မြန်မာနိုင်ငံ၏ အနာဂတ်ကိစ္စအရေး ပြောကြစတမ်းဆိုလျှင် နိုင်ငံရေးပြဿနာဖြစ်သော ပြည်တွင်းစစ် ရပ်စဲရေး၊ တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ အပွင့်ဆိုင်ရေး စသည့်တို့ကိုသာ ပြေးမြင်နေကြသည်။ မြန်မာ့အနာဂတ်အရေးသည် ကလေးသူငယ်များအပေါ်တွင် မူတည်နေသည်။
ကလေးသူငယ် ပြုစုပျိုးထောင်ရေးသည် နိုင်ငံရေးနှင့် တနွယ်ငင် တစင်ပါ အရေးကြီးနေသည်ကို အာဏာပိုင်တို့ မေ့နေကြသည်။ မြန်မာအာဏာပိုင်တို့ မေ့နေသဖြင့် မမေ့စေကြောင်းကို ယူနီဆက် (ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့) က တပ်လှန့်နှိုးဆော်ထားသည်။
ယူနီဆက်၏ ၂၀၁၄ စစ်တမ်း ထုတ်ပြန်ချက်အရ မြန်မာအစိုးရအနေဖြင့် လာမည့် ၅ နှစ်တာကာလအတွင်း ကလေးသူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
မြန်မာ့ကလေးသူငယ် ပြုစုပျိုးထောင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက သူရမည့် နှစ်စဉ် စုစုပေါင်းဘတ်ဂျက်၏ ၂၈ ရာခိုင်နှုန်း၊ ပညာရေးဝန်ကြီးဌာနကလည်း သူရမည့် နှစ်စဉ် စုစုပေါင်းဘတ်ဂျက်၏ ၁၂ ရာခိုင်နှုန်းကို မူကြိုနှင့် သူငယ်တန်း ပညာရေးအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း မြန်မာအစိုးရက သတ်မှတ်ခြင်းအပေါ် ယူနီဆက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယူနီဆက်သည် မြန်မာအစိုးရ၏ ကြေညာချက်ကို အားရဝမ်းသာ ကြိုဆိုသည်၊ တခါဖူးမျှ မရှိခဲ့သေးသော ကိစ္စဖြစ်သည်မို့ အားရလျှင်လည်း အားရလောက်သည်။ သို့သော် အဖျားရှုးမသွားဖို့တော့ လိုပါသည်။
ယူနီဆက်သည် မြန်မာ့ကလေးသူငယ် ပြုစုပျိုးထောင်ရေးအတွက် လုပ်ဆောင်ကြမည့် ဖော်ပြပါ ဝန်ကြီးဌာနနှစ်ခု၏ ဘတ်ဂျက်ငွေ ခွဲဝေရရှိမှု အခြေအနေကိုလည်း သိပြီးဖြစ်သည်။ သို့ဖြစ်၍ ကလေးသူငယ် ပြုစုပျိုးထောင်ရေး အစီအစဉ် ရေးဆွဲရတော့မည်ဆိုလျှင် အဓိကကျသော ရင်းမြစ်များကို ထောက်ပြထားပြီး ရည်ရွယ်ချက်မှန် ဖြစ်စေကြောင်းကိုလည်း ဝေဖန်ပေးထားပါသေးသည်။
စီစဉ်ရေးဆွဲတော့မည်ဆိုလျှင် ရည်မှန်းရမည်မှာ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေးအကျိုးအမြတ် ပြန်လည်ရရှိနိုင်မှု မြင့်မားကြောင်း၊ နိုင်ငံ၏ စီးပွားရေး မညီမျှမှုကိုလည်း ပြန်လည်ကုစားပေးနိုင်ကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသည် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ လွန်စွာနည်းပါးနေသေးကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ဆိုင်ရာဝန်ကြီးဌာန ရရှိသော ဘတ်ဂျက်စုစုပေါင်း၏ ၀ ဒသမ ၄ ရာခိုင်နှုန်းသာ ရရှိထားပြီး၊ ယင်းရရှိသည်ထဲက ၁၀ ရာခိုင်နှုန်းကိုသာ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲထားနိုင်သေးကြောင်း၊ သို့ကြောင့် လွန်စွာနည်းပါးလွန်းနေသော ငွေကြေးကလေးဖြင့် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာစရာ အကြောင်းမရှိသေးကြောင်း၊ ထို့ကြောင့် လာမည့်ငါးနှစ်တာ ကာလအတွင်း ကလေးသူငယ် ပြုစုပျိုးထောင်ရေးအတွက် ဝန်ကြီးဌာန နှစ်ခုက ဘတ်ဂျက်ငွေ တိုးမြှင့်သုံးစွဲသွားရန် မြန်မာအစိုးရအား တိုက်တွန်းရကြောင်း ယူနီဆက်က ထုတ်ပြန်ခဲ့သည်။
ယူနီဆက်က အာဆီယံနိုင်ငံအချို့တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ လုပ်ငန်းသည် ၅၇ ရာခိုင်နှုန်းကျော်ထိ အောင်မြင်မှုရရှိနေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ၂၂ ဒသမ ၉ ရာခိုင်နှုန်းသာ ဆောင်ရွက် နိုင်ကြောင်း နှိုင်းယှဉ်ထားသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် မြို့ပြနှင့် ကျေးလက်ကွာဟမှုများနေသေးကြောင်း၊ မြန်မာနိုင်ငံ၏ မြို့ပြများတွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေး ထိရောက်စွာအကောင်အထည်ဖော်မှု ၃၉ ဒသမ ၁ရာခိုင်နှုန်းရှိနေပြီး ကျေးလက်တွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်နိုင်သေးကြောင်း၊ ထိုကြောင့် ဟွာဟချက်ကျဉ်းမြောင်းအောင် ဆောင်ရွက်ရန်လိုနေသေးကြောင်းလည်း ဖော်ပြထားသည်။
ယူနီဆက်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက “သဘာ၀ အရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့၊ မြန်မာနိုင်ငံ ကလေးသူငယ်များအတွက် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသည့် လတ်တလော အရင်းအမြစ်ရှာဖွေခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးသည်။ ယင်းအစီအစဉ်ခံစစာသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်း၏။ ဖတ်မိသမျှကို မျှဝေလိုက်ပါသည်။
ယင်းအစီရင်ခံစာအရ မြန်မာနိုင်ငံက ထွက်ရှိနေသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့အား ပြည်ပသို့ တင်ပို့ရောင်းချနေရာ ယင်းသဘာဝဓာတ်ငွေ့ကို တင်ပို့ရောင်းချငွေဖြင့် မြန်မာတနိုင်ငံလုံးရှိ အခြေခံ ပညာမူလတန်းကျောင်းအားလုံးသို့ မူလတန်းအဆင့်ရှိ ဆရာ ဆရာမ တဦးစီကို တိုးမြှင့်ခန့်ထားနိုင်ကြောင်း၊ ယင်းကဲ့သို့ပင် တွင်းထွက်ကျောက်မျက်များနှင့် ပတ်သက်၍လည်း ထောက်ပြထားသေးသည်။ မြန်မာ့မြေမှ ထွက်သော ကျောက်စိမ်းတကီလိုရောင်းချမည်ဆိုလျှင် မည်သူဝယ်ဝယ် အခွန်တဒေါ်လာ ကောက်ခံမည်ဆို ပါက ယင်းကျောက်စိမ်းရောင်းချခွန် တဒေါ်လာစီကို လွန်ခဲ့သော ကိုးနှစ်တာကာလကတည်းက ဖယ်ထားပြီး စုဆောင်းလိုက်မည်ဆိုလျှင် ယင်းစုဆောင်းငွေဖြင့် မူလတန်း စာသင်ကျောင်းပေါင်း ၁၄၆၀၀ ခန့်ကို ယခု တည်ဆောက်ပြီးဖြစ်မည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာကို ဆက်တင်ပြချင်ပါသေးသည်။ မြန်မာနိုင်ငံ ထွက်သမျှကျောက်မျက်ရတနာများအား တနှစ် နှစ်ကြိမ်၊ သုံးကြိမ်မျှ လေလံတင်ရောင်းချသည်။ နိုင်ငံတကာမှ ကျောက်မျက်ပွဲစားများ ထောင်နှင့်ချီပြီး လာရောက်ကြသည်။ ယင်းလေလံတင်ရောင်းချရသမျှ၏ လေးပုံတပုံကို ဖယ်ထားပြီး မြန်မာပြည်တွင်ရှိသော ငါးနှစ်အောက် ကလေးငယ်များအား ဘက်စုံလိုအပ်ချက်များအတွက်လည်း ထောက်ပံ့ပေးမည်ဆိုလျှင် လစဉ် ကျပ် ၁၅၀၀၀ ပုံမှန်ထောက်ပံ့နိုင်လိမ့်မည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ငါးနှစ်အောက် ကလေးတဦးအား တလ ကျပ်တသောင်းခွဲ ထောက်ပံ့နိုင်မည်ဆိုလျှင် အာဟာရချို့တဲ့၍ ငါးနှစ်မပြည့်သော ကလေးများ ကူးစက်ရောဂါ တမျိုးမျိုးကြောင့် ဒုက္ခခံစားနေရသော ကလေးများ သေဆုံးမှု လျော့ပါးသွားနိုင်ဟုလည်း ဆိုထားသည်။ လက်ရှိ ကာလတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများကြားတွင် ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်း၊ ကူးစက်ရောဂါကြောင့် ကလေးများသေဆုံးမှုနှုန်း အမြင့်မားဆုံး နိုင်ငံစာရင်းဝင်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံသည် တရုတ်ဝိသမလောဘသားတချို့၏ သစ်ခိုးထုတ်မှုများကြောင့် ရတတ်ပွေနေရဆဲ နိုင်ငံဖြစ်သည်။ ယူနီဆက်ကလည်း ယင်းအခြေအနေကို နှစ်ရှည်လများ သိနေသဖြင့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြပေးထားပါသေးသည်။ မြန်မာအစိုးရအနေဖြင့် သစ်မာထုတ်လုပ်မှု အခွန်ကောက်မှုတွင် လက်ရှိကောက်ခံနေသော နှုန်းထားထက် ၀ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဆိုပါက ပိုထွက်လာသော ငွေကြေးဖြင့် နှစ်စဉ်လူမှုရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်း ၆၀၀၀ အတွက် လစာပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
မြန်မာ့အစိုးရသည် သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍအပေါ်တွင် အာရုံစိုက်မှုရှိခဲ့ကြောင်း ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပေါ်တွင် ဘဏ္ဍာငွေသုံးစွဲမှု သိသာအောင် တိုးမြှင့်ခဲ့ပါကြောင်း။ ကျန်းမာရေးကဏ္ဍတွင် ၇၈ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့ပြီး ပညာရေးကဏ္ဍမှာတော့ ၃၀ ရာခိုင်နှုန်းသာ တိုးမြှင့်သုံးစွဲခဲ့ကြောင်း ၊ သို့သော်လည်း ယင်းဝန်ကြီးဌာနနှစ်ခု တိုးမြှင့်သုံးစွဲပါသည် ဆိုသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု၏ စုစုပေါင်းတန်ဖိုး (GDP) နှင့် အချိုးချကြည့်လျှင် ၂ ရာခိုင်နှုန်းအောက်သာ ရှိနေသေးကြောင်း IMF ၏ စာရင်းဇယားများကို ယူနီဆက်က ထည့်သွင်းထုတ်ပြန်ခဲ့ပါသည်။
လက်ရှိတွင်တော့ မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေး၊ လူမှုရေးကဏ္ဍများတွင် တနှစ်ထက် တနှစ် ဘတ်ဂျက်ငွေများ ပိုမိုသုံးစွဲသွားမည်ဟု အစိုးရက ကြွေးကြော်နေသော်လည်း နိုင်ငံတော်၏ ဘတ်ဂျက်ခွဲဝေ ချထားမှုတွင် တနိုင်ငံလုံး၏ အသုံးစရိတ် စုစုပေါင်းနှင့် နှိုင်းယှဉ်သော် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍနှင့် အချိုးချကြည့်ပါက ၈ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ ရှိနေပါသေးသည်။ ထိုသို့ မြန်မာပြည်သူ တဦးလျှင် ကျပ် ၉၀၀၀ အောက်သာ အစိုးရက သုံးနေသေးသောကြောင့် မြန်မာ့ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးသည် သူ့ထိုက်နှင့်သူ့ကံ ခံကြလေရော့ဟု ဆက် သဘောထားနေဦးမည်အရေး စိုးရိမ်ကြီးစွာ သုံးသပ်တင်ပြလိုက်ရပါသည်။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် သတင်း ဆောင်းပါးများကို ပုံမှန်ရေးသားနေသူဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်)