ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ တွင် ဖွင့်လှစ်ထားသည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်အကူ ကလေး ၂ ဦးကို ဓားဖြင့်ထိုးခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်း၊ လက်များကျိုးသည်အထိ နှိပ်စက်ခြင်းကို ၄ နှစ်နီးပါး ပြုလုပ်ခဲ့ပြီး အိမ်နီးချင်းများက မကျေနပ်၍ Myanmar News Now သို့ သတင်းပေးခဲ့ရာမှ ရဲတပ်ဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင်ထံသုုိ့ တုုိင်ကြားမှုအဆင့်ဆင့် ပေါ်ပေါက်ခဲ့သော်လည်း အရေးယူမှုအပိုင်း အားနည်းခဲ့သည့်အတွက် ဝေဖန်မှု များစွာ ထွက်ပေါ် လျက်ရှိသည်။
အိမ်ရှင်များက အိမ်အကူ ကလေးများကို နှိပ်စက်ညှင်းပန်းသည့် ကိစ္စသည် အင်းဝအပ်ချုပ်ဆိုင် တမှုတည်း မဟုတ်ပေ။ ပဲခူးမြို့နယ် ဒုတရားသူကြီး၏ ဇနီးက မီးပူဖြင့်ကပ်ကာ နှိပ်စက်ညှင်းပန်းခံရသည့် အိမ်အကူ အသက် ၁၃ နှစ်အရွယ် မအေးယုအောင် အမှုတွင် တရားသူကြီး၏ ဇနီးကို ယနေ့အထိ ဖမ်းဆီးနို်င်ခြင်းမရှိသေးပေ။
ဧရာဝတီတိုင်းဒေသကြီးနေ မော်ဒယ် သီရိကိုကိုနိုင်၏ နေအိမ်တွင် နှိပ်စက်ခံရသူ အိမ်အကူ အသက် ၁၃ နှစ် အရွယ် မနော်ထက်ထက် အမှု၊ မန္တလေးမြို့နေ အထည်ဆိုင်ပိုင်ရှင် တရုတ်လင်မယားက ရေနွေးပူဖြင့် ပက်သဖြင့် ဒဏ်ရာများရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် အိမ်အကူ မအေးအေးအောင် အမှုများလည်း ရှိသည်။
၂၀၁၄ ခုနှစ်က မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ ဆရာဝန်လင်မယား နှင့် မိသားစုက အသက် ၁၄ နှစ်အရွယ် အိမ်အကူ မသန်းသန်းစိုးကို ငရုတ်ကျည်ပွေ့ဖြင့် ပါးစပ်အတွင်း ထိုးထည့် နှိပ်စက်ခြင်း၊ မီးပူဖြင့်ကပ်ခြင်း၊ ရိုက်နှက်မှုများကြောင့် ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံ အကြောင်းကြားစာ တင်ပြထား သည်ဟုဆိုခဲ့သော်လည်း အရေးယူမှုအပေါ် အတိအကျ မေးမြန်း၍ မရခဲ့ပေ။
၂၀၁၆ ခုနှစ်အတွင်း က မန္တလေးမြို့ရှိ ပန်ဒိုရာ အဆီချလုပ်ငန်းတွင် လုပ်ကိုင်ခဲ့သည့် ဝန်ထမ်း မိန်းကလေးငယ်ကို ပါးရိုးကျိုးသည် အထိ ရိုက်နှက်နှိပ်စက်ခြင်း၊ ခွေးလှောင်အိမ်အတွင်း ထည့်သွင်းပိတ်လှောင်ခြင်း လုပ်ဆောင်ခဲ့သည့် ပန်ဒိုရာ အဆီချလုပ်ငန်းပိုင်ရှင်နှင့် အပေါင်းအပါများကို တရားစွဲဆိုထားသည့် အမှုမှာလည်း ယနေ့အထိ ပြီးပြတ်မှု မရှိသေးကြောင်း သိရသည်။
အဆိုပါအမှုများအားလုံး ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အိမ်အကူ မိန်းကလေးများ၏ နှိပ်စက်ခံရသည့် အမှုများဖြစ်သည်။ ယင်း အမှုများတွင် ရဲတပ်ဖွဲ့က တရားခံလုံးဝမမိသည့် အမှုများရှိနေသလို အချို့မှာ အမှုရင်ဆိုင်နေဆဲ၊ သက်သေခေါ်ယူ စစ်ဆေးဆဲ အခြေအနေများတွင်သာ ရှိသည်။ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံရသော်လည်း လျော်ကြေး ပေးကာ ကျေအေးလိုက်သဖြင့် လူသူမသိ ပြီးသွားသည့် အမှုများလည်း ရှိသည်။
“တာဝန်သိ ပြည်သူက တို်င်ပေမယ့် ရဲဘက်က အရေးမယူတာတွေ့ရတယ်။ ဖော်ထုတ်ဖို့ ပျက်ကွက်ခြင်းက လာဘ်စား ထား သလား ပေါ့လေ။ အိမ်အကူတွေကို ကျနော်တို့က အိမ်တွင်း အလုပ်သမားတွေလို့ သတ်မှတ်တယ်။ အဲဒီအိမ်တွင်း အလုပ် သမား တွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ရှိဖို့ လိုအပ်တယ်။ သူတို့ကိုလည်း အလုပ်သမားအဖြစ် သတ်မှတ် ရမှာ ဖြစ်တယ်။ အလုပ်သမားတွေဘက်ကလည်း ဝန်ဆောင်မှုကောင်းရမှာပေါ့။ အဲဒီလို ဥပဒေတွေပေါ်လာဖို့လည်း တောင်း ဆို ဖို့ရှိတယ်”ဟု ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
အင်းဝအပ်ချုပ်ဆိုင်ရှင် မိသားစု၏ နှိပ်စက် ညှင်းပန်းမှုကို ခံခဲ့ရသည့် အိမ်အကူ ကလေး ၂ ဦးဖြစ်သော အသက် ၁၆ နှစ် အရွယ် မစန်းကေခိုင်နှင့် အသက် ၁၇ နှစ်ရှိ မသဇင်တို့ကို ဥပဒေပိုင်းဆိုင်ရာ၊ တရားရေုးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူ အညီ များပေးရန်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများက လုပ်ဆောင်နေကြသည်။
နို်င်ငံတွင်းရှိ အိမ်အကူလုပ်သားများ ကို အိမ်တွင်းအလုပ်သမားများအဖြစ် သတ်မှတ်ကာ ဥပဒေအရ အကာအကွယ် ပေးနို်င်ရေး၊ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက လုပ်ဆောင်သင့်ကြောင်း ထောက်ပြ ပြောဆိုမှုများလည်း ရှိသည်။
ဦးအောင်မျိုးမင်းက “အိမ်တွင်းအလုပ်သမားတွေဖြစ်နေတဲ့ ပြဿနာတွေမှာ အများစုက အသက်မပြည့်သေး တဲ့ကလေး တွေဖြစ်နေတယ်။ သူတို့မှာ စားစရာကမရှိတော့ အလုပ်လုပ်ရတယ်။ အိမ်ရှင်တွေက သူတို့ကို အိမ်ကျွန်တွေလို့ သတ်မှတ် ပြီး ခိုင်းနေကြတာ။ အိမ်တွင်းအလုပ်သမားတွေအတွက် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ထောက်ပြဖို့ရှိတယ်။ ဒါတွေဟာ ရေရှည် လုပ်ဆောင်ရမယ့် ကိစ္စလည်းဖြစ်တယ်”ဟု သုံးသပ်သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ နေအိမ်တခုတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မသန်းသန်း၏ ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်တို့ကို အိမ်ရှင်က သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက် နှိပ်စက်မှု သဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်။ ယင်းအိမ်ရှင် ဒေါ်အေးဝင်းကို ဖမ်းဆီးထားသော်လည်း ယနေ့အချိန်ထိ အမိန့်ချမှတ်ကာ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ရခြင်း မရှိသေးကြောင်း သိရသည်။
နှိပ်စက်ခံခဲ့ရသည့် မသန်းသန်း၏ ဦးလေး ဖြစ်သူ ကိုမျိုးဦးက “အမှုက ၁ နှစ်ကျော်ပြီ။ တရားခံကိုတော့ ချုပ်ထားတုန်းပဲ။ မိသားစုဝင် ၃ ဦးကိုတော့ အာမခံပေးထားတယ်ပြောတယ်။ သက်သေတွေက မလာတာနဲ့ ပြန်ခေါ်သက်သေ ခေါ်နေရတာနဲ့ အမှုက အခုထိ တရားခံကိုတောင် မစစ်ရသေးဘူး”ဟု ဧရာဝတီသို့ပြောသည်။
ဗိုလ်မှူးကျော်နုမော်၏ နေအိမ်တွင် အိမ်အကူလုပ်နေသည့် အသက် ၈ နှစ်အရွယ် မစုဝေကို ကိုယ်လုံးတီးချွတ်ကာ ရိုက်နှက်သည့် အိမ်ရှင်နှင့် အိမ်အကူ အမျိုးသမီးတဦး၏ အမှုမှာလည်း တရားရင်ဆို်င်နေဆဲ အခြေအနေတွင်သာရှိသည်။
ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးတင်သန်းဦးက“ဒါက လူ့အခွင့်အရေး ပြဿနာမဟုတ်ဘူး။ နှိပ်စက်ညှင်းပန်းမှု ပြဿနာပါ။ လူ့ကိုယ်အင်္ဂါကို ထိခိုက်မှု၊ နာကျင်စေမှု ပြစ်မှုမကင်းတဲ့ အနိုင်အထက်မှု၊ တသက်လုံးကို ပြန်မကောင်းနိုင်အောင် နှိပ်စက် ခံလိုက်ရတာတွေရှိတယ်။ သူ့ပြစ်မှုနဲ့ သူရှိပြီးသား။ ဒီကလေးတွေရဲ့ကိစ္စကို မြန်မာနို်င်ငံ တရားစီရင်ရေးက ဖော်ထုတ် အရေးယူခြင်းအားဖြင့် အိမ်ဖော်တွေကို လက်လွယ်စပယ်နှိပ်စက်မှုမျိုးကို ဘယ်လို အကာအကွယ်ပေးနို်င်မလဲ ဆိုတာ အကောင်းဆုံးကြိုးစားသင့်တယ်။ ဖြေရှင်းသင့်တယ်” ဟု ထောက်ပြပြောဆိုသည်။
ပြစ်မှုများတွင် ငွေကြေးတတ်နိုင်သူများက သက်ဆိုင်ရာကို လာဘ်ပေးကာ အမှုကိုဖျောက်ဖျက်ပစ်သည့် သဘာဝရှိကြောင်း၊ အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ နှိပ်စက်ခြင်းခံခဲ့ရသည့် ကလေး ၂ ဦး၏ ကိစ္စတွင် ရဲစခန်းကို တို််င်ကြားခဲ့သော်လည်း အရေးယူမှုမရှိခဲ့ရာ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် မေးခွန်းထုတ်စရာ ရှိကြောင်း လူအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများက ဝေဖန်မှုများရှိနေသည်။
“လူမဆန်စွာ နှိပ်စက်တာကို လွယ်လွယ်နဲ့ ကျေအေးပေးလို့မရဘူး။ သူ့လိုလုပ်ရင် သူ့လို ပြစ်ဒဏ်ခံရတယ်ဆိုတာ နောက်လူတွေသိအောင် လုပ်ရမယ်။ ရဲစခန်းသည် ညှိန်ိှုင်းဖြေရှင်းရမယ့်နေရာမဟုတ်ဘူး ပြစ်မှုကျူးလွန်မှုကို အရေးယူရမှာ။ အခုလို လွယ်လွယ်နဲ့ တရားစီရင်ခဲ့လို့ တစထက်တစရက်စက်လာတဲ့ အမှုတွေ တားဆီးလို့ ရမှာ မဟုတ်တော့ဘူး။ ပြစ်မှုတွေ ပိုပြီး အတင့်ရဲလာတယ်။ အမျိုးသမီးရေးရာကော်မတီရှိတယ်။ ဘာမှ လုပ်ဆောင်ချက် မရှိဘူး။ ကာရာအိုကေမှာလုပ်နေတဲ့ မိန်းကလေးတွေ၊ စျေးဝယ်စင်တာတွေက မိန်းကလေးတွေ ၊ လမ်းပေါ်ကျင်လည်နေတဲ့ကလေး တွေကို ဘယ်လိုအကာအကွယ်ပေးမလဲ မစဉ်စားဘူး ဖြစ်လာတော့မှသာ ထလုပ်နေတယ်။”ဟု ဦးတင်သန်းဦးက သုံးသပ်သည်။
အင်းဝအပ်ချုပ်ဆိုင်မိသားစုက လူမဆန်စွာ နှိပ်စက် ညှင်းပန်းသဖြင့် ကိုယ်လက်အင်္ဂါများ ထိခိုက်ပျက်စီးသည်အထိ ရိုက်နှက် နှိပ်စက်ခံရသည့် ကလေး ၂ ဦး၏ ပြဿနာကို လူ့အခွင့်အရေးကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အကာအကွယ်မပေးနိုင်ခြင်း၊ လျော်ကြေးငွေဖြင့်သာ ကျေအေးရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အရေးယူရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့သလို ကော်မရှင်ကို မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်ကလည်း မှုခင်းထိန်ချန်မှုဖြင့် တရားစွဲဆိုနိုင်ရန် စီစဉ်နေသည်။ အမှုကို ထိရောက်စွာ လုပ်ဆောင်ခြင်းမရှိခဲ့ဟု ဝေဖန်ခံနေရသည့် ကျောက်တံတားမြို့နယ်ရဲမှူးကို မြန်မာနို်င်ငံရဲတပ်ဖွဲ့ဌာနချုပ်က ခုံရုံးဖွဲ့၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။
တရားလွှတ်တော်ရှေ့နေ တဦးဖြစ်သည့် ဦးရောဘတ်စန်းအောင်ကလည်း အိမ်အကူ၊ ကလေးအလုပ်သမား များ၏ ကိစ္စများသည် လူမှုဝန်ထမ်းနှင့် အလုပ်သမာရေးရာ ဆို်င်ရာ ဌာနာများ က လုပ်ဆောင်ရမည့်ကိစ္စဖြစ်သော်လည်း မလုပ်ဆောင်ကြကြောင်း၊ ယင်းအပေါ် အိမ်ရှင်များက အခွင့်ကောင်းယူကာ အိမ်အကူများကို နှိပ်စက်ညှင်းပန်းမှုများ အပါအဝင် ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
အိမ်ရှင်များက နှိပ်စက်ညှင်းပန်းသည့် အိမ်အကူကလေး ပြဿနာများမှာ ဆက်လက် ဖြစ်ပွားနို်င်သည်။ သို့ဖြစ်ရာ အစိုးရက အိမ်တွင်းအလုပ်သမားဖြစ်သည့် အိမ်အကူများအတွက် ထိရောက်သည့် ကာကွယ်မှုမျိိုးပေးနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ပြောဆုုိကြသည်။