သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တတ်တဲ့ သဘောသဘာဝ အတိုင်း အခုလည်း ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲက ဒီနှစ်အတွက် စိတ်ဝင်စားစရာ မင်္ဂလာပွဲ သတင်းတပုဒ် ဖြစ်လာနိုင်ပါတယ်။
လတ်တလောမှာ “အာဘွား” ဆိုတဲ့ တတိယမြောက် တေးစီးရီး CD ထွက်ရှိထားတဲ့ ဝိုင်းစုခိုင်သိန်းဟာ သူ့မင်္ဂလာပွဲကို ထူးထူးခြားခြား အမှတ်တရဖြစ်အောင် ချစ်သူများနေ့မှာ ရွေးချယ်ကျင်းပခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
“ဝိုင်းစုတို့တတွေ တိုင်ပင်ပြီး မင်္ဂလာပွဲ ၄ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆွမ်းကျွေးကို မင်းကွန်းမှာ လုပ်ဖို့ စီစဉ်ထားတယ်၊ နောက်ပြီး မင်္ဂလာလက်မှတ် ရေးထိုးပွဲကိုတော့ Parkroyal Hotel မှာလုပ်မှာပါ။ မင်္ဂလာဘိသိက်ပွဲ အခမ်းအနားကို Sedona Hotel မှာလုပ်မှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုကျတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်မှာပါ” လို့ သူ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေအကြောင်း ရှင်းပြပါတယ်။
ဝိုင်းစုခိုင်သိန်းနဲ့ လက်ထပ်မယ့် ကိုဥက္ကာမြင့်ကြူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်း အမေရိကားမှာ သီချင်းသွားဆိုစဉ် တွေ့ဆုံခဲ့ကြတာလို့ ကိုဥက္ကာမြင့်ကြူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာက မင်္ဂလာဘိသိက်ပွဲဖြစ်ပြီး မင်္ဂလာပွဲတွေ ပြီးတဲ့အခါ သူတို့နှစ်ဦးစလုံးက အလုပ်ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သီးသန့်အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။
ဝိုင်းစုခိုင်သိန်းက သူခံစားနေရတဲ့ အမျိုးသမီးရောဂါ ကျန်းမာရေး အခြေအနေ လုံးဝပြန်ကောင်းသွားပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ ပရိသတ်တွေကို ဧရာဝတီကတဆင့် ဟြေပါတယ်။
“ဝိုင်းစုတို့ မင်္ဂလာပွဲပြီးရင်လည်း မိဘတွေနဲ့အတူ ဒီမှာပဲနေမှာပါ။ ဝိုင်းစုချစ်တဲ့ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သူက ဝိုင်းစုအပေါ်မှာ နားလည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက အမေရိကားမှာ ရှိတော့ ဝိုင်းစုတို့ သွားလိုက်၊ ပြန်လိုက် လုပ်ရမှာပေါ့။ ဒီမှာလည်း သူ ကုမ္ပဏီဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” လို့ သူတို့ရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။