ကရင်ပြည်နယ် လော်ခီးလာတွင် ပြုလုပ်နေသည့် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး” ၌ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအကြောင်း ထည့်သွင်းဆွေးနွေးပေးရန် ကချင်အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း သိရသည်။ ကချင်ပြည်နယ်မှ စစ်ဘေးရှောင်သူများသည် ဒုက္ခသည်စခန်းများ၌ အနည်းဆုံး အချိန်ကာလ တနှစ် ထပ်မံ နေရဦးမည်ဖြစ်ကြောင်းနှင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ ထောက်ပံ့ပေးနေသည့် ရန်ပုံငွေကို တိုးမြှင့်ပေးစေလိုကြောင်း၊ ယိုယွင်းလာသည့် ဒုက္ခသည် စခန်းများကို ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်နေပြီး အစားအစာများ လုံလောက်အောင် ထောက်ပံ့ပေးစေလိုသည်ဟု ကချင်အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုခြင်း ဖြစ်သည်။ မိုးတွင်းကာလတွင် အမိုးအကာ ပျက်စီးနေပြီး ဆေးဝါး မလုံလောက်မှုကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါများ အဖြစ်များနေသည်ဟု သိရသည်။ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ဒုက္ခသည် စုစုပေါင်း ၁၁၀,၆၀၈ ဦး ရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်နေသူများသည် လတ်တလောတွင် ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည်။ လော်ခီးလာ ညီလာခံကို ကရင်ပြည်နယ်ရှိ ကရင်အမျိုးအသား အစည်းအရုံး (KNU) တပ်မဟာ ၇ (လော်ခီးလာ) နယ်မြေတွင် ဇွန်လ ၂ ရက်မှ ၆ ရက် အထိ ကျင်းပနေခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။