ဘက်မလိုက်အဖွဲ့ ညီလာခံအတွင်း အများစုဆန္ဒမဲအရ ဒေါက်တာနိုင်အောင် ဗဟိုနဲ့ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ၁၀၀ ရာခိုင်နှုန်း ထောက်ခံမှုရခဲ့တာမျိုးတော့ မဟုတ်ပါ။ ၂ နှစ်ကျော် ဘက်မလိုက်အဖြစ် သီးခြားရပ်တည်လာပြီးမှ မူလပန်းတိုင်ဖြစ်တဲ့ ဗဟို ၂ ခု ပြန်ပေါင်းတဲ့အထိ မလုပ်နိုင်ဘဲ လက်လျှော့လိုက်တဲ့ ခေါင်းဆောင်တွေ၊ ကော်မတီတွေအပေါ် ရဲဘော်အများစုက အတော်လေး အားမလိုအားမရ ဖြစ်သွားပုံရပါတယ်။
“ဒီလိုပေါင်းမယ်ဆိုရင် အစကတည်းက ဘာလို့ ဘက်မလိုက်ရပ်သေးလဲ” လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပြီး ဒါဇင်နဲ့ချီတဲ့ ရဲဘော်တွေ တပ်ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့ ဘက်မလိုက် တပ်အင်အား ၁၅၀ ကျော်ထဲက ၃၀ လောက်အထိ ချက်ချင်းထွက်သွားကြတဲ့အတွက် ထိုင်းထဲ ဂိတ်အဝင်အထွက်တွေကို KNU ဘက်က တင်းကျပ်လိုက်တဲ့ အထိဖြစ်ခဲ့ပါတယ်။
ဆိုလိုတာကတော့ အရင်ကဆိုရင် လက်နက်ကိုင် တော်လှန်ရေးကို စိတ်ကုန်လို့ဖြစ်စေ၊ တောတွင်းဘ၀ ကြမ်းတမ်းမှုကို မခံနိုင်လို့ဖြစ်စေ၊ တခြား အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ တပ်ကနေ နုတ်ထွက်သွားတဲ့ ရဲဘော်တဦးစ နှစ်ဦးစ KNU ဂိတ်တွေကိုဖြတ်ပြီး ထိုင်းထဲဝင်သွားတာ သိပ်မသိသာပေမယ့် အခုလို လူဒါဇင်နဲ့ချီပြီး တကြိမ်တည်း ထထွက်သွားတဲ့ အခါမှာတော့ KNU ဘက်က စိတ်ပူသွားတာလို့ ယူဆရပါတယ်။ ဒီအတွက် KNU ကျောင်းသားရေးရာ တာဝန်ခံအပေါ် ထွက်သွားတဲ့ရဲဘော်တွေက အမြင်စောင်းမှုတွေ ဖြစ်ခဲ့သေးတယ်လို့ နောက်ပိုင်းကျမှ ပြန်သိခဲ့ရပါတယ်။
နောက်တချက်ကတော့ ဘက်မလိုက်အဖွဲ့ ညီလာခံလုပ်တဲ့အချိန်အထိ ပင်လယ်ပြင်ထဲ ခရီးလွန်နေတဲ့ စစ်ကြောင်းမှူး ကိုဇော်မင်းနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ သိရပါတယ်။ တခါ ဒုရင်းမှူး ကိုမင်းဇော်သူကလည်း ပင်လယ်ပြင်စစ်ကြောင်းအတွက် အရေးပေါ်ကိစ္စရှိလို့ဆိုပြီး ညီလာခံမပြီးခင်မှာ မင်းသမီးစခန်းကနေ ရနောင်းကို ဆင်းသွားပါတယ်။ တလလောက် ကြာတဲ့အခါမှာတော့ တပ်ရင်းမှူး ကိုသောင်းညွန့် ကိုယ်တိုင်လည်း ရနောင်းဖက်ဆင်းပြီး ဒုရင်းမှူးနဲ့အတူ ပင်လယ်ပြင် စစ်ကြောင်းကိစ္စ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုနဲ့ ၁၉၉၃ အောက်တိုဘာ လလယ်လောက်မှာတော့ ဒုရင်းမှူး ကိုမင်းဇော်သူနဲ့ ပင်လယ်ပြင်စစ်ကြောင်းမှူး ကိုဇော်မင်းတို့ ၂ ဦး ရနောင်းမှာ ပျောက်ဆုံးသွားတယ်လို့သတင်းထွက်လာပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်းငါးဖမ်းလှေတွေ၊ မြန်မာဖက်က သစ်မှောင်ခိုလှေတွေမှာ အခွန်တွေကောက်ပြီး အဲဒီငွေတွေနဲ့ ရနောင်းဘက်မှာ လက်နက်ဝယ်ကာ ပင်လယ်ထဲ ပြန်မဆင်းခင်လေးမှာ အခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။ ရနောင်းမှာနေထိုင်တဲ့ ဘုတ်ပြင်းမြို့နယ် အခြေစိုက် သစ်လုပ်ငန်းပိုင်ရှင်တဦးက ဖိတ်ကြားတဲ့ ညစာစားပွဲကိုအသွားမှာ အခုလို ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ အဲဒီကာလက သူတို့အဖွဲ့နဲ့အတူ တာဝန်ထမ်းဆောင်နေသူတဦးက ပြောပါတယ်။ ကိုမင်းဇော်သူနဲ့ ကိုဇော်မင်းတို့ ပျောက်ဆုံးတဲ့သတင်းကြားရတာ အခုဆိုရင် ၁၉ နှစ်ရှိသွားပြီဖြစ်ပေမယ့် ဘယ်အဖွဲ့စည်းကမှ အတိအကျ စုံစမ်းဖော်နိုင်ခြင်း မရှိသေးပါဘူး။
အကွဲအပြဲရဲ့ ဒဏ်ရာဒဏ်ချက်တွေအဖြစ် နုတ်ထွက်သူ၊ ကျဆုံးဆုံးသူတွေ ရှိခဲ့ပေမယ့်လည်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လုပ်နိုင်ဖို့ ၂၀၁ တပ်ရင်း ၂ ခု ပြန်လည်ပေါင်းစည်းရေးကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုတပ်ရင်း ၂ ခု ပြန်ပေါင်းစည်းမှုမှာ အဓိက တာဝန်ယူ ဆောင်ရွက်သူတွေကတော့ ဘက်မလိုက်အဖွဲ့ဘက်မှ အတွင်းရေးမှုး ကိုအောင်မော်၊ စည်းရုံး-ပြန်ကြားတာဝန်ခံ ဆရာ ဦးဟန်လင်း၊ တပ်ရေး တပ်ထောက်အရာရှိ ကိုမင်းဇော်ရွှေ၊ တပ်ခွဲမှူးတွေဖြစ်တဲ့ ကိုသိန်းမြင့်ကျော်၊ ကိုခင်မောင်ချိုနဲ့ ကိုအောင်သန့်တို့ ၆ ဦး ဖြစ်ပါတယ်။ ကိုနိုင်အောင်တို့ ၂၀၁ ဘက်မှာ တာဝန်ယူ ဆောင်ရွက်သူတွေကတော့ တပ်ရင်းမှူး ကိုဇော်သန်း၊ ဒုရင်းမှူး ဆရာဦးအောင်မြင့်၊ ရေး-ထောက်အရာရှိ ကိုဝင်းအောင်၊ တပ်ခွဲမှူးတွေဖြစ်တဲ့ ကိုဘုန်းကျော်နဲ့ ကိုမြင့်လွင်တို့ ဖြစ်ပါတယ်။
ကျနော်ကတော့ တပ်ရင်း ၂ ခု ပြန်ပေါင်းစည်းချိန်မှာ မင်းသမီးဒေသမှာ မရှိတော့ဘဲ ပရာကျွတ်၊ ထပ်စကဲဘက်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်မှာ ပင်လယ်ပြင်ကိစ္စ တာဝန်ယူနေရပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့က ဒေါက်တာ နိုင်အောင် ဗဟိုနဲ့ ပေါင်းစည်းကြောင်း ကြေညာချက်ထုတ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒေါက်တာ နိုင်အောင် ဗဟိုရဲ့ တောင်းပိုင်းစစ်ဒေသ၊ သို့မဟုတ် အဲဒီကာလအခေါ် တောင်ပိုင်းဒေသ ဗဟိုအလုပ်ဖွဲ့ (ဗလဖ) အဖွဲ့ခေါင်းဆောင်နဲ့ ဗဟိုအတွင်းရေးမှူး (၁) ကိုအောင်ထူး (အခု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ) က ကျနော်ကို ဗလဖအဖွဲ့ဝင်အဖြစ် တာဝန်ပေးလိုက်လို့ ဖြစ်ပါတယ်။
ပင်လယ်ပြင်မှာ ရန်ပုံငွေရှာသူများ
ပင်လယ်ပြင်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီး ရှေ့ပိုင်းအခန်းတွေမှာ အတော်များများ တင်ပြခဲ့ပြီး ဖြစ်တဲ့အတွက် ပင်လယ်ပြင်အပေါ် တော်လှန်ရေးတပ်တွေ ဘယ်လောက် စိတ်ဝင်စားမှုပြင်းပြနေသလဲ ဆိုတာကို စာဖတ်ပရိသတ် ခန့်မှန်းမိမှာပါ။ ဒီလိုနဲ့ တောင်ပိုင်းဒေသ ဖလဖအဖွဲ့ဝင်ဖြစ်လာတဲ့ ကျနော်ဟာ အဖွဲ့ဝင်ဖြစ်ပြီး သတင်းတပတ်လောက် အတွင်းမှာတင် “ပူးတွဲပင်လယ်ပြင်ရန်ပုံငွေ ရှာဖွေရေး” ရုံးမှာ တာဝန်ပေးခံလိုက်ရပြန်ပါတယ်။ ပူးတွဲဆိုတာဟာ ကျနော်တို့ ABSDF တပ်တွေအချင်းချင်း ပူးတွဲတာတင်မကပါဘူး။ ပင်လယ်ပြင်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေအားလုံး ပူးတွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောလို့ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဆောင်ရွက်တဲ့အခါမှာတော့ အဓိကတပ်ကြီးဖြစ်တဲ့ KNU မပါဘဲ မွန်ပြည်သစ်ပါတီ – မြိတ်ခရိုင်ရယ်၊ ဗကပ – မြိတ်ခရိုင်နဲ့ ကျနော်တို့ ABSDF ဒေါက်တာ နိုင်အောင် ဗဟိုဘက်က အင်အားစု ၃ ခုသာ ဖြစ်နေတာကို ကျနော်တွေ့ရပါတယ်။ အဲဒီအချိန် ဗကပ တနသာၤရီတိုင်းကနေ မြိတ်ထားဝယ်-ညီညွတ်ရေးတပ်ဦးအဖြစ် အမည်ပြောင်းထားပြီးပြီလို့ ထင်ပါတယ်။ ဒါပေမယ့် မူလအမည်ဖြစ်တဲ့ ဗကပအဖြစ်ပဲ ခေါ်နေကြဆဲဖြစ်ပါတယ်။
ပူးတွဲပင်လယ်ပြင်အဖွဲ့အကြောင်း မပြောခင် တောင်ပိုင်း ဗလဖ အကြောင်း အကျဉ်းတင်ပြရမယ်ဆိုရင် ကိုနိုင်အောင်တို့ ဗဟိုလက်အောက်ခံ တောင်ပိုင်းတပ်ရင်း ၃ ခု ဖြစ်တဲ့ ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်းကိုယ်စား ဦးစီးဆောင်ရွက်နိုင်ဖို့ အတွင်းရေးမှုး ၁ ကိုအောင်ထူး ကိုယ်တိုင်ဦးစီးတဲ့ ဗဟိုအလုပ်ဖွဲ့တခု မင်းသမီးဒေသမှာ လာရောက် အခြေစိုက်ထားပါတယ်။ တပ်ရင်းအသီးသီးက ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ၁၀၁ မှ ကိုတင်စိုးနောင်၊ ၂၀၁ မှ ကျနော်နဲ့ ကိုကျော်ထင်၊ ၂၀၃ မှ ကိုသောင်းထွန်းတို့အပြင် ဗဟိုကော်မီတီတွေထဲမှာ ကိုဝေလင်းဇင်၊ ကိုဝင်းနိုင်၊ ကိုကျော်မိုး အပါအဝင် ဗဟိုဆက်သွယ်ရေး၊ ဆေးနဲ့ စည်းရုံးရေးဌာနက အဖွဲ့ဝင်တွေလည်း ဒီအဖွဲ့မှာ ပါဝင်နေတာကို တွေ့ရပါတယ်။ အလယ်ပိုင်း ဒေသအပါဝင် တခြားဒေသတွေမှာလည်း အလားတူ အလုပ်ဖွဲ့ ဗလဖ တွေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပူးတွဲပင်လယ်ပြင်အဖွဲ့အတွက် ဗလဖ ကိုယ်စား တာဝန်ပေးခြင်း ခံရသူတွေကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုမှ ကိုဝေလင်းဇင်၊ အဖွဲ့ဝင်တွေအဖြစ် ၂၀၁ မှ ကျနော်နဲ့ ၁၀၁ မှ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။ ကျနော်တို့ ၃ ဦးဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်၊ ပရာကျွတ်ကတဆင့် ပင်လယ်ကမ်းခြေမြို့လေးတခုဖြစ်တဲ့ ထပ်စကဲမြို့ဆီ ရောက်လာပါတယ်။ အဲဒီမြို့က မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးမှာ ခေတ္တတည်းပြီး နောက်တရက်မှာတော့ ထပ်စကဲမြို့နဲ့ မြန်မာနိုင်ငံ မြိတ်ခရိုင်နယ်စပ်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ဌာနချုပ်ရုံးရှိရာ “ဟွေးဖတ်စခန်း” ဆီရောက်လာပါတယ်။ အချိန်ကာလအားဖြင့် ၁၉၉၃ စက်တင်ဘာနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းလို့ ထင်ပါတယ်။
ထပ်စကဲမြို့အစွန် ထိုင်းရွာတွေကနေ မြေနီလမ်းအတိုင်း တောင်ပေါ်ကိုတက်လာရတဲ့ ကားလမ်းဟာ မိုးရွာထားတဲ့အတွက် ချောနေပြီး ဖိုးဝှီးကားနဲ့တောင် မနည်းကြိုးစား တက်ခဲ့ရပါတယ်။ တောင်ထိပ်ရောက်တဲ့ အခါမှာတော့ KNU မြိတ်-ထားဝယ်ခရိုင် ရုံးနီးပါး သားသားနားနား ဆောက်လုပ်ထားတဲ့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးနဲ့ တခြားအဆောက်ဦတွေကို တွေ့ရပါတယ်။ ခရိုင်ရုံးဘေးက စည်းရုံးရေးမှူးတဦးရဲ့ နေအိမ်မှာ ကျနော်တို့စခန်းချပြီး နောက်တရက်မှာကျင်းပမယ့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင် ဆင်မှုတွေလုပ်ခဲ့ပါတယ်။ မူလအစီစဉ်တိုင်းဆိုရင် ကျနော်တို့ ABSDF ဗဟို ၂ ဖွဲ့ရယ်၊ မွန်ပြည်သစ် ပါတီ-မြိတ်ခရိုင်ရယ်၊ ဗကပ မြိတ်-ခရိုင်ရယ် ပေါင်းပြီး ၄ ဖွဲ့ပါတဲ့ ပင်လယ်ပြင် ပူးတွဲစစ်ကြောင်း လုပ်ဖို့ပါ။ ဒါပေမယ့် ဘာတွေ အဆင်မပြေဖြစ်ခဲ့သလဲတော့ မသိပါ။ ကျနော်တို့ ဟွေးဖတ်ကို ရောက်တဲ့ ရက်မှာပဲ အထွေထွေအတွင်းရေးမှုး ဆလိုင်းကိုကိုဦး အပါအဝင် ကိုမိုးသီးဇွန်တို့ဗဟိုက ကိုယ်စားလှယ်အဖွဲ့တခုလုံး ဟွေးဖတ်ကနေ ထွက်သွားတာကို ကျနော်မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရှာဖွေ ရေးအဖွဲ့ဟာ ၃ ဖွဲ့တည်းနဲ့ ဆက်လက် ခရီးနှင်ခဲ့ရပါတယ်။
ဒီအဖွဲမှာပါဝင်သူတွေကတော့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်မှ ခရိုင်တပ်မှူး ဗိုလ်မှုးဝင်းအောင် (ကွယ်လွန်)၊ ခရိုင်ကော်မီတီ နိုင်ကလင်ထန်နဲ့ နိုင်သိန်းတင်၊ ဗကပ-မြိတ်ခရိုင်မှ ခရိုင်တပ်မှူး ဗိုလ်မှုး စိုးလွင် (ကွယ်လွန်)၊ သူ့သမက်လည်းဖြစ် တပ်မှုးတဦးလည်းဖြစ်တဲ့ ကိုဖေကြည် (ပြန်ဝင်) နဲ့ ကိုအေးထွန်း (ပြန်ဝင်)၊ ကျနော်တို့ ABSDF မှ ကိုဝေလင်းဇင် (အခုထိ ABSDF ဗဟိုမှာ တာဝန်ထမ်းနေဆဲ)၊ ကိုသန်းနိုင် (အခုအမေရိကန်) နဲ့ ကျနော်တို့ ပါဝင်တဲ့ ၉ ဦးကော်မတီဖြစ်ပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းမယ့် ထိုင်းလှေတွေအားလုံး ကျနော်တို့ကော်မတီမှာ အခွန် လာဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအခွန်ဆောင်ထားတဲ့ လက်မှတ်ရှိ မရှိကို ပင်လယ်ပြင်ထဲရှိ ကျနော် တို့တပ်တွေက စစ်ဆေးမှာဖြစ်ပြီး မရှိတဲ့လှေကို ဖမ်းဆီးကာ ၃၊ ၄ ဆမက ထပ်မံဒဏ်တပ်မှာ ဖြစ်ပါတယ်။
အခွန်ကောက်ခံတဲ့ နှုန်းထားတွေကတော့ လှေအမျိုးအစား၊ အရွယ်အစား၊ ရေခဲတုံးအရေတွက်ပေါ် မူတည် ကွဲပြားခြားနားပြီး အနည်ဒဆုံး လှေတစီးကို ဘတ် ၅၀၀၀ ကနေ ၃ သောင်းလောက်အထိ ရှိပါတယ်။ ရေခဲတုံး ၁၀၀ ကျော်ပါတဲ့ ဝါလတ်လှေဆိုရင် ဘယ်လောက်၊ ဝါတန်းလှေက ဘယ်လို၊ ကင်းမွန်မီးထွန်းလှေက ဘယ်ပုံ စသဖြင့် အတိအကျသတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ပြီးတာနဲ့ ကြေညာချက်ထုတ်ပြီး ရနောင်းက ငါးဖမ်းလှေပိုင်ရှင်တွေ၊ လှေကိုယ်စားလှယ်တွေနဲ့ ပင်လယ်ပြင်ထဲက ကျနော်တို့တပ်တွေ အားလုံးဆီ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရနောင်းရှိ ထိုင်းငါးဖမ်းလှေကိုယ်စားလှယ်တွေ ထပ်စကဲမြို့ဆီ ရောက်လာပြီး ကျနော်တို့ ပူးတွဲကော်မတီ ယာယီရုံးထိုင်တဲ့ မွန်ပြည်သစ်ပါတီ ထပ်စကဲရုံးဆီ အခွန်လာဆောင်ကြပါတယ်။
ထိုင်းလှေပိုင်ရှင်တွေ။ လှေကိုယ်စားလှယ်တွေ ဆိုပေမယ့် ဒီလူတွေအားလုံးဟာ မြန်မာစကား ကောင်းကောင်းပြောတတ်ပြီး ရနောင်းမှာ အနေကြာလို့ ထိုင်းနိုင်ငံသားဖြစ်သွားတဲ့ တနင်္သာရီတိုင်းသားတွေသာ ဖြစ်ပါတယ်။ သူတို့စကားပြောတဲ့လေသံဟာ မြိတ်လေသံပေါက်နေပြီး ထားဝယ်လေသံပေါက်တဲ့ကျနော့်ကို အတော်လေး ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ သူတို့အဓိကပြောတဲ့အထဲမှာ အခွန်နှုန်းထား လျှော့ပေးဖို့၊ လှေတစီးမက ပိုင်ဆိုင်သူတွေကို အထူးနှုန်းနဲ့လျှော့ပေးဖို့၊ ပိုင်ရှင်တဦးတည်းဆိုရင် လက်မှတ်တစောင်တည်းနဲ့ လှေ ၃၊ ၄ စီး သုံးခွင့်ပေးဖို့ စသဖြင့်ပါဝင်ပါတယ်။ ဒီလို ငွေကြေးကိစ္စအပြင် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ ကိစ္စတခုကတော့ တော်လှန်ရေးတပ်တွေရဲ့ ညီညွတ်မှုကို ဝေဖန်မှု ဒါမှမဟုတ် သူတို့အခွန်ပေးရ သက်သာအောင် အကြံပေးတာလို့လည်း ပြောနိုင်တဲ့ ဝေဖန်မှုတခု ဖြစ်ပါတယ်။
“ခင်ဗျားတို့ ပူးတွဲအဖွဲ့မှာ တော်လှန်ရေးတပ်တွေ အားလုံးပါရင် ပိုကောင်းတာပေါ့။ အခုဟာက ဘယ်ဘယ်နှမျိုးကြီးလဲ” လို့ အဲဒီပုဂ္ဂိုလ်တွေက တီးတိုးပြောပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ ပူးတွဲအဖွဲ့မှာ တော်လှန်ရေးတပ်တွေ အားလုံးပါမယ်ဆိုရင် ကျနော်တို့ရုံးမှာ အခွန်လာဆောင်လိုက်တာနဲ့ ပင်လယ်ပြင်ထဲမှာ အားလုံး အိုကေ သွားမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အခုက အားလုံးတစုတည်း မလုပ်နိုင်သေးတဲ့အတွက် ကျနော်တို့ဆီမှာ အခွန်ဆောင်လိုက်ရုံံနဲ့ ကိစ္စကမပြီး။ ကိုမိုးသီးဇွန်တို့တပ်တွေ၊ KNU တပ်တွေ၊ ရခိုင်တပ်တွေ၊ တခြားတပ်တွေနဲ့တွေ့ရင် တွေ့တဲ့အဖွဲ့တိုင်းကို သူတို့အခွန်ထပ်ဆောင်ကြရဦးမှာပါ။ အဲဒီကာလကတော့ ကိုယ်က အခွန်ကောက်တဲ့အရာရှိဘဝဆိုတော့ သူတို့ဘက်က တင်ပြချက်ကို သိပ်အလေးမထားခဲ့ပါဘူး။ ဒါပေမယ့် အခုချိန် ပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ဦးတည်ချက် တူပါတယ်ဆိုတဲ့ တော်လှန်ရေးတပ်တွေ တဖွဲ့တည်းပေါင်းပြီး မလုပ်နိုင်တာ ဘာကြောင့်လဲ။ သဘောတရားထက် အကျိုးစီးပွားကို ပိုဦးစားပေးခဲ့မိလို့လား။ “တူတာတွဲလုပ်။ မတူတာခွဲလုပ်” ဆိုတဲ့ တပ်ပေါင်းစုမူတောင် အဓိပ္ပာယ်တမျိုး ထွက်ခဲ့လေသလားလို့ စဉ်းစားနေမိပါတယ်။
လှေသူဌေး “ထောင်ကဲ” တွေဘက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့ မည်သို့ပင်ဆိုစေကာမူ လောလောဆယ် ပင်လယ်ပြင်မှာ ငါးဖမ်းနိုင်ဖို့၊ အမြတ်အစွန်းများစွာရမယ့် ငါးဖမ်းလုပ်ငန်းစီမံကိန်းကို မစွန့်လွှတ် နိုင်သေးတော့ ကျနော်တို့ဆီမှာ အခွန်ဆောင်ရတဲ့အလုပ်ကို သူတို့ပျက်ကွက်လို့မဖြစ်။ ဒီလိုနဲ့ ကားတစီးပြီးတစီး အဆက်မပြတ် ကျနော်တို့ရုံးမှာ အခွန်လာဆောင်နေကြပါတယ်။ နောက်ပိုင်းမှာတော့ ငွေသားတွေကို သိန်းနဲ့ချီပြီး ရနောင်းကနေ ထပ်စကဲအထိ သယ်လာရတာ လုံခြုံရေး စိတ်မချလို့ဆိုပြီး ငွေကို ဘဏ်နဲ့အရင်လွှဲပြီးမှ ကျနော်တို့ရုံးမှာ လက်မှတ်လာယူကြတာကို တွေ့ရပါတယ်။
သူတို့ဘက်က ငွေသယ်ရတဲ့အပေါ် လုံခြုံရေး ိတ်မချသလို ကျနော်တို့ဘက်ကလည်း ထိုင်းနယ်မြေထဲမှာနေပြီး ထိုင်းတွေကို အခွန်ကောက်နေတဲ့အပေါ် စိတ်မချဖြစ်လာတဲ့အတွက် ထပ်စကဲကနေ မွန်ပြည်သစ်ပါတီ-မြိတ်ခရိုင် စီးပွားရေးဌာနရှိရာ “ချုံချီစခန်း” ဆီ ရုံးခန်းပြောင်းလိုက်ပါတယ်။ ချုံချီစခန်းဟာ ဟွေးဖတ်စခန်းရဲ့ အောက်ဖက် ကီလိုမီတာ ၆၀၊ ၇၀ ခန့်အကွာမှာ ရှိတယ်လို့ခန့်မှန်းရပြီး ထပ်စကဲနဲ့ ဘန်းစဖန်မြို့ ၂ ခုကြား အဝေးပြေးကားလမ်းနဲ့ မိနစ် ၃၀ ခန့် ကားမောင်းလိုက်ရုံနဲ့ရောက်နိုင်တဲ့ ဆက်သွယ်ရေး အလွယ်ကူဆုံးနေရာဖြစ်ပါတယ်။ ကားမရှိတဲ့ ကျနော်တို့လည်း အငှားဆိုင်ကယ်စီးနိုင်ပြီး ဘန်ကောက်-ဖူးခက် အဝေးပြေးကားလမ်းဘေးကနေ ချုံချီစခန်းအထိ ဆိုင်ကယ်တခေါက်မှ ဘတ် ၅၀ ပဲပေးရပါတယ်။
ချုံချီစခန်း တောင်ထိပ်တည့်တည့် ထိုင်းဖက်ကမ်းမှာ ထိုင်း တောချတော (နယ်ခြားစောင့်တပ်) ဂိတ်တခုရှိပါတယ်။ အဲဒီဂိတ်ကိုကျော်ပြီး ၅ မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ မွန်ပြည်သစ်ပါတီ စီးပွားရေးဌာနရဲ့ ပရိဘောဂ ထုတ်လုပ်ရေးရုံးခန်းကို ရောက်ပါတယ်။ အဲဒီမှာ အဓိကထုတ်လုပ်နေတဲ့ ပစ္စည်းတွေကတော့ တောပိတောက်သားတွေနဲ့ (တချို့ကတော့ မဟော်ဂနီလို့ခေါ်ပါတယ်) လုပ်ထားတဲ့ ကုလားထိုင်မျိုစုံနဲ့ စားပွဲတွေဖြစ်ပါတယ်။ ဒီရုံးဟာလည်း ရှေ့မှာတင်ပြခဲ့တဲ့ ထီးခီးက ကေအန်ယူခရိုင်ရုံးနီးပါး ကျယ်ဝန်ပြီး သစ်မာတွေနဲ့ အခိုင်အမာဆောက်ထားတာ ဖြစ်ပါတယ်။
ဒီရုံးမှာ ကျနော်တို့အုပ်စု တပတ်လောက်တည်းပြီးတဲ့ အခါမှာတော့ ကျနော်တို့ ပင်လယ်ပြင်စစ်ကြောင်းအတွက် သီးခြား ရုံးခန်းတခုကို ဒီရုံးနဲ့ ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့ မွန်ပြည်သစ်ပါတီ ချုံချီဒေသ တပ်ခွဲရုံးရှိရာ အခြား တောင်ထိပ်လေးတခုမှာ ဆောက်ခွင့်ရခဲ့ပါတယ်။ အဲဒီကာလ ချုံချီဒေသတပ်ခွဲမှူးကတော့ ဗိုလ်ဉာဏ်ထွန်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗိုလ်အောင်မိန် တာဝန်ယူတယ်လို့ ကျနော် အမှတ်ရနေပါတယ်။ တပ်ခွဲရုံးနဲ့ မျက်နှာချင်းဆိုင်ရှိ ကျနော်တို့ရုံးဟာ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရမှာမို့ စားပွဲ၊ ကုလား ထိုင်တွေနဲ့ အသေချာပြင်ထားတဲ့အပြင် စားဖိုဆောင်တခု၊ မီးစက်တလုံးပါ ပါဝင်တဲ့အတွက် တော်လှန်ရေးကာလ တောတွင်းရုံးခန်းတွေထဲမှာတော့ အသားနားဆုံးထဲ တခုပါဝင်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
ကားနဲ့ဆင် ဗွက်ပြင်မှာတွေ့တဲ့နေရာ
ချုံချီစခန်းရှိ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရုံးခန်းမှာ ၄၊ ၅ လ တာဝန်ထမ်းနေစဉ်အတွင်း ကျနော့်မျက်စိထဲ အခုချိန်အထိ မှတ်မိနေတဲ့ မြင်ကွင်းတခုကတော့ ဒုတိယကမ္ဘာစစ်အတွင်းကကျန်နေတဲ့ စစ်သုံးဒေါ့ဂျစ်ကားဟောင်းပေါ်မှာ ဆန်အိတ်တွေကိုတင်၊ အဲဒီကားကို ဆင်နဲ့ဆွဲပြီး သယ်နေတဲ့ ဗကပမြိတ်ခရိုင် ရဲဘော်တွေပဲ ဖြစ်ပါတယ်။ မိုးတွင်းကာလဆိုရင် မြေနီလမ်းမှာ ရေအိုင်ပြီး ဗွက်ထနေတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ မွန်စီးပွားရေးဌာနအထိပဲ ထိုင်းဖက်ကကားတွေ လာလို့ရပါတယ်။ အဲဒီနေရာမှာ ဆန်အိတ်တွေကို ထိုင်းကားပေါ်ကနေချ၊ အင်ဂျင်ပျက်နေတဲ့ ဒေါ့ဂျစ်ကားအဟောင်းပေါ်တင်၊ ပြီးမှ သူတို့ တပ်ရင်းပိုင် ဆင်ကြီးတကောင်နဲ့ အဲဒီဒေါ့ဂျစ်ကားပျက်ကို ကြိုးနဲ့ဆွဲ။ ရဲဘော်တချို့က ကားပေါ်ထိုင်ပြီး အော်ဟစ်ဆူညံစွာနဲ့ လိုက်ပါသွားကြပါတယ်။ သူတို့ရဲ့ ထူးဆန်းတဲ့ ဆင်ဆွဲဆန်ကားကြီးဟာ စီးပွားရေးဌာနကနေ ကျနော်တို့ရဲ့ ပင်လယ်ပြင်ရုံးကိုဖြတ်၊ အဲဒီကနေ ကုန်းဆင်းတခုကို ခဲရာခဲဆစ်ဆင်းပြီးတဲ့ အခါမှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်ရှိ အိမ်ခြေ ၁၀၀ ဝန်းကျင် မွန်ဒုက္ခသည်ရွာလေး တရွာကို ရောက်ပါတယ်။
အဲဒီရွာက မွန်ဘုန်းကြီးကျောင်းမှာ သတင်းတပတ်ကြာ ထိုင်းစာသင်ဖူးခဲ့ပေမယ့် ရွာအမည်ကို ကျနော်မမှတ်မိတော့ပါ။ ဒီရွာကအိမ်တွေဟာ ထီးထာကအိမ်တွေလို ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ပေမယ့် သစ်တို ဝါးစတွေနဲ့ အတော်လေး သေသေသပ်သပ် ဆောက်ထားတာ ဖြစ်ပြီး သားနားတဲ့ ဘုန်းကြီးကျောင်းကြီးတခုနဲ့ စာသင်ကျောင်းတခုကိုလည်း တွေ့ရပါတယ်။ အဲဒီရွာကနေ တောတန်းလေးကိုကျော်ပြီး သစ်မှောင်ခိုကားလမ်းအတိုင်း မိနစ် ၂၀ ခန့် ဆက်လျှောက်သွားမယ်ဆိုရင် စမ်းချောင်းငယ်တခုကို တွေ့ရမှာဖြစ်ပါတယ်။
အဲဒီစမ်းချောင်းဘေးက တောင်ကုန်းလေးပေါ်မှာတော့ ဗိုလ်မှူး စိုးလွင် စခန်းထိုင်တဲ့ ဗကပ မြိတ်ခရိုင်တပ်ရင်း ဌာနချုပ်စခန်းကို တွေ့ရပါတယ်။ ဗကပစခန်းကတော့ ကရင်နဲ့ မွန်ခရိုင်စခန်းတွေလို အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ပါ။ ယာယီတဲအိမ် ၂၀၊ ၃၀ ခန့်ကိုသာ တွေ့ရပြီး ဒီစခန်းဆီ သူတို့အဖွဲ့ရောက်လာတာကလည်း သိပ်ကြာပုံမရ သေးပါဘူး။ ဒီစခန်းကနေ ရှေ့တန်းစစ်ဆင်ရေး ကိစ္စတွေကိုဆောင်ရွက်နေပြီး နောက်ထပ် မြိတ်ခရိုင် စခန်းခွဲတခုလည်း တောထဲမှာ သီးခြားရှိသေးတယ်လို့ ဗိုလ်မှူးစိုးလွင်နဲ့ ကိုဖေကြည်တို့က ပြောပါတယ်။ မြိတ်ခရိုင်ဆိုပေမယ့်လည်း ကိုဖေကြည်နဲ့ ကိုအေးထွန်း အပါဝင် ရဲဘော်အများစုဟာ ထားဝယ်သားတွေ ဖြစ်တဲ့အတွက် ကျနော်နဲ့ စကားပြောဖော်ရလို့ မကြာခဏ သူတို့စခန်းဆီ သွားလည်ဖြစ်ပါတယ်။