အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် လက်ထက် တည်ဆောက်သည့် လမ်းမျာ းသည် အနည်းဆုံး ၅ နှစ် မခံဘဲ ပျက်စီးခဲ့ပါက တာဝန်ခံ ဆောက်လုပ်သည့် အင်ဂျင်နီယာများကို ထောင်ထဲပို့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က သတိပေးပြောဆိုလိုက်သည်။
ယနေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၃ တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း ယာဉ်မတော်တဆမှု လျှော့ချရေး ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲတွင် ဝန်ကြီးက အထက်ပါအတိုင်းပြော ဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ ဒီနေရာကနေ ရဲရဲဝံဝံ အာမခံရဲတယ်။ အစိုးရတက်ပြီးနောက်ပိုင်း လမ်းတလမ်း ၅ နှစ်မှ မခံရင် အဲဒီအင်ဂျင်နီယာ ထောင်ထဲပို့ပစ်လိုက်မယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းခိုင်က ဆိုသည်။
ယခင်အစိုးရ အဆက်ဆက် တည်ဆောက်ခဲ့သော လမ်းများသည် မိုးရာသီနှင့် အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ ပျက်စီးမှုများ ဖြစ်ပြီး မကြာခဏ ပြန်ပြင်နေရခြင်းအပေါ် ဝေဖန်မှုများမြင့်တက်နေချိန်တွင် ဝန်ကြီး၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျနော်တို့ တိုင်းပြည်မှာ အကျင့်ပါသွားတာက လူတွေ အုပ်ချုပ်တဲ့စနစ်ကြီးက တော်တော်ကို အရိုးစွဲသွားတယ်။ လူတွေကို အားကိုးပြီး အုပ်ချုပ်တဲ့စနစ်က ဘယ်တော့မှ မကောင်းဘူး။ လူတယောက်တက်လာရင် တမျိုးဖြစ်မှာပဲ။ သူ့ရဲ့စိတ်တွေ သူ့ဆန္ဒတွေနဲ့ ဖြစ်ကုန်ရော။တိုင်းပြည်မှာ စနစ်နဲ့ အုပ်ချုပ်မယ့်အစား လူတွေက အုပ်ချုပ်နေတာ ဖြစ်တဲ့အတွွက် လူတွေ အုပ်ချုပ်တဲ့စနစ်ကြီး အရိုးစွဲလာပြီး လူတယောက်ပြောင်းရင် အဲဒီလူရဲ့ စိတ်၊ ဆန္ဒတွေအတိုင်း ဖြစ်လို့ လူနဲ့ အုပ်ချုပ်တဲ့စနစ်ဟာ လုံး၀ မကောင်းဘူး”ဟု ဦးဝင်းခိုင်က ဆိုသည်။
ယာဉ်မတော်တဆမှုကြောင့် လူအသေအပျောက်များသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို အကုန်ပြန်လည် ပြုပြင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ငွေကြေး ဘတ်ဂျက်မရှိကြောင်း၊ ထို့ကြောင့် မိုင် ၂၀ ခန့် လမ်းကို ဆောက်လုပ်ရေး နည်းပညာ ဝန်ထမ်းများနှင့် အကောင်ဆုံးဖြစ်စေရန် ပြုပြင်ဆောင်ရွက်ပြီး ကျန်လမ်းပိုင်းများ ပြင်ဆင်ရန် နိုင်ငံတကာ အကူအညီရယူမည်ဟု ဦးဝင်းခိုင်က ဆက်လက်ပြောဆိုသည်။
“ဘတ်ဂျက်ကတော့ မရှိဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဘတ်ဂျက်ခွဲလိုက်ရင် တမြို့နယ်ကို ၁၀ ဘီလီယံလောက်ပဲ ကျန်တယ်။ နိုင်ငံတကာက Development Partner တွေ ကျနော်တို့ ရှာရတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ Infrastructure တွေ ကောင်းဖို့ အရမ်းကို လိုနေပါတယ်။ ပြည်နယ်တွေ ကောင်းဖို့လည်း အများကြီး လိုပါတယ်။ ကျေးလက်နဲ့ ခရိုင်နဲ့ ဆက်တဲ့လမ်းတွေလည်း ကောင်းဖို့ အများကြီး လိုပါတယ်။ ဒါတွေ အကောင်အထည်ဖော်နိုင်မှ ပြည်သူလူထုရဲ့ ဘဝက မြင့်တက်လာမယ်” ဟု ဦးဝင်းခိုင်က ဆိုသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သိန်း ၁၀၀ အောက် အခန်း ၄၀ ပါ တန်ဖိုးနည်း အိမ်ရာတခုကိုလည်း နေပြည်တော်တွင် စံပြ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အများပြည်သူ မြေဂရန် လေ ျှာက်ထားမှုများကိုလည်း ၄၅ ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ပြောဆိုသည်။