ဆောင်းပါး

ထိုင်းနဲ့ မြန်မာကြား ရှေးဟောင်းပစ္စည်း ခိုးဂိုဏ်းများ တိုးလာ

Want create site? Find Free WordPress Themes and plugins.

ရှေးဟောင်း လက်ဝတ်ရတနာများ၊ ဒင်္ဂါးပြားများနှင့် အလှဆင်သည့် အသေးစားပစ္စည်း ပစ္စယများက ဖျက်ပြီး ယူလာသော သို့မဟုတ် ခိုးလာသော ရုပ်ထုများနှင့် စာလျှင် ထိခိုက်နစ်နာမှု နည်းသည်ဟု ထင်ရပါသည်။ သို့သော်လည်း ရှာဖွေခြင်း၊ ခိုးယူခြင်း၊ တရားမဝင် တူးဖော်ခြင်းနှင့် အဆိုပါ ပစ္စည်းများကို ဝယ်သူထံ ရောင်းချနိုင်ရန် ဈေးကွက်သို့တင်ခြင်း စသည့် လုပ်ငန်းစဉ်တခုလုံးက ကျမတို့ သိနားလည်သည်ထက် ပို၍ ရှေးဟောင်းအမွေအနှစ်များကို ထိခိုက် ပျက်စီးစေပါသည်။

အရှေ့တောင်အာရှ တလွှားမှ ရှေးဟောင်းနယ်မြေများတွင် တန်းစီနေသော အပေါက်များက ပြောပြနေသည့် ခိုးယူခံရခြင်း အကြောင်းများကို အရက်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ကမ္ဘာလှည့်ခရီးသည်များ ဆုံဆည်းကြချိန်တွင် ညဘက်၌ အချင်းချင်း ပြောကြသည်။ ကမ္ဘာလှည့်ခရီးသည်များနှင့် စုဆောင်းသူများက ရွာထဲက ကလေးတယောက်ထံမှ သူတို့ ဝယ်လာသည့် လက်ဝတ် တန်ဆာ အပေါစားများကို ပြသ ရယ်မောနေချိန်တွင် ရှေးဟောင်းအမွေအနှစ် ကာကွယ်ရေးကို မှောင်မိုက်သော အရိပ်တခုက ချောင်းမြောင်းနေသည်။

ထိုပြဿနာ အရိပ်အယောင်များ ပြသနေသော်လည်း မြန်မာနိုင်ငံ၏ အစောပိုင်း သမိုင်းဝင်နေရာများထဲတွင် စိတ်ရွှင်လန်းစရာ အကောင်းဆုံးဖြစ်သည့် ပုဂံတွင် ရှေးဟောင်းပစ္စည်း ခိုးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိမနေသေးပါ။ သရေခေတ္တရာ၊ ပဲခူးနှင့် မွန်ပြည်နယ်မှ အသစ်တွေ့ရှိထားသည့် မြို့ဟောင်းနေရာများသို့ ကျမ နောက်ဆုံးရောက်ခဲ့သည့် အချိန်တွင် ထိုနေရာများကို ကာကွယ်ထိန်းသိမ်းရေးတွင် ဒေသခံအသိုင်းအဝိုင်းများ၏ ပါဝင်မှု အတိုင်းအတာကြောင့် အမြဲ အံ့အားသင့်ခဲ့ရသည်။ ရွှေနှင့် ရတနာများကို လိုက်လံရှာဖွေသည့် အဖွဲ့အစည်းအချို့က ကျူးလွန်သည့် ဖောက်ထွင်းခိုးယူမှု အချို့ ရှိခဲ့သော်လည်း ဒေသခံရွာသူရွာသားများက ရှေးဟောင်းနေရာများကို စောင့်ရှောက်ခဲ့ကြသည်ဟု ဒေသ အာဏာပိုင် များက ကျမကို ပြောပါသည်။

မြန်မာနိုင်ငံတွင် ဖောက်ထွင်းခိုးယူမှု ပြဿနာ လုံးဝ မကင်းလွတ်ပါ။ သို့သော်လည်း များသောအားဖြင့် နာမည်ကြီးသည့် အမှုများကိုသာ မီဒီယာ၏ အာရုံစိုက်မှု ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ရှေးဟောင်းပစ္စည်းများ ဖောက်ထွင်း ခိုးယူခြင်းက ကိုလိုနီခေတ်ကတည်းက ရှိခဲ့သည်။ ဗုဒ္ဓဆင်းတုတော်များ၊ ဒင်္ဂါးပြားများ၊ အထွဋ်အမြတ် ပစ္စည်းများ နှင့် ရှေးဟောင်း ပေစာများ စသည်တို့ သည် ဗြိတိန်နှင့် ဥရောပသို့ အများအပြား ရောက်ရှိသွားခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၇၀ ရှေးဟောင်းယဉ်ကျေးမှုလက်ရာ ရောင်းဝယ်ဖောက်ကားမှု တားမြစ်ရေးစာချုပ် (1970 Convention on the Means of Prohibiting and Preventing Illicit Import, Export, and Transfer of Ownership of Cultural Property) တွင် အဖွဲ့ဝင် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ရှေးဟောင်းပစ္စည်း အများအပြားသည် အရှေ့တောင် အာရှမှ အခြားသော ရှေးဟောင်းပစ္စည်းများကဲ့သို့ပင် နာမည်ကြီး လေလံပွဲများတွင် ရောက်ရှိနေဆဲ ဖြစ်သည်။

လေ့လာရန်၊ ကာကွယ်ရန်နှင့် စောင့်ရှောက်ထိန်းသိမ်းရန် နိုင်ငံ၏ အာရုံစူးစိုက်မှုမှာလည်း ဘာသာရေးဆိုင်ရာ လက်ရာများ၊ သမိုင်းနှင့် ပတ်သက်နေသော နေရာများတွင်သာ ရှိနေခြင်းက သမိုင်းကို လေ့လာရာတွင် ဗမာစကားပြောသည့် ပြည်သူများနှင့် တိုင်းရေးပြည်ရာ ကိစ္စများကသာ အဓိက မောင်းနှင်အား ဖြစ်နေသည်ကို ဖော်ပြနေသည်။ ပျူနိုင်ငံများ၊ ပုဂံနှင့် နောက်ပိုင်း ဘုရင့်နိုင်ငံများကိုသာ ဖော်ပြနေသည်။ အမွေအနှစ်များ ကာကွယ်ရေးနှင့် အမွေအနှစ် ထိန်းသိမ်းရေး ချဉ်းကပ်မှုတွင် မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ရှေးဟောင်း အမွေအနှစ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်၍ ကြီးမားစွာ လစ်ဟာမှုများ ရှိနေသဖြင့် ရှမ်း၊ မွန်၊ ကရင် နှင့် ရခိုင် စသည့်နေရာများမှ ပစ္စည်းများမှာ ခိုးယူခြင်း၊ တရားမဝင် ရောင်းဝယ် ခြင်းများမှ ကာကွယ်ရန် အားနည်းနေခဲ့ရသည်။

ထားဝယ်အနီးတွင် ပုတီး ခိုးတူးသည့် ကျင်းများ
Banchar Pongpanich

ပန်းပုလက်ရာများ၊ ကျောက်ထွင်းစာများကဲ့သို့သော အရွယ်အစားကြီးသည့် ရှေးဟောင်းပစ္စည်းများ ခိုးထုတ်ခြင်းက မီဒီယာ များ၏ အာရုံစူးစိုက်မှုကို ရရှိသော်လည်း အသေးစားပစ္စည်းများ တပုံတပင် ခိုးယူခံနေရသည်က များစွာ ပို၍ ဆိုးပြီး ကာလ ရှည်ကြာလာလျှင် ထိခိုက်နိုင်ပါသည်။ အသေးစား ရှေးဟောင်းပစ္စည်းများ အကြီးအကျယ် ခိုးယူနေခြင်းကြောင့် ရှေးဟောင်းသုတေသန နှင့် သမိုင်းဆိုင်ရာ အကြောင်းအရာ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားနိုင်ကြောင်း ထိုင်းနိုင်ငံမှ ပြည်တွင်း ရှေးဟောင်းသုတေသန ပညာရှင်များက ခန့်မှန်းခဲ့သည်။ အနာဂတ် အမွေအနှစ်စီမံကိန်းများအတွက် ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်နိုင်သည့် ရှေးဟောင်း အဆောက်အဦးများမှာလည်း ပျက်စီးမည့် အန္တရယ်နှင့် ရင်ဆိုင်နေကြရသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ကိုရက် ကုန်းမြေမြင့် (Khorat Plateau) ရှိ ရှေးဟောင်း ဘုရားကျောင်းအများအပြားမှာ ၁၉၆၀ နှင့် ၇၀ နှစ်များအတွင်း ဖျက်ဆီး ခိုးယူခြင်းခံရပြီး ပြိုလဲခဲ့သည်။ ဒေသခံများက ဆောက်လုပ်ရေး ပစ္စည်းများအတွက် သုံးကြသောကြောင့် ဖျက်ဆီးခြင်းလည်း ခံခဲ့ရသည်။

ပုတီးစေ့များ တူးဖော်ခိုးယူခြင်းက ကြီးမားစွာ ပျက်စီးစေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပြုလုပ်ရန် ရှေးဟောင်းနယ်မြေအတွင်း နေရာအနှံ့ ကျင်းများ ကြုံသလိုတူးဖော်၍ ရှာဖွေလေ့ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သမိုင်းဝင် မြေပြင်အနေအထားကို ကြီးမားစွာ ပျက်စီးစေသည်။ ခိုးတူးသူများအတွက် အန္တရယ်လည်း ရှိသည်။ ပုတီးစေ့ သို့မဟုတ် ရတနာများရှာဖွေရန် အကောင်းဆုံး အချိန်မှာ မိုးရွာနေစဉ် သို့မဟုတ် လောလောလတ်လတ် မိုးရွာပြီးစတွင် ဖြစ်သည်။ မုတ်သုန်ရာသီအတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါ ပုတီးစေ့များ မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာတတ်သည်။ ထိုအချိန်တွင် တူးဖော်ခိုးယူမှု အများဆုံး ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းရှာဖွေရန် ခိုးတူးသူများက သတ္တုတွင်းတူးသူများကဲ့သို့ပင် အင်္ဂလိပ်စာလုံး “L” ပုံစံ ကျင်းများ တူးကြသည်။ ခိုးတူးသူများက ရှေးဟောင်းသုတေသန နယ်မြေများအတွင်းမှ အစောင့်အကြပ်နည်းပါးသည့် နေရာများကို ပစ်မှတ်ထားကြသည်။ စိုက်ပျိုးခင်းများအတွင်းတွင် သံခေတ်က နစ်မြုပ်နေသည့် ပစ္စည်းများကို တွေ့နိုင်သည်။ သစ်ပင်များ (တခါတရံ ဝါးပင်များအောက်တွင် တွေ့ရသည်။ ထိုနေရာများတွင် တူးဖော်ခြင်းက အန္တရာယ်များပါသည်။ ထိုနေရာများတွင် တူးဖော်ခြင်းက မိုးရေနှင့် သစ်ပင်၏ ဖိအားကြောင့် တူးဖော်သူများ၏ အပေါ်သို့ မြေပြိုကျနိုင်သည့် အန္တရာယ် ပို များစေသည်။

အသေးစား ခိုးယူသူများက ပုတီးစေ့၊ သတ္တု လက်ဝတ်ရတနာများ၊ ဒင်္ဂါးပြားများနှင့် ဘာသာရေး ဆိုင်ရာပစ္စည်းများကို ရှာဖွေကြသည်။ သံနှင့် ကြေးကိရိယာများ၊ အရိုးများနှင့် အိုးခွက်များကဲ့သို့သော ပစ္စည်းများကို သူတို့က လွှတ်ပစ်ကြသည်။ အရှေ့တောင်အာရှ ရှေးဟောင်းနယ်မြေများမှ ပုတီးစေ့များသည် သမိုင်းမတိုင်မီ ကာလနှောင်းပိုင်းမှသည် သမိုင်းဦးခေတ် ရှေးဟောင်းနေရာများနှင့် ဆက်စပ်နေလေ့ရှိကြပါသည်။ အင်ဒို-ပစိဖိတ် (အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက် ပိုင်းနှင့် အလယ်ပိုင်းတို့ပါဝင်သည့် နယ်မြေ) မှ ပုတီးစေ့များကို ဘန်ကောက်မှ ထင်ရှားသည့်နေရာများနှင့် ဒေသတွင်း ဈေးများတွင် ရောင်းချနေကြသည်။ မြန်မာနိုင်ငံမှ ပုတီးစေ့များမှာ ဆိုရှယ်မီဒီယာမှ လက်လီ အရောင်း ဝက်ဘ်ဆိုက်များတွင် ရေပန်းစားမှု တိုးလာနေသည်။ ထိုင်းနိုင်ငံမှ ဝယ်လက်များက ထားဝယ်နှင့် တနင်္သာရီ ဒေသများကို အဓိက အရင်းအမြစ် အဖြစ် သဘောထားကြသည့် ပုံရှိသည်။ ထိုင်းနိုင်ငံတွင် တွေ့ရှိရသည့် ပုတီးစေ့များနှင့် ကိုက်ညီမှု ရှိသည့်အတွက် ၎င်းတို့ကို အစစ်အမှန်ဖြစ်ကြောင်း သက်သေပြရန် လွယ်ကူသောကြောင့် ဖြစ်သည်။ တခြားတဘက်တွင် မူ မြန်မာနိုင်ငံတွင်သာ တွေ့ရသည့် ပုတီးစေ့ အမျိုးအစားအချို့ အတွက် တရုတ်နိုင်ငံမှ ဝယ်ယူသူများ၏ ဝယ်လိုအားက နှေးကွေးသော်လည်း တိုးပွားလာနေသည်ကို တွေ့ရသည်။

ခိုးထုတ်ရောင်းချသည့် ကွန်ရက်များ အထူးသဖြင့် ဆိုရှယ်မီဒီယာနှင့် ဘလော့ဂ်များမှ တဆင့် လုပ်ကိုင်နေသူများက အလွန် ဗဟုသုတများသူများ ဖြစ်သည်။ သူတို့က ပစ္စည်းများ စစ်မှန်ကြောင်း ကိုးကားရာတွင် အထောက်အကူဖြစ်ရန်နှင့် အလားအလာရှိသော ရှေးဟောင်းနေရာသစ်များအကြောင်း သိရှိနိုင်ရန် ပညာရှင်အသိုင်းအဝိုင်းကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။ ပစ္စည်းများကို သန့်ရှင်းစေရန် မည်သို့ ပြုလုပ်ရမည် ဆိုသည်ကိုလည်း ဆွေးနွေးကြသည်။ ထို့ပြင် ခိုးထုတ်ရောင်းချသူများအတွက် ပုတီးစေ့များ၊ ဒင်္ဂါးများ သို့မဟုတ် ပိုမိုကြီးမားသော ပစ္စည်းများကို အတုအပ ပြုလုပ်ခြင်းက ဆန်းကျယ်သော ကိစ္စတခု မဟုတ်ပါ။ ထို့ပြင် အတုအပ ပစ္စည်းများနှင့် အတုအပပြုလုပ်သည့် နည်းစနစ်များကို ဖော်ထုတ်နိုင်ရန်လည်း သူတို့က အွန်လိုင်း အသိုင်းအဝိုင်းတခု ထူထောင်ထားကြသေးသည်။

ပြီးခဲ့သည့် ၆ နှစ် အတွင်းတွင် ထိုင်းနိုင်ငံမှ အသေးစား ခိုးထုတ်သူများ၏ ကွန်ရက်များနောက်သို့ ကျမ လိုက်နေခဲ့ပါသည်။ သူတို့၏ အွန်လိုင်းမှ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်ခဲ့သည်။ အတိတ်ကဆိုလျှင် မြန်မာနိုင်ငံမှ ဗုဒ္ဓ ဆင်းတုတော်များ နှင့် ရှေးဟောင်းလက်ရာပစ္စည်းများကို ထိုင်းနယ်စပ် တလျှောက်ရှိ ချင်းရိုင်၊ တာ့က်နှင့် ပရာကျွတ်ကီရီခန် ခရိုင်များတွင် တွေ့ရှိရသည်။ မကြာသေးခင်ကာလအထိ ထိုပစ္စည်းများကို အခွင့်အလမ်းသိသူ အဖွဲ့တခုကသာ စိတ်ဝင်စားခဲ့ပြီး ဈေးကွက်တွင် ထိုင်း သို့မဟုတ် ကမ္ဘောဒီးယား ပစ္စည်းများလောက် တန်ဖိုးမကြီးခဲ့ပါ။ သို့သော်လည်း ယခုအခါတွင် မြန်မာအပေါ် စိတ်ဝင်စားမှုတိုးလာပြီး ထိုင်းနှင့် ကမ္ဘောဒီးယားတွင် ရှေးဟောင်းပစ္စည်းများ ရောင်းဝယ်ခြင်းကို နှိမ်နင်းမှုများ ပြုလုပ်လာသဖြင့် မြန်မာနိုင်ငံမှ ပစ္စည်းများသာ မှောင်ခိုဈေးကွက်တွင် အများအပြား ကျန်နေစေခဲ့သည်။ နယ်စပ်ကို ဖြတ်ကျော်လာသည့် ရှေးဟောင်းပစ္စည်းများ စစ်မှန်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ဝယ်ယူသူ၏ ဗဟုသုတပေါ်တွင်သာ မူ တည်သော်လည်း ပုတီးစေ့များ နှင့် ဒင်္ဂါးများကဲ့သို့သော အသေးစားပစ္စည်းများမှာ ဘန်ကောက်မှ ပစ္စည်းဟောင်းဈေး ကွက်များနှင့် အွန်လိုင်းပေါ်မှ လက်လီအရောင်း အသိုင်းအဝိုင်းများတွင် များလာနေသည့် အသွင်ရှိသည်။

စီးပွားရေး မပြေလည်ခြင်း၊ ဝင်ငွေမလုံလောက်ခြင်းက ရှေးဟောင်းပစ္စည်းများ ခိုးယူခြင်း သို့မဟုတ် တူးဖော်ခြင်းကို အရှေ့တောင်အာရှတွင် ရှေးဟောင်းပစ္စည်းခိုးယူမှု ကြီးထွားလာရခြင်း၏ အကြောင်းရင်းတခု ဖြစ်သည်။ နယ်စပ် ၂ ဘက်လုံး မှ ရှေးဟောင်းပစ္စည်း ခိုးယူသူများနှင့် စကားပြောဆိုခဲ့သည့် ကျမ၏ အတွေ့အကြုံများအရ အမျိုးစုံလင်သော လူမှုစီးပွားရေး နောက်ခံ အကြောင်းများကို ဖော်ပြနေသည်။

ထိုင်း ဆိုရှယ်မီဒီယာတွင် တနင်္သာရီနှင့် ထားဝယ်မှ လာသည်ဆိုသော ပုတီးများ

ပညာတတ်မြောက်မှု နည်းပါးပြီး ဈေးကွက်သို့ ဝင်ရောက်နိုင်မှု အကန့်အသတ်ရှိသည့် ဝေးလံသော ဒေသများရှိ စိုက် ပျိုးခင်းများ၌ ပုတီးစေ့နှင့် ရှေးဟောင်းပစ္စည်းများ တွေ့ရှိသည့်အခါ အနိမ့်ဆုံးဈေးဖြင့် ရောင်းချကြသည်။ ၎င်းတို့ထဲမှ ရှေးဟောင်းပစ္စည်း ခိုးထုတ်ရောင်းချသူများမှာ များသောအားဖြင့် ပို၍ ပညာတတ်သည့် အလုပ်သမားများ၊ ဆယ်ကျော် သက်များနှင့် ကလေးများ ဖြစ်ကြရသည်။ အဆိုပါ အသိုင်းအဝိုင်းများအတွင်းမှ သက်ကြီးပိုင်းမျိုးဆက်များမှာမူ သူတို့၏ ဝိဉာဉ်ဆိုင်ရာ ယုံကြည်မှုကြောင့် ခိုးယူရောင်းချခြင်းမျိုးကို ရှောင်ရှားလေ့ရှိကြသည်။ ထိုသို့သော နေရာများမှ ပစ္စည်းများကို လက်ဝါးကြီးအုပ်လိုသည့် ဝယ်လက်များ သို့မဟုတ် ရှေးဟောင်းပစ္စည်း ရှာဖွေသည့် ကမ္ဘာလှည့် ခရီးသည်များက ဝယ်ယူတတ်ကြသည်။ မြန်မာနိုင်ငံမှ ဝေးလံခေါင်ဖျားသည့် နေရာအများအပြားမှာ ခိုးထုတ်ရောင်းချသည့် ပြဿနာကို တားဆီးရန် အားနည်းမှုများ ရှိနေဆဲဖြစ်သည်။

တရားမဝင် ခိုးထုတ်သူများ၏ ဒုတိယအုပ်စုကို ရှေးဟောင်းပစ္စည်း စုဆောင်းသူများ၏ ဒေသတွင်း ကွန်ရက်တခု အဖြစ် ဖွင့်ဆိုနိုင်ပါသည်။ ခိုးထုတ်သူများက ရှေးဟောင်းလက်ရာ ပစ္စည်းများကို စုဆောင်းကြသည်။ ရှေးဟောင်းနေရာ အများအပြားကို ငှားရမ်းခြင်း သို့မဟုတ် လက်ဝါးကြီးအုပ်ထားခြင်းဖြင့် ခိုးထုတ်ကြသည်။ ဈေးနှုန်းနှင့် ပတ်သက်၍၊ အစစ်အမှန်ဖြစ်ကြောင်း ခွဲခြားနိုင်ရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်ရန် စနစ်တကျ ပြင်ဆင်ထားသော စနစ်တခု ရှိသည်။ အွန်လိုင်းမှ လူမှုကွန်ရက် မီဒီယာများကလည်း သူတို့ကို အထောက်အကူ ဖြစ်စေသည်။ ဗဟုသုတရှိ၍ ငွေကြေးပြည့်စုံသော လူသစ်များ ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးကိုလည်း လွယ်ကူစေခဲ့သည်။ သတင်းအချက်အလက် အပြည့်စုံဆုံးသော အဖွဲ့များထဲမှ တခုက ထိုင်းနိုင်ငံ ခရာဘိ (Krabi) ခရိုင်မှသည် ဆူရတ်ဌာနီ (Surat Thani) အထိနှင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက် ထားဝယ်နှင့် တနင်္သာရီ အထိ လွှမ်းမိုးထားသည်။ သူတို့က ပညာရှင်များ၊ ရှေးဟောင်းသုတေသန သမားများနှင့်လည်း ကန့်သတ်ထားသော သတင်းအချက်အလက်များ ဖလှယ်ရန် စိတ်ဝင်စားတတ်ကြသည်။

ခိုးထုတ်သူများထဲမှ တတိယ အစုအဖွဲ့မှာ ရာသီအလိုက်လုပ်ရသည့် အလုပ်သမားများ ဖြစ်သည်။ ထိုအုပ်စုတွင် ပါဝင်သူ များမှာ တံငါသည်များနှင့် စိုက်ပျိုးရေး အလုပ်သမားများ ဖြစ်လေ့ရှိပါသည်။ သူတို့ထဲမှ ကံကောင်းသူအချို့သည် ရှေးဟောင်းနယ်မြေများတွင် နေထိုင်သူများ ဖြစ်ကြပြီး သူတို့၏ အိမ်ခြံဝန်း သို့မဟုတ် စိုက်ပျိုးမြေများအတွင်း တူးဖော် ရှာဖွေမှုများ ပြုလုပ်ကြသည်။ အခြားသူများက မြေနေရာများကို ပိုင်ရှင်ထံမှ တနေ့စာအတွက် သို့မဟုတ် ကျင်းအလိုက် နှုန်းထားများဖြင့် ငှားရမ်းလုပ်ကိုင်ကြရသည်။ ငှားရမ်းခံ ဈေးနှုန်းမှာလည်း နေရာ၏ ရေပန်းစားမှုပေါ် မူတည်၍ ကွဲပြားပါသည်။ အဆိုပါ အုပ်စု၏ လူမှုကွန်ရက်မီဒီယာပေါ်မှ လှုပ်ရှားမှုများကို ကျမ၏လေ့လာချက်အရ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ အတွင်းမှ အလုပ်သမားများကြားတွင် အလုပ်သဘောအရ ချိတ်ဆက်မှုများ တိုးလာသည်ကို တွေ့ရပြီး အထူးသဖြင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း ကဏ္ဍများမှ ဖြစ်ကြသည်။ အိမ်နောက်ဖေးတွင် တူးဖော်ရှာဖွေမှုများ ပြုလုပ် ရန် မြန်မာနိုင်ငံသို့ ခရီးထွက်သည့် အရေအတွက်ကိုလည်း တိုးလာစေသည်ကို တွေ့ရသည်။

ရှေးဟောင်း ပုတီးစေ့များ နှင့် ဒင်္ဂါးပြားများမှာ စုဆောင်းသူများအတွက် ရှားပါးသော ပစ္စည်းများ မဟုတ်ပါ။ သို့သော်လည်း ဝိဉာဉ်နှင့် ဆိုင်သော အထူးတန်ဖိုးများ ရှိနေတတ်သည်။ စုဆောင်းသူ အများစုက ရှေးဟောင်းနယ်မြေများမှ ရရှိသည့် ပုတီးစေ့များတွင် ထူးခြားသော စွမ်းအင်များပါဝင်နေတတ်ပြီး သူတို့ကို ကံကောင်းမှုများနှင့် ကာကွယ်မှုများပေးသည်ဟု ယုံကြည်ကြသည်။ ထိုယုံကြည်မှုက ဘာသာရေးဆိုင်ရာ အကြောင်းများနှင့် ဆက်နွယ်နေပါသည်။ အရှေ့တောင်အာရှသို့ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ရောက်ရှိလာခြင်းနှင့် နီးစပ်ပတ်သက်မှု ရှိသည်ဟု သိကြသည့် ရှေးဟောင်း ကုန်သွယ်ရေး နေရာများ သို့မဟုတ် နယ်မြေများနှင့် ဆက်နွယ်နေသာ ပစ္စည်းများဖြစ်ကြသည်။ ဘာသာရေးအရ သမိုင်းကြောင်း ရှိသည့် နေရာများမှ ပစ္စည်းများ၊ မြင့်မြတ်သော နေရာမှ မြင့်မြတ်သော အချိန်မှ လူများ၏ ပစ္စည်းများ စသည်တို့ကို စုဆောင်း သူများက အလွန်ပင် တန်ဖိုးကြီးသည့် မှော်ဆန်သော အဆောင်လက်ဖွဲ့များအဖြစ် မြင်ကြသည်။

ဥပမာပြရလျှင် မွန်ပြည်နယ်နှင့် Isthmian Peninsula (ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ၏ အောက်ဖက်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အကျဉ်း မြောင်းဆုံးနေရာ) တဝိုက်မှ နေရာများသည် ဒဏ္ဍာရီသဖွယ်ဖြစ်သည့် သုဝဏ္ဏဘူမိ နိုင်ငံကြီး ရှိခဲ့ရာဖြစ်ပြီး အသောက ခေါ် သိရိဓမ္မာသောက မင်းကြီး၏ ဗုဒ္ဓဘာသာ သာသနာပြုများကို လက်ခံခဲ့သည့် နေရာဖြစ်သည်။ အဆိုပါကာလနှင့် ဆက်စပ်နေသော ရှေးဟောင်းပစ္စည်းများသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ သံခေတ်နှင့် သမိုင်းဦးခေတ် ရှေးဟောင်းနေရာများမှ လာကြသည်။ စုဆောင်းသူများက ပုတီးစေ့များကို အနုပညာလက်ရာတခု အနေဖြင့်သာ မဟုတ်ဘဲ ဘာသာရေးအရ ထူးခြားထင်ရှားသည့် ခေတ်ကာလတွင် နေထိုင်ခဲ့သူများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများ ရှိနေသောကြောင့် ဝယ်ယူကြခြင်း ဖြစ်သည်။ ရှေးလူများသည် ကြီးမားသော ဝိဉာဉ်ဆိုင်ရာ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားကြပြီး ထိုအစွမ်းများသည် အရာဝတ္တုပစ္စည်းများအတွင်းသို့ ကူးပြောင်း ရောက်ရှိသွားကြသည်ဟု ယုံကြည်ကြသော ဒေသတွင်းမှ ရှေးဟောင်းပစ္စည်း စုဆောင်းသူများကြားတွင် ခန်းနားကြီးကျယ်သော အတိတ်ကာလကို လေးစားသည့် ခံစားမှုများ ရှိနေသည်။

ထို့ပြင် Pumtek (ပုတီးကုံး) ကဲ့သို့သော ပုတီးစေ့များကို ပိုင်ဆိုင်ခြင်းက ဥပမာအားဖြင့် ချင်းတိုင်းရင်းသား အသိုင်းအဝိုင်း များအတွင်းတွင် ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းကို ဖော်ပြခြင်း ဖြစ်သည်။ အဆိုပါ သဘောတရားကို ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများ၏ ဝိဉာဉ်ပိုင်းဆိုင်ရာနှင့် မှော်ဆန်ခြင်းကို အသားပေးကြသည့် ပုတီးစေ့ စုဆောင်းသူများကလည်း ကျင့်သုံးကြသည်။ ကြီးမား၍ ရှားပါးသော ပုတီးစေ့များပိုင်ဆိုင်သည့် စုဆောင်းသူ တဦးသည် အဆင့်တန်းမြင့်သော ဝိဉာဉ်ရှိသည်ဟု ယူဆကြသည်။ ထိုအယူအဆက ထေရဝါဒ ဗုဒ္ဓဘာသာ အယူအဆဖြစ်သည့် “ပါရမီ” ကို ဖော်ပြခြင်းနှင့် ရောထွေးနေသည်။ ရှေးဟောင်းပစ္စည်း ပိုင်ဆိုင်ခြင်းက ရုပ်ဝတ္ထုပိုင်ဆိုင်မှုကို ပြသခြင်း ဖြစ်သလို လူပုဂ္ဂိုလ် တစုံတယောက်၏ ပုည သို့မဟုတ် ကုသိုလ်အတိုင်းအတာကို ဖော်ပြခြင်းလည်း ဖြစ်သည်။ ကုသိုလ်အပေါ် ဒေသခံများ ယုံကြည်ခြင်းက တဦးတယောက် ပိုင်ဆိုင်သော ရှားပါး၍ တန်ဖိုးရှိသော ပစ္စည်းအရေအတွက်မှ တဆင့်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပုတီးစေ့များက ပိုမို၍ စစ်မှန်ပြီး မြန်မာများက ဗုဒ္ဓဘာသာအပေါ် အထူး လေးနက် သက်ဝင်ကြသည့်အတွက် စွမ်းအင်များ မြင့်မားစွာပါဝင်နေသည်ဟု ယူဆကြသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ခိုးဝှက်တူးဖော်သူအများစုသည် ချွန်ထက်ကြမ်းရှသည့် အရာများဖြင့် တူးဆွကြရာ ရှေးဟောင်းလက်ရာများ မူရင်းလက်ရာ ပျက်ဆီးကြသည်
Phacharaphorn Phanomvan

ကုန်သွယ်မှုနှင့် လိုအင်များ တိုးလာသည့်အချိန်တွင် အဓိက စိုးရိမ်စရာ ဖြစ်လာသည်မှာ အသေးစားခိုးထုတ်မှုများက မြန်မာနိုင်ငံမှ မဖော်ထုတ်ရသေးသည့် ရှေးဟောင်းအမွေအနှစ်များအတွက် အလေးအနက်ထားရမည့် ပြဿနာတခု ဖြစ် လာနိုင်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံတဝှမ်းရှိ ရှေးဟောင်းသုတေသန နယ်မြေများနှင့် ပတ်သက်၍ ပြည့်စုံ ကျယ် ပြန့်သော အချက်အလက်များ စုဆောင်းထားရှိနိုင်သော်လည်း မြန်မာနိုင်ငံ၏ နေရာအများစုမှာ ကွင်းဆင်းစစ်ဆေးရန်နှင့် စောင့်ကြည့် ထိန်းသိမ်းရန် လိုအပ်နေဆဲ ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားနိုင်သည့် ထိုင်းနိုင်ငံတွင်ပင် ရှေးဟောင်းသုတေသန နယ်မြေများ ပျက်စီးနေသည်။ အထူးသဖြင့် သံခေတ်နှင့် သမိုင်းဦးခေတ် နေရာများမှာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ခြင်းက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရသည့် တိုက်ပွဲတခုလည်း ဖြစ်ပါ သည်။ ရခိုင်ပြည်နယ်မှ မြောက်ဦး ကဲ့သို့သော နယ်မြေသည် အလွန်အန္တရာယ်မြင့်မားသည့် နယ်မြေဖြစ်နေသည်ဟု ကမ္ဘာ့ အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (Global Heritage Fund) က ဖော်ပြခဲ့သည်။ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာ ရှင်အချို့က မှတ်တမ်းပြုစုရန်၊ စောင့်ကြည့် ထိန်းသိမ်းရန်နှင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးမှု များပြားလာခြင်းကို တိုက်ဖျက်ရန် ဒေသတွင်း ဆောင်ရွက်မှုများကို အားပေးကူညီခြင်းများ ပြုလုပ်နေသော်လည်း လုပ်ဆောင်နိုင်မှုနှင့် ရန်ပုံငွေ က နိုင်ငံအတွင်းတွင် ရှိနေသည့် ရှေးဟောင်းအမွေအနှစ်များ၏ အရေအတွက်နှင့် စာလျှင် လုံလောက်မှု မရှိသေးဘဲ အဓိကအားဖြင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) အသိအမှတ်ပြု အဓိကနေရာများ ဖြစ်သည့် ပုဂံ နှင့် ပျူမြို့များတွင်သာ အာရုံစိုက်မှု ရှိနေသည်။ ထို့ကြောင့် လူသိနည်းသည့်နေရာများနှင့် နယ်စပ်ဒေများမှာ ရှေးဟောင်းပစ္စည်း ခိုးထုတ်ခြင်းများကို ကာကွယ်ရန် အလွန် အားနည်းစေခဲ့သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ အနီးမှ အလျှင်အမြန် ခေတ်မီ တိုးတက်လာနေသည့် နေရာများဖြစ်သည်။

ရှေးဟောင်းပစ္စည်း အသေးစားများနှင့် ပုတီးစေ့များ မှောင်ခိုထုတ်ခြင်းကို အလေးထားမှု နည်းစေခဲ့ပြီး အာဏာပိုင်များကလည်း အသေးအဖွဲ မှုခင်းများ အဖြစ်သာ သဘောထားလေ့ရှိကြသည်။ လက်တွေ့တွင်မူ နယ်စပ်များကို ဖြတ်ကျော်၍ ရှေးဟောင်းလက်ရာပစ္စည်းများ တရားမဝင် ကုန်သွယ်ခြင်းသည် မူးယစ်ဆေးနှင့် လက်နက်များကိုပါ မှောင်ခိုလုပ်သည့် ကြီးမားသော ရှေးဟောင်းပစ္စည်း မာဖီးယား ကွန်ရက်များ၏ အစိတ်အပိုင်းတခု ဖြစ်နေတတ်ပါသည်။ အောက်ခြေအဆင့်မှ တူးဖော်ရှာဖွေသူများသည် အသေးစား ရှေးဟောင်းပစ္စည်းများကို ရောင်းချခြင်းမှ အကျိုးအမြတ် မရရှိဘဲ ဈေးကောင်းကောင်းနှင့် လက်လီ ပြန်လည်ရောင်းချမည့် ကြားခံပွဲစားများထံသို့သာ ရောင်းချရလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းက အကျိုးအမြတ်ရနိုင်သည့် လုပ်ငန်းတခု မဟုတ်သလို ရေရှည်တွင် စီးပွားရေး အကျပ်အတည်းကို ပြေလည်စေမည့် အဖြေတခု မဟုတ်ကြောင်း လေ့လာမှုများက တွေ့ရှိခဲ့ရပြီး ဖြစ်သည်။

ဖွံဖြိုးလာနေသည့် စီးပွားရေးများမှ အစိုးရများပေါ်သို့ ကျရောက်လာသည့် လေးလံသော ဝန်ထုပ်ဝန်ပိုးမှာ တရားမဝင် တူးဖော်ခိုးယူသူများကို စောင့်ကြည့် ထိန်းချုပ်ရေးနှင့် ပျောက်ဆုံးသွားသော ရှေးဟောင်းပစ္စည်းများနောက်သို့ ခြေရာကောက် လိုက်နိုင်ရေး ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းများက ရောင်းသူများနှင့် စုဆောင်းသူများ ကဲ့သို့သော ဈေးကွက်၏ ဝယ်လိုအားဘက်မှ အခြေအနေများကို ဖြေရှင်းရာတွင်လည်း ပိုမိုကောင်းမွန်စွာ ပြောင်းလဲပေးနိုင်လိမ့်မည် ဖြစ်သည်။ တချိန်တည်းမှာပင် ရှေးဟောင်း သုတေသန ပညာရှင်များကလည်း ဒေသခံအသိုင်းအဝိုင်းများ ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုတခု ဖွံ့ဖြိုးလာရန်နှင့် သေးငယ်သောနေရာပင် ဖြစ်စေ သမိုင်းအမွေအနှစ်နေရာများကို အသုံးပြု၍ အခြားသော ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများနှင့် ဆောင်ရွက်ချက်များ ပေါ်ပေါက်လာစေရန် ကြိုးစား အားထုတ်သင့်ပါသည်။

အမေရိကန် ရှေးဟောင်း သုတေသနပညာသိပ္ပံ (AIA) က တောင်အမေရိကနှင့် ကမ္ဘောဒီးယားတွင် ရန်ပုံငွေထောက်ပံ့မှုများ ပြုလုပ်နေခြင်းကဲ့သို့သော စီမံကိန်းမျိုးကလည်း ဒေသခံ အသိုင်းအဝိုင်း တိုးတက်လာစေရန် အထောက်အကူ ဖြစ်စေပါသည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်း(MAA) က ပုဂံနှင့် ပျူ ရှေးဟောင်းနယ်မြေများတွင် ပြည်သူလူထု၏ နားလည်သတိပြုမှု တိုးတက်လာစေရန်နှင့် ကျေးလက်ပြည်သူများကြားတွင် တရားမဝင် တူးဖော်ခိုးယူခြင်းများ ကာကွယ်တားဆီးရေးအတွက် ဒေသခံ ယဉ်ကျေးမှု အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ဒေသခံ အသိုင်း အဝိုင်းများနှင့် စတင်ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သည်။ ထိုကဲ့သို့သော အားထုတ်မှုမျိုးကို ဗမာမဟုတ်သော လူမျိုးစုများ၏ သမိုင်းဝင်နေရာများသို့ တိုးချဲ့နိုင်ရေးအတွက် ရန်ပုံငွေများနှင့် စွမ်းဆောင်ရည် မြှင့်တင်တည်ဆောက်မှုများ လိုအပ်ပါသည်။

မြို့ပြများ ဖွံ့ဖြိုးလာခြင်း၊ စိုက်ပျိုးရေး အလေ့အထများ ပြောင်းလဲလာခြင်းနှင့် ရှေးဟောင်းပစ္စည်းများ ခိုးယူတူးဖော်ခြင်း များက ထိုင်းနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များကို ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင် အများအပြားက လက်ခံသဘောတူခဲ့ကြသည်။ အသေးစား ရှေးဟောင်းပစ္စည်းများ တရားမဝင် တူးဖော်ခြင်း၊ ခိုးယူ ဖျက်ဆီးခြင်း အလေ့အထများကို ကျယ်ပြန့်လာစေသည့် လူလတ်တန်းစားများကြားတွင် များပြားလာနေသည့် ဈေးပေါပေါ ရှေးဟောင်းပစ္စည်းများကို စုဆောင်းသော အလေ့အထကို ပြောင်းလဲရာတွင် အနည်းငယ်မျှသော အားထုတ်မှု ဖြစ်စေရန် ရည်ရွယ်၍ ယခုဆောင်းပါးကို ကျမရေးသား ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ရေရှည်အတွက်တွင်မူ အသေးစား တူးဖော် ခိုးထုတ်ခြင်းများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၏ ထိရောက်မှုကို ပိုမိုနားလည်ရန် လိုအပ်ပါသည်။ တရားမဝင် ခိုးထုတ်ခြင်းများ လျော့ပါးသွားစေရန် ဒေသခံ အသိုင်းအဝိုင်းများကို ရှေးဟောင်းအမွေအနှစ် ဒေသများ ဖွံ့ဖြိုးရေးတွင် ပါဝင်လာနိုင်မည့် အခြားသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် အထူးလိုအပ်ပါသည်။

(ဖက်ချရာဖုန်း ဖနွန်ဝမ်သည် Oxford တက္ကသိုလ်မှ စီးပွားရေး သမိုင်းဆိုင်ရာ ပါရဂူ ကျောင်းသူတယောက် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတို့၏ ရှေးဟောင်း ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုကို သုတေသန ပြုနေသူ ဖြစ်ပါသည်။ ယခု ဆောင်းပါးသည် “Cost of Trinkets: A Growing Archaeological Looting Network Between Thailand and Myanmar အမည်ရှိ ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
Did you find apk for android? You can find new Free Android Games and apps.
Loading