[irrawaddy_gallery]
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်မလမ်းမကြီးရဲ့ မိုင်တိုင် ၆၂ အကျော်လေးကနေ ရာဘာစိုက်ခင်းတွေကို ဖြတ်ပြီး ပဲခူးရိုးမတောထဲကို တိုးဝင်၊ ဘောနီဆည်ကြီးဘေးကနေ ပတ်ပြီး လမ်းလျှောက်ခဲ့ကြတယ်။ လျှိုမြောင်တွေကို ဖြတ်၊ အပင်ကြီးတွေ မရှိတော့တဲ့ တောင်တွေကိုကျော်လို့ ၂ နာရီလောက် လမ်းလျှောက်သွားလိုက်တဲ့အခါမှာ ဟိုးယခင် ကွန်မြူနစ်ပါတီ ပဲခူးရိုးမကို စိုးမိုးထားတဲ့ခေတ်က ရှိခဲ့တဲ့ အင်တိုင်းရွာဟောင်း နေရာလေးကို ရောက်တယ်။
အင်တိုင်းရွာဟောင်းရဲ့ အစွန်ဘက်မှာတော့ ဂုံညှင်းတန်းချောင်းကလေးက ကွေ့ပတ်စီးဆင်းနေခဲ့ပါတယ်။ အဲဒီချောင်းကလေးထဲကို လူကိုယ်တိုင်ဆင်းပြီး ၂ မိနစ်လောက် လမ်းလျှောက်လိုက်တဲ့အခါကြတော့မှ ရေထဲမှာ တောဆင်ရိုင်းကြီးရဲ့ ခေါင်းအရိုးစုကြီးကို မြင်လိုက်ရတယ်။ အဲဒီနဲ့ မလှမ်းမကမ်းမှာ အမြီးပိုင်းက တင်ပါးဆုံရိုးကြီးက ရေထဲမှာပဲ ထိုးထိုးထောင်ထောင်နဲ့။ ရေထဲကို စမ်းကြည့်လိုက်တဲ့အခါကြတော့ ခါးအဆစ် အရိုးစုကြီးတွေကို ရေထဲကနေ နှိုက်ယူလိုက်တယ်။
“ဒါက အမြန်ကားလမ်းမနဲ့ဆို ၄ မိုင်လောက်တောင် မဝေးတဲ့နေရာ။ သတ်တဲ့သူတွေကြောင့် သေခဲ့ရတဲ့ တောဆင်ရိုင်းတွေမှာ ကားလမ်းနဲ့ အနီးဆုံးပဲ။ သူ့အရိုးတွေကို ကြည့်မယ်ဆိုရင် ဒီဆင်ကို မိုးဦးကျလောက်က သတ်ထားတာလို့ ကောက်ချက်ချလို့ ရမယ်။ ဒီကနေ ပဲခူးရိုးမထဲကို ၅ မိုင်လောက် ထပ်သွားရင် ဆင်ရိုင်းအသေတွေ အများကြီးရှိသေးတယ်။ အခု လောလောလတ်လတ် အရိုးမကျသေးတဲ့ ဆင်ရိုင်းပေါက်လေး သေနေတဲ့နေရာက ပဲခူးရိုးမထဲကို ၂၅ မိုင်လောက်သွားရင် တွေ့ရလိမ့်မယ်” လို့ ဒိုက်ဦးမြို့နယ် ဘာနီရွာက ဒေသခံ စစ်သားဟောင်းကြီး ဦးမြင့်ဝေက ဧရာဝတီကို ပြောပြတယ်။
တောဆင်ရိုင်းများကို လွန်ခဲ့သော ၂၀၁၀ ခုနှစ်ပိုင်းလောက်ကတည်းက သေနတ်ကိုင်မုဆိုးများ သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ ကြပြီး ယခုနှစ် ဧပြီလတွင် နောက်ဆုံးတခေါက် အုပ်စုလိုက် လာရောက်ပစ်ခတ်ခဲ့ကြရာ ၎င်းတွင် ဒေသခံများ၏ ပြောပြချက်နှင့် ၎င်းကိုယ်တိုင် နေရာတချို့ သွားရောက်ကြည့်ရှုခဲ့မှုကြောင့် ဆင်အကောင် ၂၀ သေဆုံးခဲ့ရသည်ကို စာရင်းပြုစု နိုင်ခဲ့ကြောင်း၊ ပဲခူးရိုးမ အတွင်း ဆင်ရိုင်းများကို လိုက်လံပစ်ခတ်မှုက နေရာအနံှ့ဖြစ်နေသည်ကို ကြားရသောကြောင့် ၃ နှစ် အတွင်း ဆင်အကောင် ၁၀၀ နီးပါးမျှ သေဆုံးမည်ဟု ခန့်မှန်းကြောင်း ဦးမြင့်ဝေက ဆိုပါတယ်။
ရှိနေတဲ့ စာရင်းများအရ ဘောနီဆည်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ လှေကားထောင်၊ ဖောင်းတော၊ တစ်သုံးလုံး၊ အင်တိုင်းရွာ စသော ဒေသများနှင့် ဘောနီချောင်းဖျားအထိ ဆင်ပစ်မုဆိုးများက ပစ်ခတ်ခဲ့ကြတယ်လို့ သူက ဆက်ရှင်းပြတယ်။
“ဒီနှစ်အတွင်းမှာ ပစ်တာ ပိုများလာတယ်။ အရင်နှစ်တွေတုံးက အဲဒီလို ပစ်ခတ်တဲ့အသံ ကြိုကြားပဲကြားရပေမယ့် ဒီနှစ် မတ်လလောက်ထဲက အဖွဲ့လိုက် ဘောနီဆည်ကြီးကို ဗဟိုပြုပြီး တောထဲက တဲလေးတွေမှာ စခန်းချကြတယ်။ အစွယ်ရှိတဲ့ ဆင်ဆိုရင် အစွယ်ရော၊ သားရေရောယူတယ်။ အစွယ်မရှိရင် သားရေယူတယ်။ သယ်တော့ တောင်ပေါ်ကနေ ဘောနီ ဆည်ထဲကို လှေနဲ့သွားပြီးသယ်ကြတယ်။ ဟိုတလောလေးက တောဆင်ရိုင်းတွေကို သတ်တာ ဒီအဝေးပြေး အမြန်လမ်းမကြီးပေါ်ကတောင် ကြားရတယ်” လို့ ဦးမြင့်ဝေက ပြောပါတယ်။
ဆင်ပစ်ကြတဲ့သူတွေကို တောထဲ ထင်းခုတ်၊ မီးသွေးဖုတ် သွားကြတဲ့သူတွေနဲ့လည်း ဆုံခဲ့ကြဖူးသလို ဒီလိုပစ်ခတ်တာကို သက်ဆိုင်ရာကို အသိပေးတိုင်ကြားတဲ့သူတွေ ရှိရင်လည်း ရန်ရှာမယ်ဆိုတဲ့ စကားမျိုး သူတို့က ပြန်ချိန်းခြောက်လိုက်ကြတယ်လို့ တောထဲမှာ ဆုံခဲ့ကြဖူးတဲ့ ဘောနီရွာခံတွေက သူ့ကို ပြန်ပြောပြကြတယ်လို့ ဦးမြင့်ဝေက ဆိုတယ်။ မိမိအနေနဲ့ ဆင်တွေကို ပစ်ခတ်တဲ့သတင်းကြားရလို့ သက်ဆိုင်ရာ ရဲနဲ့ အုပ်ချုပ်ရေးတွေဘက်ကို အကြောင်းကြားပေမယ့် အခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေလုပ်တာ မတွေ့ရသေးဘူးလို့လည်း ပြောပြတယ်။
စက်တင်ဘာလဆန်းပိုင်းက တောဆင်ရိုင်းများကို ပဲခူးရိုးမထဲတွင် သတ်ဖြတ်နေတာကြောင့် ဆင်ရိုင်းများ ကြောက်လန့်တ ကြားဖြစ်ကာ ဘောနီကျေးရွာထဲကို ဖြတ်ပြီး အရှေ့ဘက်တောအုပ်ထဲကို ဖြတ်ပြေးသွားတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ရသေးတယ်။
လက်ရှိ ပဲခူးရိုးမတခွင်မှာ ကျက်စားနေကြတဲ့ တောဆင်ရိုင်းများဟာ အကောင်ရေ ၁၅၀ ကျော်လောက်အထိ ရှိမယ်လို့ ခန့် မှန်းရပါတယ်။ တောဆင်ရိုင်းတွေက မတ်လပိုင်းနဲ့ ဒီဇင်ဘာလပိုင်းတွေမှာ ဘောနီဆည်နားမှာရှိတဲ့ ဆားကျက်မြေကွင်းကို လာရောက်လေ့ရှိပြီး တခါတရံ အကောင် ၃၀ နီးပါးမျှ ရောက်လာတတ်တယ်။
အခုဆိုရင်သူက ဒိုက်ဦးမြို့နယ်က ရဲတပ်ဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးတွေဆီ ဆင်တွေကို လာသတ်နေတဲ့အကြောင်း သတင်းပို့ထားတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဒီသတင်းပို့ထားတယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။
ဆင်ရိုင်းထိန်းသိမ်းရေးနှင့်ပက်သက်ပြီး ယခုနှစ်တွင်မှ စီမံကိန်းစတင်နေပြီဖြစ်ကြောင်း သားရိုင်းတိရိစ္ဆာန် များ ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံဌာနခွဲမှ .ဦးစောထူးသာဖိုးက ဧရာဝတီကို ပြောပါတယ်။ လက်ရှိအချိန်တွင် ဆင် အကောင်ရေမည်မျှရှိနေသည်ကို အတိအကျ စာရင်းမကောက်ရသေးသော်လည်း နိုဝင်ဘာလအတွင်း အလောင်းတော်ကဿပ ဆင်စခန်းတခွင် တောဆင်ရိုင်းစာရင်းကောက်ယူဖို့ စီမံဆောင်ရွက်လျှက်ရှိကြောင်းလည်း ပြောတယ်။
“အဲဒီ ပဲခူးရိုးမဘက်ကို ကျနော်တို့ ဘာစီမံချက်မှ မလုပ်ရသေးဘူး။ ဆင်ရိုင်း ဘယ်လောက်ရှိတယ်၊ ဘယ်လိုအခြေအနေ တွေရှိတယ်ဆိုတာ အတိအကျ ကျနော်မပြောနိုင်ဘူး။ ဒါပေမယ့် အခုလို ဆင်ရိုင်းတွေကို သတ်ကြတဲ့သူတွေက ဆင်သားရေကို အဓိကလိုချင်နေကြတာပဲ။ ကျနော်တို့ ကျားရိုင်းထိန်းသိမ်းရေး လုပ်နေတုန်းကလည်း အဲဒီလို ဆင်ရိုင်းတွေကို သတ် တဲ့သူတွေကို မမိလိုက်ပေမယ့် ဆင်ရိုင်းသားရေတွေကိုတော့ မိခဲ့ဖူးတယ်” လို့ သူက ဆိုပါတယ်။
ဦးမြင့်ဝေရဲ့အဆို လက်ရှိ ပဲခူးရိုးမအတွင်းပိုင်းတွင် တောဆင်ရိုင်းများကို သတ်ဖြတ်မှုက နှစ်တိုင်းကြားနေရကာ ဘောနီချောင်းဖျားတွင် သာမက ပဲခူးရိုးမတလျှောက် အုပ်စုလိုက်ဖြင့် သတ်ဖြတ်နေကြကြောင်း၊ ထိုလူများသည် ဒေသခံမုဆိုးများအသုံးပြုသော သေနတ်များမဟုတ်ပဲ ခေတ်မီသေနတ်များဖြင့် လာရောက်သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီလိုပဲ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မ၊ မြစ်တရာနဲ့ ဆင်မှုံကြိုးဝိုင်းများအတွင်းရှိ တောကြီး၊ စမ်းကြီး၊ တောင်ချောင်း၊ ပိုးလောင်းရွာများအနီးမှာလည်း ၂၀၁၂ ခုနှစ် သြဂုတ်လက ယခုနှစ်ဆန်းအထိ ၆ လအတွင်း တောဆင်ရိုင်း ၆ ကောင်ကို သတ်ဖြတ်ပြီး အစွယ်တွေ ယူသွားတဲ့ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါတယ်။
ပဲခူးရိုးမပေါ်မှာနဲ့မတူ ငပုတောမှာ နောက်ဆုံးသတ်ဖြတ်ခဲ့တဲ့ တောဆင်ရိုင်းက အဆိပ်လူးမြှားနဲ့ သတ်ဖြတ်တာလို့ ယူဆရကြောင်း၊ အသက် ၄၀ အ ရွယ်လောက်ရှိတဲ့ နို့တိုက်အရွယ်ဆင်ကလေးမွေးထားတဲ့ ဆင်မဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ငပုတောမြို့နယ်၊ တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဌာနက ဦးစီးမှူး ဒေါက်တာ မြင့်သန်းက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးပါတယ်။
“ကျနော်ကိုယ်တိုင် တွေ့တာတော့မဟုတ်ဘူး။ တောထဲမှာ ဝဥသွားတူးကြတဲ့သူတွေက တောဆင်ရိုင်းတွေကို လာသတ် ကြတဲ့သူတွေနဲ့ ကြုံခဲ့ကြရတယ်လို့ ကျနော့်ကို လာပြောတာဖူးပါတယ်။ သူတို့က တနေရာထဲမှာ ကျက်စားပြီး သတ်ဖြတ်ကြ တာမဟုတ်ဘူး။ တောထဲတိုးပြီး နေရာစုံလိုက် သတ်နေကြတာ။ ကောလိယချောင်းဖျား၊ ဘောနက်ချောင်းဖျားတွေ၊ ဖဒို ဘက်တွေအထိ သူတို့က သွားကြတာလို့ကြားတာပဲ” လို့ ဒိုက်ဦး မြို့နယ်တွင် စီးပွားရေးလုပ်ကိုင်နေသော ဒေသခံတဦးဖြစ် တဲ့ ကိုဖြိုးကလည်း ဧရာဝတီကို ပြောပြတယ်။
တောဆင်ရိုင်းတွေ သေဆုံးခဲ့မှုကို သစ်တောဦးစီးဌာနမှ လာရောက်ကြည့်ရှုသွားကြောင်း၊ မကြာခင် တိရိစ္ဆာန်ဆရာဝန်များနဲ့ ဘာ့ကြောင့် တောဆင်ရိုင်းများ သေဆုံးခဲ့တာလဲဆိုတာကို လာရောက်လေ့လာမယ်လို့ ကြားရကြောင်း ဦးမြင့်ဝေက ဆိုပါတယ်။ တောဆင်ရိုင်းများ ယခုလို သတ်ဖြတ်နေတာကြောင့် တောဆင်ရိုင်းများကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ် လို့လည်း ပြောပါတယ်။
“ကျနော်ကတော့ တောဆင်ရိုင်းတွေကို အရမ်းသနားတယ်။ သူတို့တွေက ဒေသခံရွာသူရွာသားတွေကို ဘာမှဒုက္ခလည်း ပေးတာမဟုတ်ဘူး။ သူတို့ကို ကာကွယ်ဖို့ ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ကျနော့်ဘက်က ကူညီဖို့အသင့်ပဲ။ ဆင်သတ်တဲ့ မုဆိုးတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကျနော်ဘက်က ပူးပေါင်းသွားမယ်” တဲ့။