စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စီးနင်းရာမှာ မီးသတ်ပိုက်၊ မီးခိုးဗုံးတွေကို အသုံးပြုတယ်ဆိုပေမယ့် သပိတ်စခန်းက သံဃာတော်နဲ့ လူတွေ ဆိုးရွားစွာ မီးလောင်ဒဏ်ခံရတာကြောင့် မီးလောင်ဗုံး သုံးစွဲတယ်ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။ ဒီလို အလွန်အကျွံ အင်အားသုံး ဖြိုခွင်းမှုကို လူတန်းစားအလွှာ အသီးသီးရဲ့ တုံ့ပြန်မှုတွေကို ဧရာဝတီ သတင်းထောက် လင်းသန့်က စုစည်း တင်ပြထားပါတယ်။
သီတဂူ ဆရာတော် အရှင် ဉာဏိဿရ
ကိုယ်တော်တို့ သည်းခံကြပါ။ ဒီပြဿနာက ရေနဲ့ ဖြန်းတာပဲ။ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်။ (မုံရွာဆေးရုံကြီးတွင် ဒဏ်ရာရ သံဃာတော်များကို လာရောက်တွေ့ဆုံစဉ် မိန့်ကြားချက်)
ဒေါ်အောင်ဆန်းစုကြည် ( အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ)
မလိုအပ်ဘဲ ဘာကြောင့် အင်အားသုံးနှိမ်နင်းခဲ့တယ်ဆိုတာကို ပြည်သူတွေအနေနဲ့ သိခွင့်ရှိတယ်။ ကျမအဲဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဒီနေ့တွေ့ပြီး မေးမယ်။
(ယနေ့နံနက် မုံရွာတွင် ပြောသော မိန့်ခွန်းမှ)
ဦးညွန့်ဆွေ (အငြိမ်းစား ဒု နိုင်ငံခြားရေး ဝန်ကြီး)
မြန်မာပြည်မှာ အပြောင်းအလဲက တကယ်ဖြစ်နေတာပါ။ အဲဒီလိုအချိန်မှာ စေတနာမှန်ဖို့ လိုပါတယ်။ အခုလို ပြဿနာဖြစ်တာ လုံးဝမကောင်းပါဘူး။ သွားနေတဲ့လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။
ဦးစိုးညွန့် (တော်ဝင်နှင်းဆီ ဖောင်ဒေးရှင်း တာဝန်ခံ)
ဒီကိစ္စပြောရမှာတောင်မှ ပါးစပ်က မထွက်ပါဘူးဗျာ။ ဒီဟာက အင်မတန်ရိုင်းပြတဲ့အပြုအမှုပဲ။ ဒါမျိုးဆိုတာက အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာ လုပ်တာဘဲ။ ဒီလို ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ကြွေးကြော် အော်ဟစ်ပြီးတော့မှ ကျနော်တို့က မယုံ့တယုံနဲ့ ဖြစ်နေတဲ့အချိန်မှာ လုပ်လိုက်တာကြီးကတော့ ကျနော်တို့ တော်တော်လေး တွေဝေသွားတယ်။ ဆိုလိုတာက ယုံကြည်ရမှာ တော်တော် ခက်သွားတယ်ဗျာ။
ကျနော်တို့ ငယ်ငယ်တုန်းက အမေရိကန်သံရုံးရှေ့ ဆန္ဒပြတုန်းက အတွေ့အကြုံရှိတယ်။ မျက်ရည် ယိုဗုံးတွေ သုံးတာဘဲ။ ရေနဲ့ မျက်နှာသစ်လိုက်ရင် ပျောက်သွားတာပဲ။ အခုဟာက အဲဒီလို မဟုတ်ဘူး။ ကလပ်စတာ ဗုံးလိုဟာမျိုး တွေဖြစ်နေတယ်။ ကျနော်သုံးသပ်တာတော့ တရုတ်ကများ ဒီလက်နက်တွေ ထုတ်ပေးလားပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလုံထိန်းတပ်တွေကို တရုတ်ကုမ္ပဏီက ငှားရမ်းထားတယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ကို ငှားနိုင်တယ်ဆိုတာ စည်းမျည်းစည်းကမ်းလည်း မရှိဘူး။ လုပ်ရိုးလုပ်စဉ်လည်း မဟုတ်ဘူး။ အဲဒါကို လုပ်ငန်းအတွက် ငှားထားတယ်ဆိုတော့ သဘောက ဦးပိုင် ဖြစ်နေလို့လား။ ဦးပိုင်က စစ်တပ်ပဲ၊ သူအာဏာ မကုန်သေးဘူးဆိုတာလည်း ပြနေတယ်။
နောက်တချက်က မြန်မာနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ လက်နက်ဆန်းတွေ သုံးပြီးတော့ လူတွေ ထိန်းမနိုင်၊ သိမ်းမနိုင် ဖြစ်အောင် လုပ်ပြီးတော့မှ တရုတ်ဘက်က အစီအစဉ်တကျ လုပ်လားလို့တော့ ကျနော့်မှာ သံသယရှိတယ်။ ကျနော်တို့ မြန်မာ့သမိုင်းမှာ ဒီလို လက်နက်မျိုးမတွေ့ဖူးဘူး။ အရေပြားထိရင် မီးတွေ လောင်တယ်ဆိုတဲ့ဟာက။
နောက်တချက်က ရခိုင်ကိစ္စတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်နဲ့ တိုက်ပြီးတော့မှ ကျောက်နီမော်မှာ မုဒိန်းမှု၊ လူသတ်မှု ကျူးလွန်တာ ဖြစ်တယ်။ နောက်တောင်ကုတ်မှာ လူ ၁၀ ဦးကို သတ်တယ်။ မြန်မာနိုင်ငံလိုဟာမျိုးမှာ စာရွက်တရွက်ဝေတာတောင်မှ ချက်ချင်းမိတဲ့နိုင်ငံမှာ လူ ၁၀ ယောက်ကို ပေါ်ပေါ်ထင်ထင်ကြီး သတ်ပစ်တာ မမိဘူးဆိုတာက စနစ်တကျ လုပ်ထားတာကြီး။ ပြီးမှ သူတို့ အရှုပ်အထုပ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခုချိန်ထိ ဖြစ်သွားတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာ တရားဝင်ကြေညာပြီးပြီ။ ဒေါ်စုလာမယ်ဆိုတဲ့နေ့ မနက် ၃ နာရီကျတော့မှ အခုလို ထလုပ်လိုက်တဲ့ဟာက ကစားတယ်လို့ပဲ ကျနော်တော့ မြင်တယ်လေ။ ဘာလို့လဲဆိုတော့ လုပ်ချင်ရင် အစောကြီးကတည်းက လုပ်ပါလားဗျာ။ အခု လာတယ်ဆိုတာလည်း လွှတ်တော်ထဲမှာ ကြေညာပြီး ဒါကို ကြားဝင်ဆောင်ရွက်မယ် ဆိုပြီးတော့ ဒေါ်ခင်စန်းလှိုင်တို့ ဘာတို့က လာတယ်ဆိုတော့ တဖက်မှာလည်း နောက်ပြန်ဆွဲချင်တဲ့ အုပ်စုက အင်အားရှိသေးတယ်ဗျ။ လက်မည်းကြီးတွေ အရိပ်မည်းကြီးတွေ ရှိနေသလားလို့ သံသယ ကျနော့်မှာ ရှိတယ်။
ဦးမြင့်သိန်းဖေ (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဟောင်း)
အခု ကျနော်တို့သွားနေတဲ့ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ နိုင်ငံမှာတော့ ဒါကြီးက မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ သွားနေတဲ့လမ်းကို အနှောက်အယှက်တော့ ဖြစ်မယ်လို့ထင်တယ်။ ကျနော်တို့အားလုံး နိုင်ငံတော် အစိုးရရော ပြည်သူပြည်သားတွေရော ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်သွားမယ့် ခရီးကို သွားမယ်ဆိုလို့ရှိရင်တော့ အားလုံး အောင်မြင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။
ဦးမော်လင်း (ပြည်သူ့ခေတ် အယ်ဒီတာချုပ်)
မူအရ ပြောမယ်ဆိုရင် ဘယ်လို အကြမ်းဖက်တာမျိုးကိုမဆို ကျနော်တို့ ဘယ်လိုမှ သဘောမတူနိုင်ဘူး။ အကြမ်းဖက် ဖြေရှင်းတဲ့နည်းဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့သလို ဘယ်တော့မှလည်း အောင်မြင်မှာ မဟုတ်ဘူး။ ဒါကတော့ အခြေခံမူဘဲ။ ကျနော်အနေနဲ့ ပြည်သူ့ခေတ် အယ်ဒီတာချုပ် အနေနဲ့ပြောတာပါ။ ဒီလို ပြဿနာ အရေးအခင်းတွေ ပေါ်တိုင်းပေါ်တိုင်းမှာလည်း ဘယ်လို အကြမ်းဖက်နည်းသုံးပြီး ဖြေရှင်းတာကို ကျနော်တို့က ဘယ်တော့မှလည်း လက်မခံဘူး။
နောက်တခုက တကယ့် ပြဿနာ အရင်းအမြစ်ကိုတော့ အကုန်လုံးက နည်းလမ်းရှာပြီး အဖြေရှာနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သွားတယ်။ စုံစမ်းရေးကော်မရှင်တို့ ဘာတို့လည်း လုပ်မယ်လို့ လွှတ်တော်ကနေ ပြောထားတာလည်း ရှိတယ်။ တကယ့်အရင်းအမြစ် ပြဿနာကို အဖြေရှာတာကိုတော့ ကြိုဆိုတယ်။ ဒါဟာ ရှာဖွေရမှာပေါ့။ အစိုးရအနေနဲ့က တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တောင်မှ စေ့စပ်မယ်၊ ညှိနှိုင်းမယ်၊ အဖြေရှာမယ်ဆိုတဲ့ ဟာမျိုးလုပ်နေတဲ့အချိန်မှာ အခုဟာက လက်နက်လည်း ရှိတဲ့သူတွေ မဟုတ်ဘူး။ ဒါက ပြည်သူလူထု၊ သဘောကတော့ သူတို့ပြဿနာ ရှိလာတဲ့အခါမှာ သူတို့ ဆန္ဒပြမှာဘဲ။ ဒါကို အကြမ်းဖက် ဖြေရှင်းတာတော့ တော်တော့်ကို အရုပ်ဆိုးတဲ့ အပြုအမူလို့ပဲမြင်တယ်။
ဦးလှမြင့် ( အငြိမ်းစား ရူပဗေဒပါမောက္ခ- မန္တလေးတက္ကသိုလ်)
အခုဖြစ်ရပ်တွေ ကြည့်ရတာ Hard Line (သဘောထားတင်းမာသူ) အုပ်စု တက်လာတယ်လို့ မြင်တယ်။ Transition to Democracy (ဒီမိုကရေစီအသွင် ကူးပြောင်းရေး) မဟုတ်ဘူး ထင်တယ်။ နည်းနည်း ကြမ်းမယ့်သဘောမျိုး၊ ခြိမ်းခြောက်တဲ့ သဘောမျိုးနဲ့ ရှင်းတယ်လို့ ထင်တယ်။ နောက်ပြီးတော့ Napalm bomb (နပန်းဗုံး) လိုမျိုး သုံးတယ်ထင်တယ်လို့ ဦးခင်မောင်ညို (ဒေါက်တာ ခင်မောင်ညို) ကလည်း ရှင်းပြသွား တယ်လေ။ အဲဒီဗုံးမျိုးက ဓာတုပစ္စည်းသဘော ပါတယ်လေ။ Tear Gas မျိုး မဟုတ်ဘူး။ သူတို့ ဗြောင်လိမ်နေတယ် ထင်တယ်။ Napalm bomb မျိုးက အမေရိကန်တောင်မှ ဗီယက်နမ် စစ်ပွဲမှာသုံးခဲ့တာ။ သိပ်ရက်စက်လွန်းလို့ နောက်ပိုင်း သူတို့ မသုံးတော့ဘူး။ အဲဒီတုန်းက သမ္မတလည်း ကလေးမလေး တယောက် မီးလောင်ပျက်ဆီး တာကိုမြင်ပြီး တော်တော် စိတ်ထိခိုက်သွားတယ် ပြောတယ်။