အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေမည့် ရေရှည်တည်တံ့သော စီးပွားရေး မော်ဒယ်ပုံစံသစ်အတွက် အသေးစိတ်အစီအစဉ် ရေးဆွဲရန် စီစဉ်ထားကြောင်း ပြောဆိုလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေသော ကမ္ဘာ့စီးပွားရေးညီလာခံသို့ ယမန်နေ့က ပေးပို့သော မိန့်ခွန်းဗီဒီယိုတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“ကျမတို့ နိုင်ငံအတွက် ကျင့်ဝတ်နဲ့လည်းညီ၊ အသစ်လည်းဖြစ်၊ ရှိပြီးသားအပေါ် ထပ်ဆင့်မွမ်းမံတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ဖြစ်ပေါ်စေမယ့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးဖို့ ဆန္ဒရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “စီးပွားရေး တိုးတက်မှုဟာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကနေ မြန်မာအတွက် လုပ်ဆောင်ပေးခဲ့တဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးကိစ္စတွေအပေါ် အခြေတည်တာထက် ပိုပါတယ်။ တရားမျှတပြီး ထိရောက်စွာ စီမံခန့်ခွဲပေးနိုင်မယ့် အားကောင်းသော ဥပဒေနဲ့ စည်းမျဉ်းတွေနဲ့ အာမခံချက် ပေးနိုင်ဖို့ တရာရေးဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်” ဟု ပြောကြားသည်။
ဒါဗို့စ် ညီလာခံသို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားခဲ့ပြီး ဦးသိန်းစိန်ကိုယ်စား စက်မှု (၁) နှင့် (၂) ဝန်ကြီး ဦးစိုးသိန်းက တက်ရောက်ကာ ဒေါ်အောင်ဆန်းစုကြည်ကမူ ဗီဒီယိုမိန့်ခွန်းသာ ပေးပို့ခဲ့သည်။
ဦးစိုးသိန်း တက်ရောက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြုသဘောပြောင်းလဲမှု လက္ခဏာတရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးသွားသည်။
အထက်လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည်လည်း ယမန်နေ့က တရုတ် CNTV ရုပ်သံဌာန၏ မေးမြန်းခန်းတွင် စီးပွားရေးတိုးတက်မှုနှင့် ကာကွယ်ရေးမြှင့်တင်မှုကို အသားပေး ပြောဆိုသွားသည်ကို တွေ့ရှိရသည်။
“စီးပွားရေးကောင်းလို့ရှိရင် နိုင်ငံရေးလည်း တည်ငြိမ်မှာပဲ။ တရုတ်ပြည်ဆိုရင် စီးပွားရေးကောင်းတဲ့အတွက် နိုင်ငံရေး တည်ငြိမ်တာပေါ့နော်။ ပြီးတော့မှ စီးပွားရေး ကောင်းလာတယ်ဆိုရင် ကာကွယ်ရေးစွမ်းအားကလည်း လိုက်ပြီး မြှင့်ရမှာပေါ့။ လူက ချမ်းသာလာလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပိုပြီးလိုတာပေါ့” ဟု ဦးခင်အောင်မြင့်က ပြောဆိုသွားသည်။