ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့တို့သည် မကြာ ခင် ရက်ပိုင်းအတွင်း ထပ်မံ တွေ့ဆုံရန် စီစဉ်ထားသည်။
နှစ်ဖက်ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ရွှေလီမြို့ကို အဆိုပြုထားပြီး မတ်လ ဒုတိယ အပတ်တွင် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ် ကြောင်း သိရသည်။
“ဆွေးနွေးပွဲက ဒီလ အတွင်းမှာတော့ ရှိပါတယ်၊ ဘယ်နေ့ ဘယ်ရက် ရယ်လို့တော့ အတိအကျပြောလို့ မရသေးပါဘူး၊ အခုအချိန် ထိကတော့ စကား အပြန်အလှန် ပြောနေကြတုန်းပါပဲ”ဟု KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဧရာဝတီသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ KIO အနေနှင့် သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ အားလုံး ပါဝင်မည် ဖြစ် သည်ဟု ဆိုသည်။ သို့သော် ဦးဆွမ်လွတ်ဂမ်က အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယခုလ ၇ ရက်နေ့ နောက်ပိုင်း တွေ့ဆုံနိုင်မည်ဟု ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး စင်တာရှိ အလုပ်အမှုဆောင်များကို ယမန်နေ့က ရှင်းပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
လတ်တလောတွင် ဝန်ကြီး ဦးအောင်မင်း အနေနှင့် KIO ခေါင်းဆောင်များကို တိုက်ရိုက် ညှိနှိုင်းနေသည်ဟုလည်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးမည့် အကြောင်းအရာ အများကို လတ်တလော မသိရှိရသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့စဉ် ဆက်လက် တွေ့ဆုံနွေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။
နောက်ဆုံး တွေ့ဆုံခဲ့သည့် ရွှေလီမြို့ အစည်းအဝေးကို အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ မွေးမြူရေးနှင့် ရေ လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်တို့ တက်ရောက်ပြီး KIO ဘက်မှ ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗဟိုတရားရေးဌာန တာဝန်ခံ ဦးလဖိုင်လ၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့ တက် ရောက် ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် KIA ခေါင်းဆောင်များက ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့သည့် သတောတူညီမှု တချို့တို့ကို နှစ်ဖက် ကိုယ်စားလှယ်များ ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ ပူးတွဲ ကြေညာချက်တွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှုများ လျှော့ချနိုင် ရေး နှင့် နောက်တကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး တို့ ဖြစ်ကြောင်း ပါရှိသည်။
ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က“KIO ဘက်ကလည်း အရင်ရွှေလီ ဆွေးနွေးပွဲထက် လူ ပိုများလာမှာပါ၊ နှစ် ဖက်စလုံးက လူထပ်ဖြည့်ဖို့ အစီအစဉ် ရှိတယ်၊ အရေးကြီးတဲ့ အပိုင်း အခုမှ ရောက်လာတယ်ဆိုတော့ မူတခု ချပြီးရင် နောက်ပိုင်း ပြည်တွင်းမှာ ဖြစ်လာမယ်ဆိုတော့ ဒီအဆင့်က နည်းနည်း အရေးကြီးလာတဲ့ သဘောရှိတယ်”ဟု ဆိုသည်။
ကချင်ဒေသတွင် ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်တဦး သတင်းပေးပို့ချက်အရ KIO နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ပြန် လည် တည်ဆောက်ရန် ကမ်းလှမ်းထားသော်လည်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ် ဒေသတချို့တွင် တိုက်ပွဲများ ဖြစ်ပွား၍ စစ်အင်းအား တိုးချဲ့မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။
အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ် ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုး အိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများနှင့် ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။