဖွင့်ပေးထားပြီး ရောက်လာတဲ့ဧည့်သည်တွေဟာ သူ့ကို ခုံတန်းရှည်ပေါ်မှာ မိသားစုနဲ့ အတူထိုင်နေတာ၊ တိုင်းမ်မဂ္ဂဇင်းကို လှန်လှောဖတ်နေတာ ဒါမှမဟုတ် ရန်ကုန်က ရောက်လာတဲ့ အမိန့်စာတွေကို ဖတ်နေတာ တွေ့ရမှာဖြစ်တယ်။

၁၉၈၅ ခုနှစ်အတွင်းမှာ စစ်တပ်အတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် အသစ် ရွေးချယ်ဖို့ အစည်းအဝေးတခု ပြုလုပ်ခဲ့တယ်။ အရည်အချင်းပြည့်ဝတဲ့ စစ်ဘက်အရာရှိကြီးတွေကို ရာထူးက ဖယ်ထုတ်ခဲ့တဲ့အတွက် ဦးနေဝင်းနဲ့ ပါတီ ခေါင်းဆောင်တွေဟာ သူတို့ရဲ့စနစ် ရှေ့ဆက်သွား နိုင်ရေးအတွက် ငယ်ရွယ်တဲ့အရာရှိတွေကို ထိပ်ပိုင်း နေရာတွေကို ခေါ်ယူဖို့ဖြစ်လာတယ်။ သူတို့ဟာ ထက်မြက်ဖို့၊ လူကောင်း ဖြစ်ဖို့ မလိုဘူး။ ဦးနေဝင်း အလေးထားတာက သူ့အပေါ် သစ္စာရှိဖို့၊ စစ်တပ်ထဲက ဂိုဏ်းဂဏတွေနဲ့ကင်းရှင်းဖို့နဲ့ သူ့ရာထူး အနှောင့်အယှက်ပေးနိုင်သူ မဖြစ်ဖို့ပါပဲ။

တိုင်းမှူးတွေ ဆွေးနွေးနေကြတဲ့ အခန်းထဲကို ဦးနေဝင်းဝင်လာပြီး “မင်းတို့တွေထဲမှာ ဘယ်သူ အသက် အငယ်ဆုံးလဲ” လို့ မေးတယ်။ အားလုံးက “ခွေးဘီလူး” လို့ ဖြေပါတယ်။ ခွေးဘီလူးဆိုတာ ဗိုလ်မှူးချုပ် သန်းရွှေကို သူတို့ခေါ်ကြတဲ့ နာမည်ပြောင်ပါ။ အဲဒီနောက်မှာတော့ ဗိုလ်မှူးချုပ် သန်းရွှေကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်လိုက်ပြီး ဗိုလ်ချုပ်စောမောင်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပါတယ်။

သူတို့တွေက တက္ကသိုလ် မတက်ခဲ့ဖူးဘူး။ ဗိုလ်ချုပ် စောမောင်ကို ရာထူးတိုးပေးဖို့ဆုံးဖြတ် လိုက်ပြီးတဲ့နောက် ဦးနေဝင်းက သူ့လက်အောက်က လူတွေကို “မင်းတို့ သူ့ကို ခက်ရင်း ဘယ်လိုကိုင်ရမယ်၊ ဓားကို ဘယ်လိုကိုင် ရတယ်ဆိုတာ သင်ပေးရင်ကောင်းမယ်။ မျက်စိပွင့် နားပွင့် ဖြစ်လာအောင် သံတမန် ဧည့်ခံပွဲတွေလည်း ခေါ်သွားပြီး သင်ခန်းစာ တခုမဟုတ်တခု ရအောင်လုပ်ပေးကြ” လို့ သတိပေးတယ်။

အရာရှိအများစုကတော့ ဗိုလ်ချုပ်စောမောင်နဲ့ ဗိုလ်မှူးချုပ် သန်းရွှေတို့ ရွေးချယ်ခံရတာဟာ ဦးနေဝင်းက သူတို့တွေကို ကောင်းကောင်းကိုင်တွယ် နိုင်လိမ့်မယ်လို့ ယူဆခဲ့ကြလို့လို့ ယုံကြည်ကြတယ်။ ဗိုလ်မှူးချုပ် သန်းရွှေဟာ ငယ်ရွယ်ပြီးတော့အန္တရာယ် ပေးနိုင်မယ့်လူမျိုးလည်း မဖြစ်နိုင်ဘူး၊ အာဏာပိုင်တွေကို ဘယ်တော့မှ မေးခွန်းမမေးတတ်တဲ့အပြင် သူဟာ ယိုယွင်းကျဆင်းနေတဲ့ စနစ်ကို ထိန်းသိမ်းနိုင်ပြီးတော့ ဦးနေဝင်းရဲ့ အာဏာတည်မြဲရေးအတွက် အရည်အချင်းပြည့်မီတဲ့ “ဟုတ်ကဲ့” လို့ အမြဲပြောမယ့် လူစားမျိုး ဖြစ်တယ်လို့လည်း ထင်မြင်ခံခဲ့ရတယ်။

ဒါပေမယ့် လောင်းကစားသမား တယောက်ဖြစ်တဲ့ ဦးနေဝင်းဟာ မြင်းမှားပြီး လောင်းကြေးထပ်မိပြီ၊ တနေ့မှာ သူ့ကို နေအိမ်အကျယ်ချုပ်ချထားပြီး အထိန်းသိမ်းခံဘဝနဲ့ ဘဝကူးရအောင် လုပ်မယ့်သူကို ရာထူးတိုးပေးမိပြီ ဆိုတာ မသိခဲ့ပါဘူး။

Loading