ကမ္ဘာ့တော်လှန်ရေးအမှတ်တံဆိပ်တခုလို ဖြစ်နေတဲ့ အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရား (Che Gvevara) အကြောင်း ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဘာသာစကားမျိုးစုံဖြင့် တည်ရှိနေပါတယ်။
CHE နဲ့ ပတ်သက်ပြီး စာအုပ်ပေါင်းများစွာ အတ္ထုပ္ပတ္တိပေါင်းများစွာရှိတဲ့ အထဲကမှ ယခုစာအုပ်ကတော့ ချေဂွေဗားရား အတ္ထုပ္ပတ္တိ ပုံစံ ရေးသားထားပြီး CHE ကွယ်လွန်ပြီး နောက်ဆက်တွဲကာလနဲ့ အခြေအနေများကိုပါ ထည့်သွင်းထားပါတယ်။
မူရင်းစာအုပ်ရေးသားသူက Richard L. Harris ဖြစ်ပြီး နိုင်ငံရေး သိပ္ပံနဲ့ Ph.D ဘွဲ့ရထားပြီး ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်ပါတယ်။
ရစ်ချတ်အယ်လ်ဟဲရစ်ရေးသားပြီး (Che Guevara: A Biography) စာအုပ်ကို နိုင်မြင့်သစ်က ချေဂွေဗားရား (အထင်ကရ တော်လှန်ရေး သမားတဦး၏ နိုင်ငံရေးရာဇဝင်) ဆိုကာ ဘာသာပြန်ဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ (Greenwood) ပုံနှိပ်တိုက်မှ ၂၀၁၀ မှာ ဖြန့်ချိထားပြီး ဘာသာပြန်မူကိုတော့ ၂၀၁၇ သြဂုတ်လမှာ ဖြန့်ချိထားပါတယ်။ စာအုပ်မှာ အခန်း ၁၃ ခန်းပါရှိပြီး နိဒါန်းတွင် CHE၏ ဘဝဖြစ်စဉ်များကို သက္ကရာဇ်ခုနှစ်များအတိုင်း အစဉ်လိုက်ပါဝင်ပါတယ်။
အခန်း (၁) မှာ အာဂျင်တီးနားနိုင်ငံမှ အစောပိုင်းဘဝများ၊ အခန်း (၂) မော်တော်ဆိုင်ကယ်ဒိုင်ယာရီ (သို့မဟုတ်) ချေ၏ တောင်အမေရိက စွန့်စားခန်း ခရီးစဉ်၊ အခန်း (၃) ကွာတီမာလာနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့တွင် လက်နက်ကိုင်ရန် တောင်းဆိုခြင်း၊ အခန်း (၄) ချေ သို့မ ဟုတ် သူရဲကောင်းပြောက်ကျားစစ်၊ အခန်း (၅) ကျူးဘားတော်လှန်ရေးအစိုးရတွင်းမှ ချေ၏အခန်းကဏ္ဍ အခန်း (၆) တော်လှန်သော ပြောက်ကျားစစ်နှင့် ပတ်သက်ပြီး ချေ၏ ဖြည့်ဆည်းမှုများ အခန်း (၇) နယ်ချဲ့စနစ်နှင့် ဆိုရှယ်လစ်ဝါဒတို့တွင် ချေ၏သဘောပေါက် နား လည်မှုများ၊ အခန်း (၈) အာဖရိကလျှို့ဝှက်ချက် အထူးတာဝန်အဖွဲ့ဆိုပြီး သက်ရှိထင်ရှားရှိစဉ် CHE ရဲ့ ဘဝဖြတ်သန်းမှုများ ပါဝင်ပါ တယ်။
CHE မကွယ်လွန်မီနဲ့ ကွယ်လွန်ပြီး နောက်ဆက်တွဲ အခြေအနေများကို အခန်း (၉) ဘိုလီးဗီးယားရှိ ချေ၏ နောက်ဆုံးအထူးတာဝန်အဖွဲ့ အခန်း (၁၀) တော်လှန်ရေးသမားတဦး၏ ကြေကွဲဖွယ်သေဆုံးမှု အခန်း (၁၁) CHE ၏ ဒိုင်ယာရီနှင့် ဇာတ်မြှုပ်ထားသည့် ကြွင်းကျန်ရုပ် အလောင်း၊ အခန်း (၁၂) ချေ၏ အဓွန့်ရှည်ရှည်တည်တံ့သည့်အမွေ အခန်း (၁၃) ချေ သက်တော်ရာကျော် ရှည်ပါစေ၊ လက်တင်အမေရိ ကအပေါ် ချေ၏ဆက်လက် သြဇာသက်ရောက်မှုများဆိုပြီး ပါဝင်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ၁၉၆၇ အောက်တိုဘာ ၉ ရက်နေ့ ဘိုလီဗီးရား စစ်တပ်မှ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ CHE ဟာ သမိုင်းအဆင့်ဆင့် ဂုဏ်ရောင်ပြောင် ထွန်းလင်းခဲ့သလို ၂၀၁၀ ခုနှစ် TIME မဂ္ဂဇင်းရဲ့နှစ်ဆယ်ရာစု သြဇာတိက္ကမအရှိဆုံး လူပေါင်းတရာထဲမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
စာအုပ်ကို ရေးသားခဲ့တဲ့ Richard L. Harris ချေကိုယ်တိုင်ရေးသားခဲ့တဲ့ နေ့စဉ်မှတ်တမ်းကို အခြေခံပြီး ချေနဲ့ ပတ်သက် ထိဆက်ခဲ့တဲ့ သူများကို တွေ့ဆုံ နောက်ဆုံး CHE ကျဆုံးခဲ့ရတဲ့ ဘိုလီးဗီးရားရှိ နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာထိသွားရောက်ကာ ရေးသားထား တာ ဖြစ်ပါတယ်။
စာအုပ်နဲ့ ပတ်သက်ပြီး စာရေးသူရဲ့ နိဒါန်းမှာ “ဤစာအုပ်သည် ချေဂွေဗားရာဘဝ၏ ကာလအပိုင်းအခြားနှင့် အသွင်အပြင် အားလုံးတို့၏ ပြည့်စုံကျုယ်ပြန့်သည့် ဖြစ်စဉ်ကို စီစဉ်ပေးထားပါသည်၊ ဤစာအုပ်သည် သူ့အကြောင်း အနည်းငယ်သာ သိသူ၊ တစုံတရာ သိထားသူနှင့် ပိုမိုသိလိုသူ စာဖတ်ပရိသတ်အတွက်ဖြစ်ပါတယ်” ဟု ရေးသားထားပါတယ်။
CHE ရဲ့တော်လှန်ရေးကာလများတင်မကဘဲ ငယ်စဉ်ဘဝ၊ လမ်းနှင့်ပစ္စည်း စိစစ်သူ၊ ဆေးသုတေသန လက်ထောက်၊ သင်္ဘောသူနာပြု၊ ခရီးလှည့်လည် အရောင်းစာရေး၊ လမ်းဘေး ဓာတ်ပုံဆရာ၊ ဆရာဝန်၊ စာရေးဆရာ၊ ကျူးဘားဗဟိုဘဏ် အကြီးအကဲ၊ စစ်ဘက်ဆိုင်ရာ တပ်မှူး၊ ကျူးဘား ဗဟိုစီမံကိန်းဘုတ်အဖွဲ့ညွှန်မှူး၊ စက်မှုဝန်ကြီး၊ နိုင်ငံခြားရေးကျွမ်းကျင်သူ အစရှိသဖြင့် ဖြတ်သန်းမှုအစုံစုံကိုလည်း ဖတ်ရပါတယ်။
တော်လှန်ရေးသမားကြီးလို့ တံဆိပ်ကပ်နှိပ်ထားသော်လည်း CHE ရဲ့လူငယ်ဘ၀ ဖခင်ဖြစ်သူနဲ့ဆက်ဆံရေးကိုလည်း “ချေနဲ့ကျွန်တော်က သက်တူရွယ်တူတွေလို တစ်ယောက်နဲ့တစ်ယောက် ကျီစယ်တတ်ကြပါတယ်။ ရယ်စရာ ဟာသတွေလုပ်ကြပါတယ်။ ချေက ကျွန်တော့်ကို တစ်လျှောက်လုံး ကျီစယ်လှောင်ပြောင်နေတာပါ။ အိမ်ထဲက စားပွဲခုံပေါ်မှာ နှစ်ယောက်သား တွေ့ဆုံလိုက်တယ်ဆိုတာနဲ့ တစ်ပြိုက်နက် ချေ က ကျွန်တော့်ကို နိုင်ငံရေးစရိုက်လက္ခဏာတွေနဲ့ ပတ်သက်တဲ့ အငြင်းအခုန်တွေနဲ့ ဆွပေးတော့တာပဲ။ ဒီတုန်းက သူ့အသက်က နှစ် ဆယ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီနယ်ပယ်မှာတော့ သူက ကျွန်တော်ထက် သာပါတယ်။ ကျွန်တော်တို့ဟာ အတောမသတ် ထပ်တ လဲလဲ ငြင်းခုန်နေကြပါတယ်။ ကျွန်တော်တို့နှစ်ယောက် ငြင်းခုန်နေတာကို ကြားရင် ကျွန်တော်တို့ ရန်ဖြစ်နေကြတယ်လို့ ထင်ကြမှာပဲ။ လုံး ၀ ရန်မဖြစ်ပါဘူး။ အဲဒီမှာ ကျွန်တော်တို့နှစ်ယောက်ကြားက စစ်မှန်တဲ့ ရဲဘော်ရဲဘက်စိတ်ရှိခြင်းကို စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ထူ ထားကြတာပါ”လို့ ဖတ်ရပါတယ်။
စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ CHE ကွယ်လွန်ပြီး ထုတ်ဝေခဲ့တဲ့ နေ့စဉ်မှတ်တမ်းပုံနှိပ်ထုတ်ဝေခြင်းရဲ့နောက်ကွယ်က ဇာတ်လမ်းဖြစ်ပျက်ပုံများနဲ့ CHE ရဲ့ ခန္ဓာကိုယ်ကို သူ ကွယ်လွန်ပြီး နှစ်ပေါင်း ၃၀ ကြာမှ ၁၉၉၇ ခုနှစ်မှာ ကျူးဘားနိုင်ငံသို့ မည်သို့ ရွှေ့ ပြောင်းခဲ့ရတဲ့အကြောင်းများ ဖြစ်ပါတယ်။
ဘာပဲပြောပြော ဆရာဝန်တယောက်ဖြစ်ပြီး တော်လှန်ရေးသမားတယောက်လိုနေ တော်လှန်ရေးသမားတယောက်လို ၁၉၆၇ အောက် တိုဘာ ၉ ရက်နေ့မှာ ဘိုလီးဗီးရားစစ်တပ်ရဲ့ပစ်ခတ်ခံရပြီး ချေဂွေဗားရားဟာ အသက် ၃၉ နှစ်မှာ ကျဆုံးကွယ်လွန်ခဲ့ပါတယ်။
သူရဲကောင်းစိတ်ဓာတ်နဲ့ ပတ်သက်ပြီး CHE ရဲ့ကလေးများထံ နှုတ်ဆက်စာမှာတော့ အောက်ပါအတိုင်းရေးသားခဲ့ပါတယ်။
“တော်လှန်ရေးဆိုတာ ဘာ အရေးကြီးဆုံးဖြစ်သလဲ ဆိုတာပဲဖြစ်တယ်ဆိုတာကို ခေါင်းထဲ စွဲနေရမယ်။ ငါတို့ အသီးသီးဟာ တစ်ယောက် တည်း အထီးတည်းဟာ ဘာတန်ဖိုးမှ မရှိဘူးဆိုတာကို ခေါင်းထဲ စွဲနေရမယ်။ အဖြစ်ချင်ဆုံးကတော့ ကမ္ဘာ့ဘယ်အပိုင်းကမဆို လူတိုင်းကို ဆန့်ကျင်ကျူးလွန်ထားတဲ့ မည်သည့် တရားမမျှတမှုကို မဆို နက်နက်ရှိုင်းရှိုင်းခံစားနိုင်စွမ်း အမြဲရှိနေရမယ်”။
CHE ကွယ်လွန်တာ ၁၉၆၇ အောက်တိုဘာဆိုတော့ နှစ်ပေါင်း ၅၀ ပြည့်တော့မှာဖြစ်သော်လည်း ချေရဲ့ ဓာတ်ပုံ၊ ချေရဲ့ နာမည်ကတော့ ကိုးကား ပြောဆိုဦးညွတ်နေရတုန်းပဲဖြစ်ပါတယ်။
စာရေးသူ – Richard L. Harris
ဘာသာပြန် -နိုင်မြင့်သစ်
စာအုပ်အမည် – ချေဂွေဗားရား (အထင်ကရ တော်လှန်ရေးသမားတဦး၏ နိုင်ငံရေးရာဇဝင်) (Che Guevara: A Biography)
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်တိုက် – ယဉ်မျိုး ထုတ်ဝေသည့်ကာလ – ၂၀၁၇၊ သြဂုတ်လ
တန်ဖိုး- ၄၀၀၀ ကျပ်