အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က နေပြည်တော်ရှိ ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်နှင့် တွေ့ဆုံစဉ် မကြာမီ တက်လာတော့မည့် အစိုးရသစ်၏ ဝန်ကြီးဌာနများ အပြောင်းအလွှဲ၊ မီဒီယာ လွတ်လပ်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်နိုင်ငံရေး၊ တပ်မတော်အပေါ် သဘောထား၊ မြစ်ဆုံစီမံကိန်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတို့အကြောင်း ပြောဆိုသွားခဲ့သည်။ ဒေါက်တာ ဇော်မြင့်မောင်သည် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီလူထုအုံကြွမှုနောက်ပိုင်း NLD ပါတီတွင် ပါဝင်လာခဲ့ပြီး ၁၉၉၀ မေလ ရွေးကောက်ပွဲတွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။
မေး ။ ။ ပထမဆုံး သိချင်တာက အပြောင်းအလဲကို လိုချင်တဲ့ ပြည်သူတွေက NLD ကို မဲထည့်ခဲ့ကြပါတယ်။ ဒီလို အပြောင်းအလဲတွေကို အောက်ခြေ ထိရောက်အောင် ဆောင်ရွက်ဖို့ ဘယ်လိုအခက်အခဲတွေများ ရှိမလဲ။ အခုက ညွှန်ချုပ်ကနေ အောက်ခြေဝန်ထမ်းအထိ စနစ်ကြီးတခုလုံးက အကျင့်ဟောင်း တွေနဲ့ လည်ပတ်နေမှာဆိုတော့ ဒီစနစ်ကြီးကို ဘယ်လို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမလဲ။
ဖြေ ။ ။ ဟုတ်တယ်။ ဒါက လက်ရှိအစိုးရသစ်အတွက် စိန်ခေါ်မှုတခုပဲပေါ့နော်။ ပြည်သူတွေကတော့ ခင်ဗျားပြောသလိုပဲ အပြောင်းအလဲကို လိုချင်လို့ မဲပေးခဲ့ပြီးပြီ။ ကျနော်တို့လည်း ဒါကို လုံး၀ သဘောပေါက် နားလည်တယ်။ ပြည်သူတွေကြောင့်မိုလို့ ကျနော်တို့ ပြောင်းလဲနိုင်တာပါ။ အခုကျနော်တို့မှာ စိန် ခေါ်မှုတွေ အများကြီးပဲ ရှိတယ်။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အုပ်ချုပ်ရေးပိုင်း။ ပြောရရင်တော့ ကျနော်တို့ မြို့နယ်ကနေ အောက်ခြေအဆင့်အထိ ခရိုင်လည်း ပါတာပေါ့။ ဒါတွေက အစိုးရ ဝန်ထမ်းတွေကအားလုံး အရင်တုန်းက အသားကျနေခဲ့ပြီးတဲ့ Institution ကြီး တခုပေါ့နော်။
ကျနော်တို့တွေက ဒီဟာကို အပြောင်းအလဲလုပ်တဲ့အချိန်မှာ ဘာပဲပြောပြော အပေါ်ကနေတော့ Policy Guideline တွေ ချမှာပေါ့ဗျာ။ တကယ်တမ်း ဒီ Implementation ဆိုတဲ့ တကယ်အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ အောက်ခြေပိုင်းက အစိုးရဝန်ထမ်းနဲ့ လုပ်မယ်။ ဒီဝန်ထမ်းတွေကို အပြောင်းအလဲ လုပ်မယ်ဆိုရင် ခင်ဗျား တခုတော့ ရှိတယ်နော်။ သတိရဖို့လေးတခု ရှိတယ်။ စည်ပင်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားလုံး၊ ဝန်ထမ်းတွေအတွက် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ဖြုတ်၊ ထုတ်၊ သတ် မလုပ်ဘူးလို့ ပြောထားပြီးပြီ။ သူတို့ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အတိတ်ကို မေ့ထားလိုက်ပြီ။
ဒါပေမယ့် ကျနော်တို့ အစိုးရနဲ့ လက်တွေ့လုပ်တဲ့အချိန်တော့ သန့်သန့်ရှင်းရှင်းနဲ့ ပြည်သူ့အကျိုးအတွက် လုပ်ဖို့ လိုတယ်။ ကျနော်တို့ စည်းရုံးပြီး လုပ်မယ်။ ဒါပေမယ့် ကျနော်တို့ ပြောမယ်။ ပြည်သူကို အကျိုးမပြုဘဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်ကလိုပဲ အဂတိတရားတွေ ရှိနေဦးမယ်ဆိုရင်တော့ အရေးယူ တာလည်း ပါမယ်။ ကျနော်တို့က ပထမ စည်းရုံးမယ်။ လေ့ကျင့်ပညာ သင်ကြားပေးမယ်။ ဒါက Public Service ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ဒါကတော့ စေတနာသန့်သန့်၊ ရိုးရိုးနဲ့ အဂတိတရား ကင်းဖို့တော့ ကျနော်တို့ ပြောမယ်။ ဒီနည်းအားဖြင့် ကျနော်တို့ လုပ်သွားမှာပေါ့။အရေးကြီးတာက အပေါ်ဆုံးက ပေါ်လစီတွေ ဘယ်လောက်ကောင်းသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လုပ်ကြမှာပေါ့။
နောက်ပြီးကျတော့ တခါတည်း တဆက်တည်း ပြောလိုက်မယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေက အခုလို ဝန်ကြီးဌာနတွေ လျှော့ပစ်လိုက်တာ စိုးရိမ်နေကြတယ်။ ကျနော်တို့ သတင်း ဂျာနယ်တွေထဲမှာ ဖတ်နေရတယ်။ မစိုးရိမ်ပါနဲ့။ ကျနော်တို့ စည်ပင်မှာ ပြောခဲ့တဲ့ဟာပဲ ပြန်ကိုးကားရမှာ။ လျော့လိုက်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ အသုံးစရိတ်ကို လျှော့ချချင်တယ်။ အဲလိုဆိုရင် ဝန်ထမ်းတွေအတွက် နေရာတွေ လစ်လပ်ပြီး ဟိုပြောင်းဒီပြောင်း ပြောင်းရမှာတွေ ရှိတယ်။ ပြောင်းချင်တဲ့ ဌာန ကို ပြောင်းလို့ရအောင်လည်း ကျနော်တို့ စီစဉ်ထားတယ်။ ဒါပေမယ့် အဲဒီဌာနပြောင်းဖို့ အရည်အချင်း မရှိဘူး ဆိုရင်လည်း သင်တန်းတွေ တက်ရမယ်။ အဲဒါတွေကို မစိုးရိမ်ပါနဲ့လို့ ပြောချင်တယ်။
“အရေးကြီးတာ စေတနာသန့်သန့်နဲ့လုပ်၊ ရိုးရိုးသားသားနဲ့ လုပ်။ အဂတိတရား ကင်းကင်းနဲ့ လုပ်ကြရအောင် ဘာလို့ဆိုတော့ အပြောင်းအလဲအတွက် လူထုက နှစ်ပေါင်း ၅၀ လောက် ခံခဲ့ရပြီးပြီ”
မေး ။ ။ ဝန်ကြီးဌာနတွေမှာရှိတဲ့ အမြဲတန်း အတွင်းဝန် အများစုက တပ်မတော်အရာရှိဟောင်းတွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍက အစိုးရသစ်လက်ထက်မှာ ဘယ်လိုရှိမလဲ။
ဖြေ ။ ။ ဒါကတော့ ကြားဖူးမှာပေါ့။ ကျနော်တို့လည်း မမီခဲ့ဘူးနော်။ Indian Civil Service (ICS) နဲ့ Burma Civil Service (BCS) ဆိုတာတွေက တကယ် ကို လေ့ကျင်ထားသူတွေ။ Train လုပ်ပေးပြီးမှ အရည်အချင်း ပြည့်ဝတဲ့ ဝန်ထမ်းကြီးတွေ ဖြစ်လာတာပေါ့နော်။ အဲလိုလူတွေနဲ့ ဝန်ကြီးဌာနတွေက လည်ပတ် နေရတာ။ ဟိုတနေ့က စကားစပ်မိလို့ အဲဒါပြောတယ်ဗျ။ ICS တို့ BCS တို့ဆိုတာ အကြာကြီးလေ့ကျင့်ပြီးမှ ဖြစ်တာ။ ၆ လလောက်နဲ့ အတွင်းဝန်ရာထူး လုပ်မ ရဘူး။ အရင်ကတည်းက အဆင့်ဆင့်တက်လာတာ။ ဒါက အတွေ့အကြုံရှိတဲ့ ဆရာကြီးတယောက်က ပြောတာ။ သူက ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ BCS ကြီး။ လက်ရှိရှိနေသေးတယ်။ သူတို့တုန်းက အခြေခံကနေစပြီး တက်ရတာ။ အခုလို ဝုန်းဒိုင်းဆိုပြီး မိုးကျရွှေကိုယ်နဲ့ ကျလာတာ မဟုတ်ဘူးလေ။
ကျနော်တို့ ခုနက ပြောပြီးပြီ။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ တိုင်းပြည်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ဘယ်သူနဲ့မဆို တွဲလုပ် မှာ။ သူက ဘာမိုလို့၊ ညာမိုလို့ဆိုတာ ကျနော်တို့မှာ မရှိဘူး။ အရေးကြီးတာ စေတနာသန့်သန့်နဲ့လုပ်၊ ရိုးရိုးသားသားနဲ့ လုပ်။ အဂတိတရား ကင်းကင်းနဲ့ လုပ်ကြရအောင် ဘာလို့ဆိုတော့ အပြောင်းအလဲအတွက် လူထုက နှစ်ပေါင်း ၅၀ လောက် ခံခဲ့ရပြီးပြီ။ ဒီအချိန်မှာ ကျနော်တို့အတွက် ဒါဟာ အခွင့်အရေး ပဲလေ။ တိုင်းပြည်အတွက် အလုပ်အကျွေးပြုရတဲ့ဂုဏ်လောက် မြင့်မားတာ မရှိဘူး။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနော်။ ဒါလေးလည်း မှတ်ထားပေး ပါ။
မေး ။ ။ အခု အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနက ဘာကြောင့် ပြန်ပါလာရတာလဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ ဝန်ကြီးဌာနတွေ ဖွဲ့တော့လည်း ပေါင်းသင့်တာတွေ ပေါင်းပေါ့ဗျာ။ အရင်တုန်းကလည်း ပေါင်းထားတာမျိုးရှိခဲ့တော့ ပေါင်းလိုက်ကြရအောင်။ ပြန်ကြားရေး ဝန်ကြီးဌာန နဂိုအတိုင်း ထားသင့်သေးလားဆိုတော့ ရှိသင့်သေးတယ်လို့ ဆုံးဖြတ်ချက်ချတာပေါ့။ လောလော ဆယ်အထိမှာ ဒါက ဒီမိုကရေစီ ရှိနေတဲ့နိုင်ငံ၊ ထွန်းကားနေတဲ့ နိုင်ငံမျိုးမှာတော့ အိမ်ဖြူတော်ကို ပြန်ကြည့်ဗျာ။ အိမ်ဖြူတော်က ထုတ်ပြန်လိုက်တယ်။ ပြီးရောပေါ့။ နောင်တချိန် ကျနော်တို့လည်း ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သွားရင် အဲဒီလိုမျိုး ဖြစ်မှာပေါ့။
လောလောလတ်လတ်ကတော့ ကျနော်တို့ ပြည်သူတွေကို ပညာပေးချင်တာတွေ ရှိသေးတယ်။ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ပြောချင်တာလေး ရှိသေး တယ်။ အစိုးရက ဘာတွေလုပ်နေလဲဆိုတာကို ပြရမှာတွေလည်း ရှိသေးတယ်။ ကျနော်ပြောခဲ့တာ ရှိပါတယ်။ ငါတို့လည်း အစိုးရဖြစ်ဖို့ ဒီဌာနကြီးကို ဝါဒ ဖြန့်ချီ ရေးအတွက် သုံးမှာ မဟုတ်ဘူးလို့။ သတင်းနဲ့ ပြန်ကြားရေးဆိုတာ ပြည်သူတွေ သိသင့်တဲ့သတင်းတွေကို ဒီဌာနကနေ ကျနော်တို့ အစိုးရ ဘယ်လိုတွေ လုပ် နေတယ်ဆိုတာကို ဝေဝေဆာဆာ မဟုတ်ဘူးနော်။ တကယ့်အရှိ ပကတိအတိုင်း Transparency နဲ့ Accountability တွေကို ပြချင်လို့ ပွင့်ပွင့်လင်းလင်း လုပ်ချင်လို့ ဒီဌာနကို လောလောဆယ်တော့ ရှိဖို့လိုအပ်သေးတယ် ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်ထားဖို့ လုပ်တာပါ။
မေး ။ ။ ပြည်ထောင်စု ဝန်ကြီးတွေကတော့ ရှိပြီပေါ့လေ။ ဒုဝန်ကြီးတွေရော ခန့်ထားဦးမှာလား။
ဖြေ ။ ။ လောလောဆယ် ကျနော်တို့က အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချချင်တယ်ဆိုတဲ့အတွက် အစိုးရဝန်ကြီးဌာနတွေကို လျှော့ချသလို ဝန်ကြီး အရည်အတွက်ကိုလည်း လျှော့ချဖို့ လုပ်နေပါတယ်။ လုံးဝဥဿုန်တော့ ဒုဝန်ကြီးမထားဘူးရယ်လို့ မပြောပါဘူး။ အမှန်အတိုင်းပြောရရင် အမြဲတန်း အတွင်းဝန်ဆိုတာ ဒုဝန်ကြီးတွေ လုပ်ရတဲ့လုပ်ငန်းကို လုပ်တာနော်။ ဒုဝန်ကြီးဆိုတာ Political Post ပေါ့ဗျာ။ ဝန်ကြီးတွေကလည်း Political Post။ တကယ်တန်း ဌာနကြီးတွေကို Run လုပ်မှာက ခုနကပြောတဲ့ အတွင်းဝန်တွေက လုပ်မှာ။
အကောင်အထည်ဖော်တဲ့အခါ လုပ်ပုံလုပ်နည်းမှားတယ်ဆိုရင် ကျနော်တို့က အပေါ်က Guide Line လုပ်ပေးရမှာ။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ အမြဲတန်း အတွင်းဝန်ဆိုပြီး ခန့်ထားလိုက်တယ်။ ပါလီမာန်ခေတ်က အမြဲတန်းအတွင်းဝန်ဆိုတာ ဒုဝန်ကြီး Post ပဲ။ တကယ်ကို တတ်တဲ့သူ၊ Political Post သဘော မျိုးပေါ့နော်။ ဒုဝန်ကြီးကိုတော့ လိုအပ်ရင်တော့ ခန့်ရမှာပေါ့။ မလိုအပ်ဘူးဆိုရင်တော့ ကျနော်တို့က ခုနက ပြောသလို ကုန်ကျစရိတ် လျှော့ချင်တာဆိုတော့ မလိုအပ်တဲ့ဌာနတွေလည်း ပေါ်လာနိုင်တာပေါ့။
အမြဲတန်း အတွင်းဝန်လည်း ကောင်းတယ်။ ဝန်ကြီးကလည်း ကောင်းတယ်။ လုပ်ရတဲ့ လုပ်ငန်းတွေ ချောတယ်ဆိုတယ် တမျိုး။ အကယ်၍ လိုအပ်လာ တယ်ဆိုရင်တော့ ဒုဝန်ကြီး ခန့်ကောင်းခန့်နိုင်ပါတယ်။ မခန့်ဘူးလို့ ကျနော်တို့ လုံး၀ မပြောပါဘူး။ ဥပဒေမှာ မလုပ်ရဘူးလို့ မပါရင် လုပ်လို့ ရပါတယ်။
“ဒီမိုကရေစီနိုင်ငံမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော အား လုံးက တကယ်တမ်းကျရင်တော့ ပါတီရဲ့ မူဝါဒအောက်က လှုပ်ရှားရမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရှိနေသ၍ အားလုံးရဲ့ ဥက္ကဌပါပဲ”
မေး ။ ။ NLD အစိုးရသစ်လက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့်ကရော ဘယ်လို အခြေအနေ ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရအောင်။ ဒီနေ့ ခင်ဗျားတို့ ကျနော်တို့ ပြောနေတဲ့ Access to Information တို့ Right to Know တို့ ဆိုတာတွေမှာ လွှတ်တော်ကနေစပြီး လုပ်ကြရမှာ။ လွှတ်တော် ဥပဒေပြုရေးက လုပ်ပေးမယ်ဆိုရင် ဥပဒေပြု ပေးသလောက် မီဒီယာတွေ အခွင့်အရေး ရရမှာပေါ့ဗျာ။ အဲဒါမျိုးက အစိုးရက အကောင်အထည်ဖော်ပေးတာထက် ဥပဒေပြုပြီးတော့ ဥပဒေကြောင်းအရ လုပ်လာကြတယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။
မေး ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအရ သူလောလောဆယ် သမ္မတ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် ဒီကြားကာလမှာ ဘယ်လို Position မျိုး ယူနိုင်လဲ။ ဒါမှမဟုတ် သူသမ္မတ ဖြစ်လာနိုင်သေးလား။
ဖြေ ။ ။ ခင်ဗျားတို့က ဒီဟာတွေကျတော့ ဖြေရမှာ နည်းနည်းစောတယ်ဗျ။ ဒါအပွင့်လင်းဆုံး ပြောတာ။ ဘာပဲ ပြောပြောပေါ့။ တခုတော့ နားလည်ထား လိုက်ဗျာ။ ဦးနေဝင်းဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ဘယ်နေရာကို ယူသလဲ။ သမ္မတတွေ မလွှဲဘူးလား။ ပါတီ ဥက္ကဌပဲ လုပ်နေတာ။ မော်စီတုန်းကိုလည်း ကြည့်လိုက်။ ဒါကတော့ ကွန်မြူနစ်နဲ့ နှိုင်းရတာ။ ပါတီက ဘာပဲပြောပြော ဒီမိုကရေစီနိုင်ငံမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော အား လုံးက တကယ်တမ်းကျရင်တော့ ပါတီရဲ့ မူဝါဒအောက်က လှုပ်ရှားရမှာလေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ရှိနေသ၍ အားလုံးရဲ့ ဥက္ကဌပါပဲ။ ဟုတ်ပြီနော်။
မေး ။ ။ အစိုးရသစ်လက်ထက်မှာ မြစ်ဆုံစီမံကိန်း ပြန်စမှာကို ပြည်သူလူထုက စိုးရိမ်ပူပန်မှု ရှိပါတယ်။ NLD ခေါင်းဆောင်တယောက်ကလည်း ပုံစံအသစ်တမျိုးနဲ့ ပြန်စနိုင်တယ်လို့ ပြောတော့ တဖက်မှာလည်း တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင်၊ တဖက်မှာလည်း လူထုမှာ ဖြစ်နေတဲ့ တရုတ်ဆန့်ကျင်ရေး ခံစားချက်တွေကြားမှာ NLD အနေနဲ့ ဟန်ချက်ညီအောင် ဘယ်လို လုပ်ကိုင်ဆောင်ရွက်ဖို့ စဉ်းစားထားလဲ။
ဖြေ ။ ။ ခင်ဗျားမေးတဲ့ မေးခွန်းကြီးက Very Dark Question ပေါ့နော်။ တော်တော် ဖြေရခက်ပါတယ်။ ကျနော်တို့ကတော့ မူအားဖြင့် ဖြေရမှာပေါ့နော်။ ကျနော်တို့ NLD မူကို ခင်ဗျားတို့ သိပါတယ်။ ကျနော်တို့က ပြည်သူလူထုကိုပဲ မျက်နှာမူမှာပါ။ ပြည်သူ အကျိုးရှိတဲ့ လုပ်ငန်းကိုပဲ လုပ်ကြမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့တွေအတွက် မလွဲမသွေ Geo-politics ဆိုတာ ရှိတယ်။ တရုတ်နဲ့ကလည်း အိမ်နီးနားချင်း နိုင်ငံကြီး ဖြစ်နေတယ်။ အိန္ဒိယနဲ့ကလည်း နိုင်ငံကြီး။ ဒီ ၂ နိုင်ငံကြီးကြားမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ဖို့ဆိုရင် ကျနော်တို့က စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ၊ ဖက်ဒရယ် ပြည်ထောင်စုအနေနဲ့ ရပ်တည်နိုင်ရမယ်။
ဆိုလိုချင်တာက ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်မယ်ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီဖြစ်မယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိနဲ့ ဘယ်လောက်ပဲ အင်အားကြီးကြီး ကိုယ့်အချုပ်အခြာ အာဏာ အပေါ်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နိုင်မယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြုံကိုကြုံရမယ့်ဟာ ရှိတယ်။ မြစ်ဆုံစီမံကိန်းအကြောင်း ကျနော်တို့ ဘာမှ မသိဘူး။ လွှတ်တော်ကြီးလည်း ဘာမှ မသိဘူး။ လွှတ်တော် မသိဘဲနဲ့ လုပ်ငန်း ကြီးတခုကို လုပ်ပြီးမှ ရပ်ဆိုင်းပစ်လိုက်ရတယ် ဆိုတဲ့ဟာက ဘာပြောမလဲ။ အဲဒီတော့ အရင်အစိုးရ လက်ထက်မှာလည်း လွှတ်တော်က ဘာမှ မသိဘူး။
ကျနော်တို့ အစိုးရသစ်ကလည်း ဘာမှ မသိသေးဘူး။ မြစ်ဆုံ စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး ဘာတွေ သဘောတူထားခဲ့လဲ။ ဘာတွေ ပါထားခဲ့လဲဆိုတာတော့ ကျနော်တို့ အရင်သိမှ ဖြစ်မယ်။ ဖြေရှင်းရမယ့် အကြောင်းရင်းကိုသိမှ ဒီဟာကြီးတခုလုံးရဲ့ Problem ကိုသိမှ ဖြေရှင်းရလွယ်မှာ။ ကန်ထရိုက်ကြီးရဲ့ အ ကြောင်းအရင်းကို မသိဘဲနဲ့ ဘယ်လိုလုပ်ပြောမလဲနော်။ အဲဒီတော့ တရုတ်က အခုတလောပြောနေတာတွေတော့ ရှိတယ်။ ဒါတွေက သူတို့ တဖက်သတ် ပြောနေတာ။ NLD ရဲ့ အဆင့်မြင့်တယောက်က ပြောတယ်ဆိုတာလည်း သူ့သဘောထားသူ ပြောတာ။
ကျနော်တို့ကတော့ စာချုပ်ကြီးရဲ့ အကြောင်းကို ဂဃနဏ မသိဘဲနဲ့ ကျနော်ဘာမှ မပြောရဲဘူး။ ပြောချင်တာက အရင်လွှတ်တော်ကြီးတောင် မသိခဲ့တဲ့ လုပ်ငန်းကြီးတခုကို ကျနော်တို့ လက်ထဲရောက်လာပြီဆိုရင် ကျနော်တို့ကတော့ အခြေခံ ပြဿနာ အကြောင်းရင်းကို သိပြီးမှ ဖြေရှင်းနိုင်မှာပါ။ ဒါပေမယ့် ကျနော်တို့မူက ပြည်သူတွေကိုပဲ အခြေပြုထားတယ်ဆိုတာတော့ အသိပေးချင်တယ်။
“အာဏာရှင် နိုင်ငံကနေ ဒီမိုကရေစီကို ပြန်ပြီး ပြောင်းတဲ့ အချိန်မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက နွေးထွေးဖို့ လိုပါတယ်။ ခေါင်းဆောင်ပိုင်းက တိုင်းပြည်ကို တည်ဆောက်ကြမယ်ဆိုတဲ့အချိန် ပြဿနာတွေကတော့ မဖြစ်လောက်ဘူး ထင်ပါတယ်”
မေး ။ ။ NLD အစိုးရလက်ထက် ဝန်ကြီးဌာန ၂၁ ခုမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပါလာတာကို ဗမာတွေရော၊ တိုင်းရင်းသားတွေကပါ ကြိုဆိုခဲ့ကြပါတယ်။ လက်တွေ့မှာကျတော့ တိုင်းရင်းသားအရေးတွေကို ဖြေရှင်းဖို့ ဘယ်လို ချည်းကပ်ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ တိုင်းရင်းသား အရေးဆိုတာက ဗမာပြည်ရဲ့ တိုင်းရင်းသားအရေးက အခုမှ မဟုတ်ဘဲ။ ဟိုးအကြာကြီး ကတည်းက ရှိခဲ့တာ။ ခင်ဗျားတို့ မေးခွန်း တွေက တဖြည်းဖြည်းတော့ နက်နဲလာတယ်နော်။ ကျနော်သူများတွေကို တခါမှ မပေးဘူးသေးပါဘူး။ ခင်ဗျားတို့ အရှေ့ဆုံးပဲ။ တိုင်းရင်းသားရေးရာ ဝန်ကြီး ဆိုတဲ့နေရာမှာ ကျနော်တို့ နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံဆိုတာ အခြေခံ အချက်အနေနဲ့ သိကိုထားရမယ်။ ကျနော်တို့ နိုင်ငံကြီး ငြိမ်းချမ်းဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီဆိုတာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုမှ ဖော်ဆောင်လို့ မရဘူး။
ကျနော်တို့ နိုင်ငံက ပြည်တွင်းစစ်က လွတ်လပ်ရေး ရကတည်းက ဖွားဖက်တော် အနေနဲ့ ပါလာတာနော်။ အဓိကက ဘာလဲဆိုရင် တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖို့ဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးကို ကိုင်တွယ်ရမှာ။ တိုင်းရင်းသားတွေမှာလည်း တိုင်းရင်းသား Right တွေ ရှိတယ်လေ။ ကျနော်တို့က ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ မြေလေ။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုတဲ့ အခြေခံ ၃ ချက် လောကပါလတရား ၃ ခု စလုံး၊ တိုင်းရင်းသားတွေနဲ့ ဗမာ တန်းတူညီမျှ မခံစားရသရွေ့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ရမလဲ။ တိုင်းရင်းသားအရေး ဘယ်လိုကိုင်တွယ်မလဲဆိုရင် လောကပါလတရား ရအောင် လုပ်ပေးရုံပဲပေါ့ဗျာ။ မဟုတ်ဘူးလား။
မေး ။ ။ အရင် အစိုးရလက်ထက်မှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ ဒါပေမယ့် အဖွဲ့တွေ အများကြီး ကျန်သေးတယ်။ NLD အစိုးရ တာဝန်ယူမယ့် ၅ နှစ်တာ ကာလမှာရော ဘယ်လောက် အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ ။ ။ ဒါက ကျနော်တို့ ဦးစားပေး လုပ်ရမယ့် လုပ်ငန်းထဲမှာ ပါတာပေါ့နော်။ ဒါကြီး အရင်လုပ်ပြီး ဟိုဟာကို နောက်ချန်ထားမယ်လို့ မဟုတ်ပါဘူး။ အရေးကြီးတာတွေ တပြိုင်တည်း လုပ်လို့ရတာတွေကို လုပ်မယ်။ ဦးစားပေးလုပ်ရမယ့် လုပ်ငန်းတွေဆိုရင် ဦးစားပေးလုပ်မယ်။ ဘယ်အစိုးရတက်တက် ပေါ်လစီဆိုတာတွေ ရှိပါတယ်။ ရက် ၁၀၀ အတွင်း ဘာလုပ်မယ်။ တနှစ်၊ ၂ နှစ်အတွင်း ဘာလုပ်မယ်ဆိုတာတွေက သူ့ဟာနဲ့သူ ပေါ်လာမှာပေါ့နော်။
ကျနော်ပြောချင်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် NCA ဆိုတာ အရေးကြီးပါတယ်။ Ceasefire Agreement က တပ်နဲ့ တိုင်းရင်းသားတွေကြားမှာ လုပ်ရတာ။ Making Peace ငြိမ်းချမ်းရေး တည်ဆောက်တာ အစိုးရနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ လုပ်ကြရမယ့်အလုပ်။ ဒီအလုပ်က ကျနော်တို့ရဲ့ ဦးစားပေး လုပ်ငန်းထဲမှာ ပါပါတယ်။
မေး ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့အခါတွေမှာ အန်ကယ့်ကို မကြာခဏ တွေ့ရပါတယ်။ အဲဒီမှာ တပ်မတော်ရဲ့ ဆက်ဆံရေးအပေါ်မှာ အန်ကယ်ရဲ့ အမြင်က ဘယ်လိုရှိမလဲ။
ဖြေ ။ ။ အဲဒါကတော့ ကျနော် ပြောခွင့် မရှိပါဘူး။ ဆက်ဆံရေးကတော့ ဘာပဲပြောပြော ကြိုဆိုကြတာတွေက နွေးနွေးထွေးထွေးပါ။ ကျနော်တို့ကတော့ နွေးနွေးထွေးထွေးပါ။ ဒီအပေါ်မှာတော့ ဘာပြောရမလဲဆိုရင် Civil-Military Relationship ဆိုတာ သူများနိုင်ငံတွေလဲ ရှိတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ရှိတယ်။ အထူးသဖြင့် အာဏာရှင် နိုင်ငံကနေ ဒီမိုကရေစီကို ပြန်ပြီး ပြောင်းတဲ့ အချိန်မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက နွေးထွေးဖို့ လိုပါတယ်။ ခေါင်းဆောင်ပိုင်းက တိုင်းပြည်ကို တည်ဆောက်ကြမယ်ဆိုတဲ့အချိန် ပြဿနာတွေကတော့ မဖြစ်လောက်ဘူး ထင်ပါတယ်။
မေး ။ ။ ထပ်သိချင်တာလေး ရှိပါတယ်။ တပ်မတော်က ပြင်ဆင်နေတဲ့ Standard Army ဖြစ်ဖို့ Professional Army ဖြစ်ဖို့ဆိုတာမျိုးတွေကိုရော NLD က ပံ့ပိုးကူညီသွားဖို့ ရှိလား။
ဖြေ ။ ။ တပ်မတော်ကို Very Modernize Army ဖြစ်ဖို့ဆိုရင် ကျနော်တို့ ပြည်သူလူထုရဲ့ အခွန်နဲ့ လုပ်ပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ခေတ်မီတပ်မတော် ဖြစ်ရေးဆိုတာ ကျနော်တို့ တိုင်းပြည်ကာကွယ်ရေးအတွက် လိုတယ်။ တခုပဲ ရှိတာက ကျနော်က ပြောချင်တာက တိုင်းပြည် ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော် ဖြစ်စေချင်တဲ့ဆန္ဒ ကျနော်မှာ ရှိတယ်နော်။ တိုင်းပြည် ကာကွယ်ရေးအတွက် ဟုတ်ပြီနော်။ ကာကွယ် ရေးအတွက်နော်။
မေး ။ ။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တွေရော တိုးလာဖို့ ရှိလား။
ဖြေ ။ ။ ဒါကတော့ဗျာ။ လွှတ်တော်ထဲမှာ ကျနော်တို့ တင်ထားတာ ရှိပါတယ်။ တဖြည်းဖြည်းချင်းတိုးပြီးတော့ ၂၀ ရာခိုင်နှုန်းအထိလို့ ပြောနေတာရှိတယ်။ ဒါတွေက ဘတ်ဂျက်ရတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ တိုးသင့်တဲ့ဟာတွေပါ။ လူထုလက်ထဲကို တိုက်ရိုက်ရောက်အောင် လုပ်ပေးနိုင်တာမျိုးကတော့ လုပ်ရမှာပါ။
မေး ။ ။ အန်ကယ် ခုနက ပြောသွားတဲ့အထဲမှာ တိုင်းရင်းသား အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွေ ပါပါတယ်။ တပ်မတော်မှာကလည်း ဒို့တာဝန် အရေး ၃ ပါးဆိုတာရှိတယ်။ အန်ကယ်တို့ ဒီလိုဆောင်ရွက်ရင်းနဲ့ တပ်မတော်ရဲ့ အကျိုးစီးပွား၊ ရပ်တည်ချက်ကို ထိခိုက်လာရင် ပြဿနာ ရှိနိုင်တယ်လို့ ဂျပန်သတင်းစာ Nikkei Asian Review က ရေးပါတယ်။ အဲဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ဘာများ ပြောစရာ မရှိပါဘူး။ ဒါသူတို့ရဲ့ ထင်မြင်ချက်ပဲလေ။ ဟိုဟာထဲက စကားလုံးနဲ့ပြောရင် ဒါက ပုလိပ်အထင်ပေါ့။
မေး ။ ။ တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက် ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့ ဘယ်လို လုပ်ကြမလဲ။ အရင်အစိုးရ လက်ထက် မှာတော့ ကျပ် ၃ သိန်းအထက် မယူရလို့တောင် ပုံစံမျိုး လုပ်ခဲ့ရတာဆိုတော့ လာဘ်ပေးလာဘ်ယူမှုကို ဘယ်လောက်အထိ လျှော့ချနိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ ခန့်မှန်းချက်တွေက ရမ်းသန်းပြောလို့ မရဘူး။ နောက်ပြီး မလုပ်နိုင်ဘူးဆိုရင် ရှက်စရာကြီးဗျာ။ ပြောရရင် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးက ကျနော်တို့ နိုင်ငံမှာ လုပ်ဖို့လိုတယ်။ ကျနော်တို့ရဲ့ Corruption Index က အရမ်းဆိုးတယ်။ အဆိုးဆုံးနီးပါးလောက် ရှိတယ်။ အဲဒီဟာကြီးကို ကျနော်တို့က လျှော့ချအောင်တော့ လုပ်ရမှာပေါ့နော်။ Anti-corruption Commission ဆိုတာလည်းပဲ ရှိကို ရှိရမယ်။ မရှိလို့ မရဘူး။ ရှိပြီးတော့ ဘာမှမလုပ်ဘဲနဲ့ အရေးမယူဘဲနဲ့ သတိပေးရုံလောက်နဲ့လည်း ဘာမှမဖြစ်ဘူး။ အရေးယူတာတွေ လုပ်ပြပြီဆိုရင်တော့ နည်းသွားမှာပေါ့။
ခုနက ပြောသလို ၃ သိန်း ပေးရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ Gift Policy ကိုလည်း ပြန်ပြီးတော့ သုံးသပ်ရမယ်။ သူများနိုင်ငံတွေမှာ ဘယ်လောက်ပဲ ရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်သိသလောက် ဒေါ်လာ ၁၀၀ ဟာ အများဆုံးပဲဗျာ။ ဒေါ်လာ ၁၀၀ ဆိုတာ ၁ သိန်းကျော်လောက် ရှိတာပေါ့နော်။ Anti-corruption ကို စဉ်းစားပြီဆိုရင် ဒါတွေလည်း ဘက်ပေါင်းစုံက စဉ်းစားရမယ်။ စောင့်တော့ကြည့်ပါ။ တဖြည်းဖြည်းပဲ စောင့်ကြည့်ပါ။
မေး ။ ။ အရင် အစိုးရအဆက်ဆက်က မြေသိမ်းမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြေသိမ်းပွဲကြီး လုပ်နေတယ်လို့တောင် ပြောဆိုကြတာတွေ ရှိပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြေတွေ ပြန်လျှော်ပေးတယ်။ လျော်ကြေးပေးတာတွေ ရှိပေမယ့် ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး မြေယာ ပေါ်လစီတို့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ NLD အစိုးရမှာ ဘယ်လို စဉ်းစားထားတာတွေ ရှိလဲ။
ဖြေ ။ ။ ခုနက ပြောလိုက်တဲ့ Making Peace က ဦးစားပေးထဲမှာ ပါပါတယ်။ မြေသိမ်းပွဲကြီးမှာ အဓိက နစ်နာသူတွေက ပြည်သူတွေပါ။ အခြေခံ တောင်သူလယ်သမားတွေပါ။ ဒါက ဦးစားပေး ဖြေရှင်းမယ့်အထဲမှာ ပါပါတယ်။ ဖြေကို ဖြေရှင်းရမယ်။ ဦးစားပေး လုပ်ငန်းထဲမှာ ဒါပါတယ်။ နောက်ပြီးတော့ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတာလည်း ပါသွားမှာပေါ့နော်။ ဆင်းရဲမွဲတေမှုကို ဘယ်လောက်လျှော့ချရမယ်လို့ ကျနော်တို့ လောလောဆယ် မပြောနိုင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဆင်းရဲမွဲတေမှုက လျှော့ချရမှာပဲ။ ကျွဲကူးရေပါ ပါလာတာတွေ ရှိတယ်။ မြေသိမ်းတာ ဖြေရှင်းဖို့ ဆိုတာလည်း ဦးစားပေး လုပ်ငန်းထဲမှာ ပါမှာပါ။