ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို ကောက်ခံနေသည့် ဝင်ငွေခွန် နှုန်းထားကို ဧပြီ ၁ ရက်နေ့မှ စတင်ကာ ၅ ရာခိုင်နှုန်း လျော့ချသွားရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန် (ဘဏ္ဍာ/ အခွန်) ဝန်ကြီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
လက်ရှိတွင်၂၀၁၂ ဧပြီ ၁ ရက်မှ စတင်ကာ အသက်မွေးဝမ်းကြောင်းပညာ လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ၊တနိုင်တပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမ အသင်းနှင့် အသင်းစုများ၊နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ အပေါ်တွင် ၁၂ သိန်းနှင့် အထက် ဝင်ငွေရရှိမှုအပေါ် တနှစ်လျှင် ၃၀ ရာခိုင်နှုန်း ဝင်ငွေခွန် ကောက်ခံခဲ့သော်လည်း ဘဏ္ဍာရေး တစ်နှစ်တာမျှထိုသို့ ကောက်ခံခဲ့ပြီးနောက် ယခုအခါ ၅ ရာခိုင်နှုန်း လျှော့ပေါ့ကာ ၂၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဟု သိရသည်။
“ကောက်ခံမှုမှာ ကုမ္ပဏီတခုကို သူတို့ရတဲ့ ဝင်ငွေစုစုပေါင်းထဲက တိုက်ရိုက်ကုန်ကျငွေ၊ သွယ်ဝိုက်ကုန်ကျငွေ၊အုပ်ချုပ်ရေးပိုင်း ကုန်ကျငွေတွေနဲ့ ဈေးလျှော့ ရောင်းချမှုတွေကို နုတ်ပြီး ကျန်တဲ့ငွေအပေါ်မှာ အခွန်ကောက်တယ်။ဒီအပေါ်မှာ လျှော့ချသွားမှာပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် အိမ်၊ ကား၊ တိုက်ခန်း၊ ဆိုင်ခန်း ရောင်းဝယ်ခြင်းတို့၌ နှစ်တနှစ်အတွင်း ရရှိသည့် ဝင်ငွေစုစုပေါင်း ကျပ် သိန်း ၅၀ ထက် ပိုပါက ၃၀ ရာခိုင်နှုန်း ကောက်ခံသည့် အပေါ်တွင်လည်း ၂၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အခွန် ကောက်ခံရာတွင် ဝင်ငွေနှစ်၊ စည်းကြပ်နှစ် ဟူ၍ နှစ်မျိုးရှိကြောင်း၊အမြတ်အပေါ်တွင် အခွန် ကောက်သည့်အတွက် ၂၀၁၂ ဧပြီ ၁ ရက်မှ ၂၀၁၃ မတ် ၃၁ အထိကို ဝင်ငွေနှစ်ဟု သတ်မှတ်ထားကြောင်း၊၂၀၁၃ ဧပြီ ၁ ရက်မှ စ၍ စည်းကြပ်နှစ်ဟု သတ်မှတ်ထားကြောင်း ၎င်းအပေါ်တွင် ကုမ္ပဏီများ အဆင်ပြေစေရေးအတွက် အခွန်လျှော့ပေါ့ခြင်း ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားရေးမှူးက ဆိုသည်။
ဝါးခယ်မ ဆန်စပါးအထူးပြု ကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ပြောင်းလဲကောက်ခံမည့် အခွန်စနစ်ကို ကြိုဆိုကြောင်း၊ လက်ရှိ အစိုးရ ချမှတ်ထားသည့် အခွန်စနစ်မှာ သင့်တင့်သော ကောက်ခံမှု ဖြစ်သည်ဟု ထင်မြင်ကြောင်း အခွန် ကောက်ခံရာတွင် ကောက်ခံသည့် ဝန်ထမ်းများ အားနည်းခြင်း၊ ကြန့်ကြာမှုရှိနေခြင်း အပေါ်တွင် ပြင်ဆင်ဆောင်ရွက် ပေးစေချင်ကြောင်း ပြောသည်။
“အခွန်တွေနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်မှာ ဌာနအနေနဲ့ ဝန်ထမ်းပိုင်း အားနည်းနေတယ်။နောက်ပြီး ထစ်တာတွေ၊ ရစ်တာတွေကြောင့် တယောက်နဲ့တယောက် ယုံကြည်မှု ပျက်ခဲ့ကြတယ်။တဦးနဲ့တဦး ယုံကြည်မှုရှိအောင် အခွန်ထမ်းတွေ တင်ပြလာတာကို မှန်ကန်တဲ့ တင်ပြမှုလို့ပဲ လက်ခံပေးတယ်။ အခွန်ရှောင်တာတွေ ရှိတယ်။အသေးစိတ် စစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူး” ဟု ဘဏ္ဍာ/ အခွန် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
ပြည်ပနိုင်ငံမှ လာရောက်ဖွင့်လှစ်သည့် ကုမ္ပဏီများကို အခွန်ကောက်ရာတွင် ပြည်တွင်းနေ နိုင်ငံသား၊ ပြည်ပနေ နိုင်ငံသား ဟူ၍ နှစ်မျိုး ခွဲခြားထားရာတွင် ပြည်တွင်းနေ နိုင်ငံခြားသား ကုမ္ပဏီများသာ ယခုထုတ်ပြန်မည့် အခွန်ဆိုင်ရာ သက်သာခွင့်ကို ခံစားရမှာဖြစ်ကြောင်း၊ ၎င်းခံစားခွင့်တွင် ပြည်ပနေ နိုင်ငံသားများကို မူလတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းနေ နိုင်ငံသားဆိုတာက တနှစ်မှာ ရက်ပေါင်း ၁၈၃ ရက်ထက် ပိုနေတဲ့နိုင်ငံသားကို ပြောတာပါ။ ဒီလူတွေ ဖွင့်ထားတဲ့ ကုမ္ပဏီဆိုရင် အခုခံစားခွင့်ကို ခံစားလို့ရမယ်။ အဲဒီလို မနေတဲ့သူကို ပြည်ပနေ နိုင်ငံခြားသားလို့ သတ်မှတ်တယ်။ဒီလူဆိုရင်တော့ ဒီခံစားမှု မရဘူး။ နဂိုအတိုင်း ၃၅ ရာခိုင်နှုန်း အခွန် ပေးဆောင်ရမယ်။ဝင်ငွေဟာ နိုင်ငံခြားငွေနဲ့ ရရင် နိုင်ငံခြားငွေနဲ့ ပေးရပါမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ပြင်ဆင်မှုမှာ ဘဏ္ဍာ/ အခွန် ဝန်ကြီးဌာန၏ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် ၁၁/ ၂၀၁၂ ကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ပြီး ပြင်ဆင်မည့် အမိန့်ကြော်ငြာစာ အသစ်မှာ ၂၀၁၃ ဧပြီ ၁ ရက်နေ့တွင် စတင် အသက်ဝင်မှာ ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဘဏ္ဍာ/ အခွန် ဝန်ကြီး ဌာနသည် ဝင်ငွေခွန် ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ဝင်ငွေခွန် ကောက်ခံမှုများကို ပြောင်းလဲပြင်ဆင် နိုင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်သည်ဟု သိရသည်။ ထို့အပြင် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စု အစိုးရသည် ဝင်ငွေရရှိသူ တဦးဦး သို့မဟုတ် ဝင်ငွေ ရရှိသူတမျိုးမျိုးနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ဝင်ငွေတရပ်ရပ် သို့မဟုတ် ဝင်ငွေ အမျိုးအစား တရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ အခွန် ကင်းလွတ်ခွင့်ပေးခြင်း၊ အခွန် သက်သာခွင့် ပေးခြင်း၊ အခွန်နှင့် စပ်လျဉ်းသည့် တခြားခံစားခွင့် ပေးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။