ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု (Northern Alliance) တို့ကြား ဖြစ်ပွား နေသည့် တိုက်ပွဲများ အမြန်ဆုံး ပြေလည်ရန်နှင့် နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး အမြန်ဆောင်ရွက်ရန် တရုတ် အစိုးရ က တိုက်တွန်းကြောင်း သတင်း ရရှိသည်။
နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ယခုလ ၂၅ ရက်နေ့က ပြုလုပ်သည့် မြန်မာ – တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဆွေးနွေးပွဲတွင် တရုတ်ဘက်က ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် နှစ်နိုင်ငံ ပူးတွဲ သတင်း ထုတ်ပြန်ချက်တွင် တွေ့မြင်ရသည်။
ပူးတွဲ ထုတ်ပြန်ချက်တွင် “မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်း ရေးကို နှစ်ဘက်လုံးက လွန်စွာ အလေးထားကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှု အခြေ အနေကို အမြန်ဆုံး ပြေငြိမ်း သွားစေရန်နှင့် မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေ မူလ ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် တရုတ်ဘက်က တိုက်တွန်း ပါသည်”ဟု ဖော်ပြထားသည်။
ထိုသို့ ဆွေးနွေး၍ ပူးတွဲ ထုတ်ပြန်ခြင်း ကို တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အင်အားစု တို့ကြား တိုက်ပွဲများဖြစ်ပွားပြီး တပတ်ခန့် အကြာတွင် ပြုလုပ်ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက စပြီး မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဟု ခေါ်ဆိုသော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။
မဟာမိတ် အင်အားစုက တပ်မတော်စခန်း၊ ရဲစခန်း တချို့နှင့် နယ်စပ် ကုန်သွယ်ရေးဇုန် တို့ကို ဝင်ရောက် စီးနင်း ပစ်ခတ် ခဲ့သလို တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော တံတားတချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသလို နှစ်နိုင်ငံအဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လည်း ပြတ်တောက် သွားခဲ့ရသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်ပြီး တရုတ်နိုင်ငံ ဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး Mr. Liu Zhenmin နှင့် တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယ ညှိနှိုင်းကွပ်ကဲရေး မှူး ဗိုလ်ချုပ်ကြီး Xu Fenlin တို့ ဦးဆောင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲမတိုင်မီ နိုဝင်ဘာ ၂၄ ရက်နေ့က နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်တင်နှင့် ဒုဝန်ကြီး Mr. Liu Zhenmin တို့ သီးခြားဆွေးနွေးခဲ့ကြသလို ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်နိုင်ငံ ဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး Mr. Liu Zhenmin တို့ အကြားတွင်လည်း သီးခြားဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အစည်းအဝေးသည် နှစ်နိုင်ငံ ဗဟို အစိုးရအကြား ပထမဆုံး အကြိမ် ပြုလုပ်သည့် အစီအစဉ် တခုဖြစ်ပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက် မှုနှင့် အကျိုးသက်ရောက်မှု ပိုမိုရရှိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။
ယင်းဆွေးနွေးပွဲကို နှစ်နိုင်ငံကြား အလှည့်ကျ ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယ အကြိမ် ဆွေးနွေးပွဲကို ၂၀၁၇ နှစ် တွင် တရုတ်နိုင်ငံ၌ ပြုလုပ်ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်ရေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခများ ပြေလည်ရေး နှစ်နိုင်ငံ အစိုးရတို့ကြား နိုဝင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးနေသည့်နေ့မှာပင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) လက်အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့က တရုတ်နိုင်ငံသို့ ထွက်ခွာ သွားသည်။
အဆိုပါ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့၏ ခရီးစဉ်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက် အရ သွားရောက် ခြင်းဖြစ်ပြီး ထိုအဖွဲ့ကို ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက ဦးဆောင်ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ တပ်မတော် အရာရှိ များနှင့် အကြံပေးအဖွဲ့ဝင်များ လိုက်ပါသွားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ငြိမ်းချမ်းရေး ကော်မရှင်၏ ထိုခရီးစဉ်၌ တရုတ် အစိုးရအနေဖြင့် နှစ်နိုင်ငံ နယ်စပ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ကြားဝင် ဆောင်ရွက်မှုတချို့ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အရေး စောင့်ကြည့် လေ့လာနေသူ တချို့က ပြောသည်။