တချို့လူတွေက ဝန်ထမ်းလောကကြီး တခုလုံး အဂတိ လိုက်စားမှုတွေနဲ့ ခြစားပျက်စီးနေပြီလို့ စွပ်စွဲကြပါတယ်။ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ အဂတိ မလိုက်စားသူ၊ လာဘ် မစားတဲ့သူတွေလည်း မလွဲမသွေ ရှိမှာပါပဲ။ အဂတိ မလိုက်စားဖို့ဆိုတာ ခက်ခဲလှတဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒီလူမှာ မြင့်မြတ်တဲ့ စိတ်ထား၊ ခံနိုင်ရည်သတ္တိနဲ့ နေစရာ စားစရာ ရှိဖို့ပဲ လိုပါတယ်။ ကံဆိုးတာကတော့ အခုခေတ်မှာ တခုရှိရင် ကျန်တခု မရှိနိုင် ဖြစ်နေတာပါပဲ။
ဟိုးခေတ်ကတော့ နည်းနည်းလောက် လာဘ်စား၊ အဂတိ လိုက်စားရင်တောင် အပြစ်ရှိသလို ခံစားကြရပါတယ်။ အခုခေတ်မှာတော့ ခေါင်က စပြီး မိုးဒလဟော ယိုနေတော့ ဝန်ထမ်းများမှာ မိုးခါးရေကို အိုအေစစ် (Oasis) ရေသန့်လို သဘောထားလာကြပါတော့တယ်။
လာဘ်ပေးတဲ့သူနဲ့ လာဘ်ယူတဲ့သူတို့ အပေးအယူ တည့်နေကြရင် အပြင်လူက ရိပ်မိ သိရှိကြမှာ မဟုတ်ပါဘူး။ ဣန္ဒြေ မပျက်ဘဲ အလုပ်ဖြစ်နေနိုင်ပါတယ်။ မရေရာတဲ့ လုံခြုံမှု မရှိတဲ့ ခေတ်ကာလမှာ ကြီးပွားလာကြတဲ့ အရာရှိကြီးများကတော့ တနှစ် အချိန်ရရင်လည်း တနှစ်၊ ခြောက်လ ရလည်း ခြောက်လ ရသမျှ လုပ်ပိုင်ခွင့်တွေကို အစွမ်းကုန်သုံးပြီး ဣန္ဒြေ မရ၊ အစွမ်းကုန် လာဘ်စား၊ အဂတိ လိုက်စား လာကြပါတယ်။ ထိပ်ဆုံးက လူကြီးမင်းများကလည်း အလိုက်သိစွာနဲ့ ကိုယ့်တပည့်လေးတွေကို အလှည့်ကျ ပြောင်းရွှေ့နေရာချထား ပေးကြပါတယ်။ အထူသဖြင့် အလိုက်သိတဲ့ တပည့်ကောင်း လေးတွေကိုတော့ အကောင်းဆုံးနေရာတွေကို ပို့ပေးတတ်ပါတယ်။
အခုလို မရိုးသားတဲ့ ဝန်ထမ်းပေါင်း သိန်းချီရှိနေတဲ့ထဲက အပေးအယူ တည့်အောင် လိမ်လိမ်မာမာ မညှိနှိုင်းတတ်ကြတဲ့ အရာရှိကြီးငယ်တွေကတော့ အတိုင်အတော ခံကြရပါတယ်။ ပြစ်မှု ထင်ရှားတဲ့ အရာရှိကြီးငယ် ၄၅၀ ကျော်ဟာလည်း မကြာမီက ဖော်ထုတ် အရေးယူခြင်း ခံလိုက်ရပါတော့တယ်။ အဲဒီ ၄၅၀ အနက်က ကံအဆိုးဆုံး ပုဂ္ဂိုလ် တဦးမှာတော့ မဲနှိုက်၍ ဖြစ်စေ၊ တနည်းနည်းနဲ့ ရွေးထုတ်ပြီး ထောင်ချပစ်တာ ခံလိုက်ရပါတယ်။ အကုသိုလ်ကံ ကြီးမားလှပေစွ။
ဝန်ထမ်းတဦး အလွဲသုံးစား လုပ်ရင် သူ့အိတ်ထဲကို ၁၀ ကျပ်ကျော်ရင် တိုင်းပြည်အတွက် ပြည်သူအတွက်မှာ ၁၀၀ ကျပ် မက ဆုံးရှုံးရနိုင်ပါတယ်။ ဒေါ်လာ သန်းပေါင်းများစွာလည်း ဆုံးရှုံးနိုင်ပါတယ်။ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာတော့ ကိုယ့် အိတ်ထဲက ခိုးဝှက်လုယူသွားတဲ့ သူကို ထောင်ချရုံနဲ့ အားမရလို့ အသက်ကိုတောင် အပြတ်ရှင်းပစ်ချင်တတ်ပါတယ်။
နိုင်ငံတော် အကြီးအကဲများကတော့ အထူး သဘောထားကြီးစွာနဲ့ နူးညံ့ပျော့ပျောင်းစွာပဲ ပြည်သူ့ဘဏ္ဍာ ခိုးယူသူ၊ အာဏာ အလွဲသုံးစား လုပ်သူ ၄၅၀ အနက်မှာ တဦးတယောက်တည်းကိုပဲ ထောင်ထဲ အသာလေး ချပေးခဲ့ပါတယ်။ ဝန်ထမ်းလောကကြိး တခုလုံးကလည်း သာဓု ၃ ကြိမ်မက အကြိမ်ကြိမ်ခေါ်နေကြမှာ မလွဲသေချာပါပဲ။
ယနေ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်နေတဲ့ အချိန်မှာ အုပ်ချုပ်ရေး လုပ်ငန်း အပိုင်းထဲမှာ လူမှန် နေရာမှန် ခန့်အပ်ထားနိုင်ရေးဟာ အထူးအရေးကြီးလှပါတယ်။ ခေတ်အခြေအနေက မပေးလို့ အားလုံး လူမှား နေရာမှားတွေနဲ့ ဆက်လုပ်နေရဦးမယ် ဆိုရင်လည်း တိုင်းပြည်အတွက် သက်သာရာ သက်သာကြောင်း နည်းလမ်းတွေ ရှာကြံသင့်ပါတယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းတခုကတော့ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးခြင်း ဖြစ်ပါတယ်။
ရှိသမျှ အိတ်တွေ အားလုံး ပြည့်ဖောင်းနေတဲ့ အရာရှိကြီးများက မဆိုစလောက် ဆုလာဘ်တွေကို မက်လှမှာ မဟုတ်ပါဘူး။ ဒဏ်ပေးပြန်တော့လည်း ကြက်မွေးလေးနဲ့ အသာလေး ပွတ်သပ်ပေးတာလောက်ပဲ လုပ်နေမယ် ဆိုရင်တော့ တိုင်းပြည်ဟာ ဖွတ်ကျောပြာစုသလို မွဲသည်ထက် မွဲဖို့ပဲ ရှိပါတော့တယ်။
မင်းတုန်းမင်း နန်းတက်ခါစ ဘဏ္ဍာငွေ ခိုးယူတဲ့ အမတ်ရဲ့ ပါးစပ်ထဲကို သူခိုးယူခဲ့တဲ့ ငွေစတွေ အရည်ကြိုလောင်းထည့် ပေးခဲ့ပါတယ်။ နောက်ထပ် သူခိုး ပေါ်မလာတော့ပါဘူး။ ဒါက အင်မတန် ရက်စက်လွန်းပါတယ်။ ခိုးဝှက်ခြစားမှု အနည်းပါး ဆုံး တိုင်းပြည်တွေဟာ ကမ္ဘာမှာ အတည်ငြိမ်ဆုံးနဲ့ အကြွယ်ဝဆုံး ဖြစ်လာကြပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ ယုံကြည်စိတ်ချ ရတဲ့ စစ်ဆေးရေးအဖွဲ့တွေက အမြဲလိုက်လံ စစ်ဆေးရပါတယ်။ မိရင်လည်း ထိထိရောက်ရောက် အရေးယူ ကြပါတယ်။
တရုတ်ပြည်ကြီးဟာ တရှိန်ထိုး တိုးတက်ချင်တဲ့ အတွက် အဂတိလိုက်စားသူ လာဘ်စားသူတွေကို သေဒဏ်အထိ ပေးတတ်ပါတယ်။ အထူးသက်ညှာတဲ့ တိုင်းပြည်တွေမှာတောင် ချက်ချင်း အလုပ်က ရပ်စဲပြီး ပိုင်ဆိုင်မှုတွေ သိမ်းတာလောက်တော့ လုပ်ကြာပါပဲ။ အဲဒါမှ လူတောထဲ မျက်နှာပြောင်နဲ့ မတိုးတော့မှာပါ။
ကျနော်တို့ ဆီမှာတော့ အဂတိလိုက်စားသူကို မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်သား ဒေသပို့ထားတာတို့၊ နှစ်တိုးလစာ ခေတ္တ ရပ်ဆိုင်းထားတာတို့နဲ့ လောက်ပဲ ပြီးတတ်ကြပါတယ်။ အလွဲသုံးစားပြုထားသူအနေနဲ့ ကတော့ အဲဒီလို ခံရရင် နောင်တကြီးစွာ ရသွားနိုင်ပါတယ်။ ဘယ်လို နောင်တရသွား သလဲ ဆိုတော့ “ဒီလိုမှန်း သိရင် ဗိုက်ပေါက်အောင် စားပစ်ပါတယ်” လို့ ပေါ့။
လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဘယ်သူက ထင်တာ ပိုလုပ်ရဲသလဲလို့ ပြိုင်နေကြပုံပါပဲ။ ခုထိတော့ သူမသာ ကိုယ်မသာ ဖြစ်နေကြပါတယ်။ တိုင်းပြည် ကောင်းလာအောင် ဘာမှ မလုပ်တတ်ကြတဲ့ သူတွေ၊ အဂတိလိုက်စားတာပဲ လုပ်တတ်သူတွေကို အချိန် အကန့် အသတ်နဲ့ သတိပေးသင့်ပါပြီ။ ပြုပြင်ပြောင်းလဲရေး စကားတွေကို ဦးသိန်းစိန်က ဘယ်လောက်ပဲ ပြောပေမယ့် သမာအာဇီဝနဲ့ ရတာမဟုတ်တဲ့ ပစ္စည်းတွေနဲ့ ဟန်ကျပန်ကျ နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ရူးချင်ယောင် ဆောင်နေကြသူတွေက တဘက်နားက ဝင်ပြီး တဘက်နားက ထွက်သွားကြတာပါ။ တကယ် commitment နဲ့ အာရုံစူးစိုက် ပြောင်းလဲမယ့်လူက ရေကြည့်ရင် လက်တဘက်တောင် မပြည့်ပါဘူး။
နှစ်ပေါင်း ၅၀ လောက် ချောက်ကမ်းပါးထဲကို ဒုန်းစိုင်း ပြေးဆင်းလာကြသူတွေ ဖြစ်လို့ ဦးသိန်းစိန်က ဘယ်လောက်ပဲ စုတ်သတ်ပေမယ့် မရပ်နိုင်ကြတော့ပါဘူး။ မရပ်ချင်ကြတော့ပါဘူး။ ဦးစောမောင်က ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးတော့ I save Burma. လိုပ ပြောခဲ့ဖူးတယ်။ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တကယ်လို့ ကံကြမ္မာဂြိုဟ်စီးပြီး တိုင်းပြည်ကို အရေးပေါ် ထပ်ကယ်တင်ရပြီ ဆိုရင်တော့ I save my government လို့သာ ပြောလိုက်ပါ ခင်ဗျား။
(စာရေးသူသည် ရန်ကုန်ရှိ ဝန်ထမ်းဟောင်းတဦး ဖြစ်သည်။)