၀သန်ကာလ မိုးကျပြီဆိုမှဖြင့် အပူဒဏ်တွေ လျော့ပါးလို့ စိတ်သက်သာရာရတဲ့ အကျိုးအမြတ်ရယ်၊ ရာသီပေါ် သီးနှံတွေ ပေါပေါလောလော (ဈေးတော့ သိပ်ပေါမယ်မထင်) စားသုံးရတဲ့ စိတ်ကျေနပ်မှုရယ်နဲ့အပြိုင် မိုးထဲ လေထဲ သွားရလာရ၊ အလုပ်လုပ်ရ ခက်ခဲ တာ၊ မြို့တော်ကြီးမှာ ရေကြီးကားကျပ်နဲ့ ညည်းချင်းဖွဲ့ရတာ၊ အစား အသောက်နဲ့ ရေကနေ ယင်ကောင်က တဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်တာ၊ ကလေးရှိသူ မိသားစုတိုင်း အမြဲချောက်ချားနေရတဲ့ သွေးလွန်တုပ်ကွေးရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေရတာတွေက ချိန်ခွင်လျှာ ပိုပြီး သာသာထိုးထိုး ဖြစ်သွားကြလေရဲ့။ အထူးသဖြင့် သွေးလွန် တုပ်ကွေးကတော့ တခြားရာသီ တွေမှာလည်း ဖြစ်တတ်ပေမယ့် မိုးရာသီမှာ ပိုအဖြစ်များတာမို့ အခုချိန်ထိ အမြဲတပ်လှန့်နေရတဲ့ ရောဂါတခုပါပဲ။
လူတိုင်းက ကိုယ့်အိမ် ကိုယ့်ရာ၊ ကိုယ့်နေရာမှာ လုပ်သင့်တာလေးတွေ လုပ်နိုင်ရင် ကာကွယ်မှု အတော်လေး ရနိုင်ပေမယ့် ထုံးစံ အတိုင်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး မူဝါဒကြီးနဲ့ အရိုးစွဲနေတဲ့ လူ့ အဖွဲ့အစည်းမှာတော့ ဖြစ်လာမှ အငိုလွယ် အရှိုက်ခက် ဖြစ်ကြ ရတာပါပဲ။ အရင်တုန်းကနဲ့ နှိုင်းစာရင် သေပျောက်မှု နည်းလာပေမယ့် ရှိနေတုန်း၊ ရှိနေဆဲ ဆိုတာတော့ သတိပြုမိကြမှာပါ။ မိုးတွင်း မှာ ကိုယ့်ကလေး ဖျားနာလာမှ သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်လို့ ဆေးခန်း အမြန်ပြေးပြတဲ့ အလေ့အထ ဖွံ့ဖြိုးလာပေမယ့် ရောဂါရဲ့ ပင်မဖြစ်တဲ့ ခြင်နှိမ်နင်းဖို့ ကိုယ့်တနိုင် လုပ်စရာလေးတွေ လုပ်ဖို့ကျတော့ အာပေါက်အောင် ပြောနေရဆဲ၊ လိုက်နာမှုလည်း အားနည်း နေမြဲပါ။
မိုးရာသီရောက်ရင် သွေးလွန်တုပ်ကွေးအတွက် စိတ်ပူရတယ်ဆိုတဲ့ အသိလောက်တော့ ရှိကြပေမယ့်၊ သွေလွန်တုပ်ကွေးရောဂါက ခြင်ကိုက်လို့ ဖြစ်ရတယ်ဆိုတာတော့ သိကြပေမယ့် ဘာတွေသတိပြုရမယ်၊ ဘာတွေလုပ်ထားရင် ကာကွယ်ရာရောက်တယ် ဆို တာ ကိုတော့ မေ့လွယ်ပျောက်လွယ် လုပ်ပစ်ကြတာ စိတ်မသက်သာစရာပါ။
သွေးလွန်တုပ်ကွေးရဲ့ အခြေခံအချက်အလက်များ
သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ အဲဒီ ဗိုင်းရပ်စ် ပိုးကို သယ်ဆောင်တဲ့ ခြင်ကျား ကိုက်ရာက တဆင့် တဦးကိုတဦး ကူးစက်တာပါ။ ဒီခြင်ကျားက ရေ ကြည်ရေသန့်တွေမှာ ပေါက်ပွားပြီး နေ့ဘက်မှာသာ ကိုက်တာများတဲ့ ခြင်အမျိုးအစားပါ။ ခြင်မှာ ခြင်မ တွေကသာ ကိုက်တတ်တယ် ဆိုတာတော့ ကြားဖူးကြမှာပေါ့။ ခြင်ကိုက်ခံရလို့ သွေးလွန်တုပ်ကွေး ဖြစ်ပြီ ဆိုရင် သာမန်ဖျားနာတာမျိုးနဲ့ ပြီးသွား တတ်သလို အသက်ဆုံရှုံးတဲ့အထိလည်း ဖြစ်သွား တတ်တယ် ဆိုတာကိုလည်း သိကြမယ် ထင်ပါတယ်။
အရင်ကတော့ ၃ နှစ်ကနေ ၁၃ နှစ်လောက် ကလေး တွေမှာ အဖြစ်များတယ်ဆိုပေမယ့် အခုတော့ အရွယ်မရွေး ဖြစ်တတ်တာကို တွေ့လာရပါတယ်။ ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေမှာဖြစ်ရင်တော့ အသက် အန္တရာယ်ပါ စိုးရိမ်ရတတ်ပါ တယ်။ ဒီရောဂါအတွက် တိကျထိရောက်တဲ့ ကာကွယ်ဆေးရယ်လို့ မကြားဖူး သေးသလို ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေ ကိုသာ စောင့်ကြည့်ကုသရပြီး ဗိုင်းရပ်စ်ပိုးသေစေတဲ့ ဆေးဝါးတွေ မရှိသေးတာကတော့ ဒီရောဂါရဲ့ အဓိက ခြိမ်းခြောက်မှုပါပဲ။
ဒီရောဂါရဲ့ အဓိက လက္ခဏာက ဖျားတာပါ။ ခေါင်းကိုက်၊ မျက်လုံးတွေကိုက်၊ အဆစ်အမြစ်တွေ ကိုက်၊ ပျို့အန်၊ ကြွက်သားတွေ နာ ကျင်ပြီး ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အခြား အဖျားတွေထက် ပိုပြီး နုံးချည့်နေတတ်ပါတယ်။ အစား အသောက် ပျက်ပြီး မှိန်းနေတတ်ပါတယ်။ ဖျားပြီး ၃ ရက်ကနေ ၆ ရက်အတွင်း လောက်မှာတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ တွေ့ ရတတ်ပါတယ်။ ရုတ်တရက် အဖျားကျ သွားတတ်ပါ တယ်။ နောက်ပြီး အလိုအလျောက် သွေးယိုစိမ့်တဲ့လက္ခဏာတွေ ဖြစ်တဲ့ နှာခေါင်းသွေးယိုမယ်၊ သွားဖုံး သွေး ထွက်မယ်၊ ပြင်းထန်စွာ ဗိုက်အောင့်မယ်၊ ကော်ဖီရောင်တွေ အန်မယ်၊ ဝမ်းမည်းမည်းတွေ သွားမယ်၊ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေပေါ်လာမယ် စတဲ့ ကိုယ်တွင်း သွေးယိုတဲ့ အခြေအနေ ရောက်လာပါတယ်။ သွေးယိုစိမ့်မှုတွေ များလာရင် သွေးလန့်ခြင်း ခေါ်တဲ့ ရှော့ခ် (Shock) ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေ အေးစက်၊ သွေးပေါင်ချိန် ကျဆင်းပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးရ တတ်ပါတယ်။
ဒီတော့ အခုလို မိုးဦးကျကာလမှာ ကလေးဖျားနာပြီဆိုရင် ဆေးရုံဆေးခန်းမှာ ပြသပါ။ အဲဒီမှာ အဖျားတိုင်းတာနဲ့အတူ သွေးပေါင်ချိန် ကိရိယာကို လက်မောင်းမှာပတ်ပြီး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာ အနီစက်လေးတွေ စစ်ဆေးတဲ့ Hess test လုပ်ကြည့်ပြီး အတိအကျ မဟုတ်သည့်တိုင် သွေးလွန်တုပ်ကွေး နဲ့ သက်ဆိုင်မှုရှိ မရှိကို မှန်းဆပေးပါလိမ့်မယ်။ အခုဆို သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် သေချာစေမယ့် ပဋိပစ္စည်း တိုင်းတာတဲ့ အမြန်သွေးစစ်ကိရိယာလေးတွေလည်း ရှိနေပြီမို့ ရောဂါကို အချိန်စောစော ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေ့လို့ ဂရုတစိုက်ရှိမယ်ဆိုရင် အခြေအနေပေါ်လိုက်ပြီး အိမ်မှာပဲ စောင့်ကြည့်ကုသနိုင်သလို ဆေးခန်း၊ ဒါမှမဟုတ် ဆေးရုံ အဆင့်ဆင့်ကို ရောဂါအဆင့်လိုက်ပြီး အချိန်မီ လွှဲပို့ကုသနိုင်ပါတယ်။
လူတိုင်းပါဝင်ရမယ့် ကာကွယ်ရေးကဏ္ဍ
ရောဂါရဲ့အရင်းအမြစ်က ခြင်ကိုက်ရာက ကူးစက်ရတာဆိုတော့ ခြင်နှိမ်နင်းရေးက ရောဂါ ကာကွယ်ရေးရဲ့ သော့ချက်လို့ သတ်မှတ် ရမှာပါပဲ။ အဲဒီတော့ ခြင်နှိမ်နင်းရေးလုပ်ဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ အခြေခံအသိ ရှိသင့်ပါတယ်။ ခြင်ကိုကာကွယ်ဖို့ ရှင်းရှင်း လင်းလင်း အနှစ်ချုပ်မှတ်သားစရာ ပြောရမယ်ဆိုရင်
• ခြင်မပေါက်ပွားအောင်
• ခြင်မခိုလှုံနိုင်အောင်
• ခြင်ကိုက် မခံရအောင်
အဲဒီ ၃ မျိုးကိုလုပ်နိုင်ရင် ခြင်အန္တရာယ် ကာကွယ်တာပဲပေါ့။ ဒါကလည်း အထူးတလည် လုပ်ဆောင်နေရတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ဆောင်မှုမျိုးနဲ့ လုပ်လို့ ရတာတွေပါ။
ခြင်မပေါက်ပွားအောင်
ဒီခြင်က ရေကြည်ရေသန့်၊ ရေဝပ်နေတဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဥချပြီး ၂ ရက်မှာ ပိုးလောက်လန်းဖြစ်၊ လောက် လန်း ဘဝက ၅ ရက် လောက်နေရင် ခြင်သားလောင်းဖြစ်၊ နောက် ၂ ရက်လောက် နေရင်တော့ ရောဂါ ကူးစက်စေမယ့် ခြင်ဘဝကို ရောက်တာမျိုးပါ။ ဒီတော့ သိုလှောင် ထားတဲ့ ရေတွေကို ၂ ရက်၊ ၃ ရက် တခါလောက် လဲလှယ်ပေးတာက ခြင်မပေါက်အောင် လုပ်ပေးတာပဲပေါ့။ ဘုရားပန်းအိုးကအစ အိမ်မှာရှိတဲ့ ဘူးခွံ၊ ပုလင်းခွံ တွေအထိပါ ခြင်မပေါက်နိုင်အောင် သတိပြုရပါမယ်။ ရေကို သိုလှောင်သုံးရတယ်ဆိုလည်း ဖုံးအုပ်ထား၊ ပုံမှန် စစ်ကြည့်ပြီး လောက်လန်းတွေ ရင် စစ်ထုတ်၊ ဖြစ်နိုင်ရင် သွန်ပြီးလဲပေါ့။ တချို့ဒေသ တွေမှာတော့ ပိုးလောက်လန်းဘဝမှာ ခြင်တွေဆက်ပြီး မရှင်သန်နိုင်တဲ့ Abate ဆေးကို သိုလှောင်ထားတဲ့ရေတွေထဲ ခပ်ပေးကြ ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြင် ပေါက်ပွားနိုင်တဲ့နေရာတွေကို ရှင်းလင်းပစ်ပြီး ရေဝပ်နေတဲ့ ရေမြောင်းတွေကိုလည်း ရေ စီးရေလာ ကောင်းအောင် လုပ်ပေးရမှာပါ။
ခြင်မခိုအောင်းနိုင်အောင်
အိမ်တွင်း အိမ်ပြင် သန့်ရှင်းအောင် ထားရပါမယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ရပါမယ်။ ချုံနွယ် ပိတ်ပါင်းတွေရှိရင် ရှင်းလင်းပေးရပါမယ်။ ကပ်ရောဂါအသွင်နဲ့ နေရာတခုတည်းမှာ လူနာအများ ကြီးဖြစ်ကြတဲ့ အခါတွေမှာတော့ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းလုပ်ကြရပါတယ်။ ဒါပေမယ့် တခု သတိပြုဖို့က အဲဒီခြင်ဆေးရဲ့အာနိသင်က ရက်ကြာကြာ မခံတတ်ပါဘူး။
ခြင်ကိုက်မခံရအောင်
အိပ်တဲ့အချိန်တိုင်းမှာ ခြင်ထောင်နဲ့ အိပ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကျောင်းတွေမှာ ခြင်ဆန်ခါတွေ တပ်ဆင်ထားသင့် ပါတယ်။ အလင်းရောင် ရအောင် အိမ်တံခါးတွေကို နေ့လယ် နေ့ခင်းပိုင်း ဖွင့်ပေးတာကလည်း ခြင်ကိုက် သက်သာစေပါတယ်။ ခြင် မကိုက် အောင် လူးတဲ့ဆေးတွေလည်းပေါ်ပေါက် နေပါပြီ။ ဒါလည်း ထိရောက်ပါတယ်။ အခုဆိုရင် စေးကပ်မှုမရှိအောင် တီထွင်ထားတဲ့ လူးဆေးတွေ ပေါ်နေပါပြီ။ ခြင်ဆေးခွေထွန်းတာကတော့ အကျိုးထက် အပြစ်ပိုစေတဲ့ နည်းလမ်းတခုလို့သာ ဆိုပါရစေ။
ဒီလို ခြင်အန္တရာယ် ကာကွယ်ခြင်းကသာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ အထိရောက်ဆုံးဆိုတဲ့ အသိလေး မြဲကြရင်၊ ဘယ် လိုတွေ ပြုမူလုပ်ဆောင်ရမယ်ဆိုတာကိုသိရှိလိုက်နာကြရင် အများကြီး စိတ်အေးကြရမှာပါ။ ဒီနည်းလမ်းတွေကလည်း တကယ်ဆို ကိုယ့်အိမ်ကိုယ်ရာမှာ ပုံမှန်လုပ်နေသင့်တဲ့ အလုပ်တွေသာဖြစ်ပြီး တကူးတက အကုန်အကျခံနေစရာလည်း မလိုပါဘူး။ ခြင်အန္တရာယ် ကာကွယ်ရေးအတွက် နှိုးဆော်ပေးတာ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ ပညာပေး၊ ကူညီ လုပ်ဆောင်တာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ကလည်း တကယ့် လိုအပ်ချက်ပါ။
အတွေ့အကြုံအရဆိုရင် နှစ်စဉ် အဲဒီလို လုပ်ဆောင်ပေးနေတဲ့ ဒေသတခုမှာတော့ “မိုးရောက်လာပြီ၊ အိမ်မှာ ဘုရားအိုးတွေ လာ မလဲပေးသေးဘူးလား၊ အိမ်နားက အမှိုက် သရိုက်တွေ လာရှင်းမပေးသေးဘူးလား” ဆိုတဲ့ တောင်းဆိုမှုမျိုး ကြုံခဲ့ရဖူးသလို အိမ်က အိုးခွက်တွေကို ပိုးလောက်လန်း စစ်ဆေးပေးတာကို ရန်လိုတာလည်း ခံရဖူးပါတယ်။ တကယ်တော့ ဒါတွေက လူတိုင်း ကိုယ့် တာဝန် ကိုယ်ကျေပွန်ရင် နှိုးဆော်နေရမှာ မဟုတ်သလို ရောဂါဘယလည်းကင်းမယ့် နည်းလမ်းတွေပါ။ အသိတရားလည်း ရှိပါမှ၊ သတိတရားလည်း ရှိပါမှ အသက် အန္တရာယ် ဖြစ်စေတဲ့အထိ ဆိုးရွားတဲ့ရောဂါကို ကာကွယ်ပေးနိုင်မှာပါ။ တဦးတယောက်က မလိုက်နာရင်လည်း ကျန်တဲ့ဝန်းကျင် တခုလုံးကို ထိခိုက်စေမှာပါ။
ကဲ လာပါ။ အရေးမကြီးတဲ့ ကိစ္စတွေအတွက် ဖြုန်းပစ်နေကြမယ့် အချိန်တွေထဲကနေ ကိုယ့်အိမ်တွင်းနဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက် ပွား ခိုလှုံမှုမရှိအောင် လုပ်ဆောင်ကြပါစို့။ ကိုယ့်အိမ်က ကလေးတွေသာမက ပတ်ဝန်းကျင်တခွင်လုံးက ကလေးတွေပါ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်သွားကြရင် စိုးရိမ်သောကတွေ၊ နာဖျားမကျန်းမှု အတွက် ပေးရမယ့် အချိန်တွေ၊ စရိတ်စက တွေ လျော့နည်းပြီး စိတ်ချမ်းမြေ့ကြရမယ် မဟုတ်ပါလား။ ။