ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများအဆုံးသတ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရအကြား ဗီဒီယိုကွန်ဖရင့် အပါအဝင် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြု ဆွေးနွေးလုပ်ဆောင်ကြရန် ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးသိန်းဇော်က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုမှာ KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ စစ်ပွဲရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိ အခြေအနေများအရ နှစ်ဖက်စစ်ရေးတင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့် KIA တို့အကြား တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေသည့်အတွက် ဗီဒီယိုကွန်ဖရင့်၊ အီးမေးလ် အပါအဝင် ခေတ်မီ အီလက်ထရောနစ် နည်းပညာများ အသုံးပြုဆွေးနွေးကြရန် တိုက်တွန်းလိုသည်ဟု ဦးသိန်းဇော်က ပြောသည်။
“လက်ရှိ ပကတိအခြေနေမှာ ဒေသအတွင်း စစ်ရေးတင်းမာမှု အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့များနှင့် KI0/KIA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များဟာ နှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ခက်ခဲမှုများ ရှိနေကြောင်း သိရှိရပါတယ်။ ဒီနေ့ ခေတ်ကာလဟာ တာဝန်ရှိသူ ကိုယ်စားလှယ်ချင်း မျက်နှာခြင်းဆိုင် တွေ့ဆုံကြမှသာ ဆွေးနွေးညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်။ ယနေ့ခေတ် နည်းပညာများအရ Video Conferencing များ၊ E-mail များ အပြန်အလှန် ပေးပို့ခြင်းများ၊ ဒါမှမဟုတ်ရင်လည်း နှစ်ဖက် သဘောတူညီထားတဲ့ Electronic ဆက်သွယ်ရေး နည်းစနစ်များနှင့် မိမိတို့၏ မူဝါဒများ သဘောထားများ လိုလားချက်များကို နှစ်ဦးနှစ်ဖက် သတ်မှတ်ထားသော ကိုယ်စားလှယ်များကနေ၍ ပြည်သူများ ထင်သာမြင်သာရှိအောင် ထုတ်ပြန်တင်ပြ အသိပေးခြင်းများဖြင့် ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးသိန်းဇော်က ဆိုသည်။
ဦးသိန်းဇော်၏ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော်အနေဖြင့် ကချင်အရေးနှင့် ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်သွားမည်ဟု သိရှိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ လွှတ်တော်အနေဖြင့် ကချင်စစ်ပွဲရပ်စဲရေး လိုလားလျက်ရှိသော်လည်း KIA နှင့် အစိုးရအကြား စစ်ရပ်စဲရေးနှင့် သဘောထားကြီး ဆွေးနွေးရေး ဖော်ဆောင်မှသာလျှင် လွှတ်တော်၏ တိုက်တွန်းချက် အောင်မြင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်သည်။
“အဓိက ကတော့ နှစ်ဦးနှစ်ဖက် လက်တွေ့ လုပ်ကြဖို့ အရေးကြီးပါတယ်။ လွှတ်တော်က တိုက်တွန်းတာကို အလေးအနက်ထားပြီး KIA ရော၊ အစိုးရရော လုပ်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးရမှာပေါ့။ မဟုတ်ဘဲနဲ့တော့ နှစ်ဦးနှစ်ဖက်က ငြိမ်းချမ်းရေးအတွက် မဆွေးနွေးကြဘူးဆိုရင် တကယ်နစ်နာတာက ပြည်သူတွေပါပဲ” ဟု ဦးကြည်မြင့်က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ငြိမ်းချမ်းရေး တည်ဆောက်ရန် အရေးကြီးဆုံးမှာ ယုံကြည်မှုဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု ပျောက်ဆုံးနေကြောင်း ပြောသည်။
KIA နှင့် အစိုးရအကြား ၁၈ လကျော်ကြာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် ဒုက္ခသည် တသိန်းနီးပါး အိုးအိမ်များ စွန့်ခွာထွက်ပြေး နေထိုင်နေရကြောင်း၊ အစိုးရစစ်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြု ထိုးစစ်ဆင်လျက် ရှိသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် စိတ်ဒဏ်ရာများ ရရှိနေကြောင်း ကချင်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။