Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင်နှင့် Eleven Media Group တို့အား ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တာမွေမြို့မ ရဲစခန်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ယနေ့ အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။
ဦးဖြိုးမင်းသိန်းက “ဒေါက်တာ သန်းထွဋ်အောင်နဲ့ Eleven Media Group ရဲ့ facebook စာမျက်နှာမှာ ဖော်ပြခဲ့တာ တွေ အတွက် ၆၆(ဃ)နဲ့ အမှုဖွင့်တာပါ။ သတင်းစာမှာ ရေးသားဖော်ပြမှု အတွက်လည်း ဥပဒေအရ ဆက်လက် ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
ဝန်ကြီးချုပ်၏ တိုင်ကြားမှုနှင့်ပတ်သက်၍ (ပ) ၈၉၃/ ၂၀၁၆ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထား ကြောင်း တာမွေမြို့မရဲစခန်းကလည်း ပြောပြသည်။
Eleven Media Group အယ်ဒီတာချုပ် ဦးဝေဖြိုးက “အမှုဖွင့်လိုက်တယ်ဆိုတာ ကျနော်လည်း သိရပါတယ်။ ကျနော်တို့ အနေနဲ့ တရားဥပဒေ အတိုင်းပဲ ဆက်သွားပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။
The Daily Eleven သတင်းစာတွင် နိုဝင်ဘာ ၆ ရက်နေ့က ဒေါက်တာ သန်းထွဋ်အောင် ရေးသားခဲ့သည့် “ရွေးကောက် ပွဲ တနှစ်ကြာသော်” အယ်ဒီတာ့ အာဘော်တွင် “လစာ ဒေါ်လာ ၂၅၀၀ ခန့်ရသည့် ဝန်ကြီးချုပ်တဦး ဒေါ်လာ တစ်သိန်းခန့်တန်တဲ့ Patek Phillipe နာရီကို ဝတ်ဆင်တဲ့ သတင်းကတော့ အနည်းဆုံးလုပ်ခလစာ ၂ ဒေါ်လာ ခွဲသာရတဲ့ နိုင်ငံသား တော်တော်များများ မကျေမနပ်ဖြစ်တယ်” “ယင်းနာရီကို လက်ဆောင်ပေးသူမှာ မကြာသေးမီက မူးယစ် ဆေးဝါးအမှုဖြင့် ထောင်ကလွတ်လာခဲ့သော သူဌေးကြီးတဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်း ကို တင်ဒါအောင်မြင်ခဲ့သူတဦး ဖြစ်ကြောင်းသိရသည်”စသည့် စာသားများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းသို့ သတင်းစာ၏ ဖော်ပြမှုတွင် မည်သူတဦးတယောက်၏ အမည်နာမကိုမှ ဖော်ပြရေးသား ထားခြင်း မရှိခဲ့ပေ။
သို့ရာတွင် ၎င်း အယ်ဒီတာ့အာဘော်အား ဖော်ပြခြင်းမပြုခင် ဒေါ်လာ တသိန်းခန့် တန်သည့် နာရီအား ဦးဖြိုးမင်းသိန်း ဝတ်ဆင်ထားကြောင်း လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook တွင် အသုံးပြုသူတချို့က ရေးသားဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည်။
“ရွေးကောက်ပွဲ တနှစ်ကြာသော်” အယ်ဒီတာ့အာဘော်အား The Daily Eleven သတင်းစာတွင် ပုံနှိပ်ဖော်ပြခဲ့မှု အတွက် လည်း ဥပဒေအရ ဆောင်ရွက်ရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ နိုဝင်ဘာ ၇ ရက်က စာပေးပို့ ထားကြောင်းနှင့် နိုင်ငံတကာ မီဒီယာတချို့တွင်ပါ ဖော်ပြခဲ့မှု အတွက်လည်း Asia News Network အဖွဲ့များထံ ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
Patek Phillipe နာရီသည်လည်း ၎င်းတွင်မရှိကြောင်းနှင့် လက်ရှိပတ်နေသည့် Rolex နာရီသည် ဇနီးဖြစ်သူက ဝယ်ပေး ထားသည့် နာရီသာဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
ရွေးကောက်ပွဲ တနှစ်ကြာသော် အယ်ဒီတာ့အာဘော်ပါ စာသားတချို့နှင့် ပတ်သက်၍ ရန်ကုန်မြို့သစ် စီမံကိန်း တင်ဒါ အောင်မြင်ထားသူ ၃ ဦးတွင် မူးယစ်ဆေးဝါးအမှု ခေါင်းစဉ်ဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသူသည် ဦးမောင်ဝိတ် တဦးတည်းသာ ရှိကြောင်း သိရသည်။
ဦးမောင်ဝိတ်က “ဘယ်ဝန်ကြီးချုပ်ကိုမှ Patek Phillipe နာရီ လက်ဆောင်ပေးခဲ့ခြင်း မရှိပါဘူး။ အထူးသဖြင့် ရန်ကုန် တိုင်း ဝန်ကြီးချုပ်ကို ဘာနာရီမှ လက်ဆောင် မပေးဖူးပါဘူး။ ယင်းကိစ္စအား မည်သည့်ခုံရုံးတွင်မဆို အစစ်ဆေး ခံရန် အသင့်ရှိပါတယ်”ဟု ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။
ဒေါ်လာ တသိန်းခန့်တန်သည့် နာရီကိစ္စနှင့်ပတ်သက်၍လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က “ဖြိုးမင်းသိန်းကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပေးတဲ့ အကြောင်းတခုမှာ သူ့ မိသားစု က ချမ်းသာတဲ့အတွက်ကြောင့်မိုလို့ အဂတိလိုက်စားစရာ လိုမယ့်လူမဟုတ်ဘူးဆိုတဲ့ အချက်တချက် အဓိက ပါတယ်။ အခုလည်း ဂျာနယ်တစောင်က အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ NLD အစိုးရကို တိုက်ခိုက်နေ တာ ရှိတယ်။ အဲဒါက အခြေအမြစ် မရှိဘူး။ တိုက်ခိုက်တဲ့ဟာက အထောက်အထားလည်း မရှိဘူး။ အထောက်အထား ရှိရင် ကျနော်တို့က လက်ခံမယ်။ ပြင်မယ်။ ပြင်ဖို့လည်း မကြောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဝန်ကြီး တွေ ကို အဂတိ မလိုက်စားဖို့ ပြောထားတယ်။ အဂတိ လိုက်စားရင် ထုတ်ပစ်မယ်။ ထောင်ချပစ် မယ်လို့ ပြောထားပြီး သား”ဟု ဧရာဝတီသို့ ပြောသည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ဦးဝင်းထိန် ၏ BBC သတင်းဌာနသို့ ဖြေကြားရာတွင်မူ အချက်အလက်လွဲမှားမှုနှင့် Eleven Media Group အပေါ် ဂုဏ်သိက္ခာထိခိုက်စေသည့် စကားလုံးပါဝင်သည့်အတွက် ဥပဒေအရ ဖြေရှင်း ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကိုဝေဖြိုးက ပြောထားသည်။
အယ်ဒီတာ့အာဘော်ပါ ရေးသားဖော်ပြခဲ့မှုများနှင့်ပတ်သက်၍ မှန်ကန်ခြင်းရှိမရှိကို ကော်မရှင်တရပ် ဖွဲ့စည်းကာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခြင်း၊ အများပြည်သူကြား ပွင့်လင်းမြင်သာစွာ စုံစမ်း စစ်ဆေးဖော် ထုတ်ခြင်းများ ပြုလုပ်မည့် ကတိကဝတ်ရှိပါက အမှန်တရား ပေါ်ပေါက်ရေး အပြည့်အဝပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း Eleven Media Group က ယမန်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။