ဆောင်းပါး

အနောက်တံခါးက အကြောက်တရားများ

Want create site? Find Free WordPress Themes and plugins.

မိုးမှောင်ကျ၍ စစ်တွေမြို့ရှိ သရက်အုပ် ကျောင်းတိုက် သိမ်တော်သည် အမှောင်ကျနေ၏။

သိမ်တော်ထဲတွင် ရခိုင် တိုင်းရင်းသူ ဖြစ်သည့် မနုစိန်သန်း တယောက် လသားအရွယ် သမီးကလေး မမြတ်နှင်းဝေကို အဖြူရောင်ပိတ်ဖြင့် ပတ်ကာ ရင်ခွင်ပိုက်ထားသည်။

သြဂုတ်လ ၂၅ ရက် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်များကြောင့် စိုးရိမ်ကြောင့်ကြ စိတ်များနှင့်အတူ ကြမ်းတမ်း သော ခရီးလမ်းကို ဖြတ်သန်း ထွက်ပြေးလာရသည့် သွေးနုသားနု ကလေးမိခင် မနုစိန်သန်းတွင် စိတ်ဒဏ်ရာများ ရရှိခဲ့ သလို သမီးကလေး မမြတ်နှင်းဝေတွင်လည်း ခန္ဓာကိုယ် အောက်ပိုင်း အပူလောင်၍ အရေပြားများ ကွာနေသည်။

မည်မျှ နာကြင်နေမည်ကို မသိ။ အနီရောင်သန်းနေသော သွေးကြောမျှင်များကိုပါ မြင်တွေ့ရသည်။

“ကလေးမွေးတာ ၂ ရက်ပဲ ရှိသေးတယ်။ အရေးအခင်းဖြစ်တော့ ထွက်ပြေးလာတာ။ကားထဲမှာ လူကလည်း ကျပ်၊ ပူကလည်း ပူဆိုတော့ ကလေးက အရေပြားလောင်သွားတာ”ဟု အသက် ၃၀ အရွယ် မနုစိန်သန်းက ပြောပြသည်။

မနုစိန်သန်းတို့သည် မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီကျေးရွာမှဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့်နေရပ်တိမ်းရှောင်ထွက်ပြေးရောက်ရှိလာသူများ ဖြစ်ကြသည်။

အသက်လုထွက်ပြေးတိမ်းရှောင်လာခဲ့ရသည့်အတွက် ကားထဲ လူအုပ်ကြားတွင် ညပ်ကာမွေးကင်းစ ကလေးငယ်မှာ အရေပြားအပူလောင်သည့်ဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

သရက်အုပ်ကျောင်းတိုက်တွင် မနုစိန်သန်းတို့ ကဲ့သို့မောင်တောမြို့နယ်မှ ထွက်ပြေးလာကြသူ အိမ်ထောင်စု ၇၃ စု လူဦးရေ ၂၂၈ဦးရှိသည်။ အများစုမှာသက်ကြီးရွယ်အိုများ၊ ရင်ခွင်ပိုက် ကလေး မိခင်များ၊ ဆယ်ကျော်သက် အရွယ် ကလေးများ အများဆုံး ဖြစ်သည်။

ကယ်ဆယ်ရေးစခန်းတွင် အလှူရှင်များ လာရောက် လှူဒါန်းမှုကြောင့် စားနပ်ရိက္ခာများ အဆင်ပြေသော်လည်း သူတို့ အားလုံး၏ မျက်နှာတွင် အကြောက်တရားများ ကြီးစိုးနေဆဲ ဖြစ်သည်။

သူတို့၏ အိမ်ပြန်ချိန်ကို သူတို့ မခန့်မှန်းနိုင်ကြ။ အကြောက်တရားများဖြင့် ထွက်ပြေးလာရသည့် ဖြစ်ရပ်များက ဒေသခံ တိုင်းရင်းသားများ အတွက် ယခုအချိန်ထိ သွေးပျက်နေဆဲ ဖြစ်သည်။

“ဒီလို အခြေအနေနဲ့တော့ မပြန်ရဲဘူး။ မလုံခြုံဘဲနဲ့တော့ မသွားရဲဘူး။ တကယ်လို့ ကယ်ဆယ်ရေး စခန်းပိတ်ပြီး ဒီမှာ မထားတော့ဘူး ဆိုရင်လည်း တခြားနေရာတခုမှာ သွားပြီးတော့ လုပ်ကိုင် စားသောက်တော့မယ်”ဟု မနုစိန်သန်းက ပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်း ကျေးရွာနေ ဒေါ်ဦးခင်ဝင်း ၃၄နှစ်သည်လည်း သရက်အုပ် ကျောင်းတိုက် ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိပြီး ၁ ရက်အကြာတွင်ပင် ကလေးမွေးဖွားခဲ့သည်။

“လမ်းခရီးမှာတော်တော် ဒုက္ခရောက်ခဲ့ပါတယ်။ စစ်တွေကို လာဖို့ အမြန်ယာဉ်ပေါ်ကို ဆင်းတဲ့အခါမှာတောင် လူတွေ က များတော့ တိုးကြတာ။ ကိုယ်ဝန်နဲ့ဆိုတော့ ကျမ မခံနိုင်လို့ ငိုချတယ်။ ထိုင်စရာလည်း မရှိဘူး။ဘယ်လိုမှ အောင့်မခံ နိုင် တော့ဘူး။ ချွေးထွက်တာ တကိုယ်လုံးပဲ။ လူတွေက ကူပြီးတော့ ယပ်ခတ်ပေးကြတယ်။ အသက်မသေလို့သာ ဒီကို ရောက်လာတာပါ” ဟုလည်း ၎င်းက ပြောသည်။

ကင်းချောင်း ကျေးရွာသူ ဒေါ် ဦးခင်ဝင်းက ၁၅ ရက်သာ ရှိသေးသော သားကလေးမောင်စစ်နိုင်ကို ရင်ခွင်ပွေ့လျက် လမ်းခရီးတွင် ဒုက္ခကြုံတွေ့ခဲ့ရပုံကိုပြန်လည် ပြောပြခြင်း ဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့က တကျော့ပြန် မောင်တော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက်၊ မရမာကြီး စသဖြင့် သောင်းချီသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ နေရပ်စွန့်ခွာခဲ့ရသည်။ ယင်းအပြင် ဟိန္ဒူဘာသာဝင် တချို့ သည်လည်း လမ်းခရီးတွင် အသတ်ခံရမှု ရှိခဲ့သည်။

လက်ရှိစစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ၃၀ ကျော်ဖွင့်လှစ်ထားရှိပြီး လူဦးရေ ၅၃၀၀ ကျော် ခိုလှုံနေရကြောင်း လည်း အနောက်တံခါး ဒေသ ကူညီစောင့်ရှောက်မှုအဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ဦးအောင်ဌေးက ပြောသည်။

ဧရာဝတီက စစ်တွေမြို့ပေါ်တွင်ရှိသော ကယ်ဆယ်ရေး စခန်း ၁၀ ခုကျော်နှင့် ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီး ရင်ပြင်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများသို့ သွားရောက် သတင်းရယူခဲ့ပါသည်။

လောကမာရဇိန် ဘုရားကြီးရင်ပြင်တွင် ဒုက္ခသည်စုစုပေါင်း၂၀၅ ဦး ဝင်ရောက်ခိုလှုံလျက်ရှိပြီး ဒုက္ခသည် အများစုမှာ ဒိုင်းနက် (ခ) စက္ကမ လူမျိုးများ ဖြစ်သည်။

ကယ်ဆယ်ရေး စခန်းတွင် ရိက္ခာဆန် လုံလောက်မှု ရှိသော်လည်း ဈေးဝယ်ရန် ငွေကြေးတချို့ အခက်အခဲ ရှိကြောင်း လည်း စခန်းတာဝန်ခံ ဦးမောင်လှအောင်က ပြောသည်။
“ဆန်အိတ်တွေတော့ ရှိတယ်။ အဓိကလိုနေတာက ဈေးဝယ်ဖို့ ငွေကြေးလိုတယ်။ နောက်ပြီးတော့ ကျွေးမွေး ချက် ပြုတ် ပေးဖို့ လူတွေလိုတယ်ဗျ။ ထွက်ပြေးလာကြတဲ့ ရွာသားတွေကလည်း အကုန်လုံးက သောကတွေနဲ့ ဆိုတော့ ချက်ပြုတ် မစားချင်ကြဘူး”ဟု ဦးမောင်လှအောင်က ရှင်းပြသည်။

ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေရသော ကျေးရွာသားများမှာလည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေ အရ နေရပ်ပြန်ရန် လုံးဝ မဖြစ်နိုင်သေးကြောင်း၊ အစိုးရအနေဖြင့် သင့်လျော်သည့် နေရာတွင် နေရာထိုင်ခင်းများ ချထားပေး မည် ဆိုပါက နေရပ်မပြန်ဘဲ နေထိုင်သွားမည် ဖြစ်ကြောင်း ဒိုင်းနက် တိုင်းရင်းသားများက ပြောသည်။

“ကိုယ့်ရွာကိုတော့ ပြန်ချင်တာပေါ့။ မအေးချမ်းဘဲနဲ့တော့ အန်တီတို့ မပြန်ဘူး။ လူကြီးတွေက ဘယ်လို စီစဉ်ပေးမလဲ မသိဘူး။ ပြန်မယ်ဆိုရင်လည်း အားလုံး တိုင်ပင်ပြီးမှ စဉ်းစား တိုင်ပင်ပြီးမှ ဆုံးဖြတ်မယ်”ဟု ပုဏ္ဏားကျွန်း လောကမာရဇိန် ဘုရားကြီး ရင်ပြင်တွင် ခိုလုံနေသော ဘူးသီးတောင်မြို့နယ် သိမ်းတော်ပြင် ကျေးရွာမှ ဒေါ် လှမြသိန်း က ပြောဆိုသည်။

အလားတူ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် စစ်တွေမြို့ဓမ္မာရာမ ကျောင်းတိုက်တွင်လည်း အိမ်ထောင်စု ၁၀၀ ၊ လူဦးရေ ၃၀၅ ဦး ဝင်ရောက် ခိုလှုံနေကြရသည်။

ယင်းကျောင်းတိုက်ရှိ ကျောင်းသူ ကျောင်းသား ၉၁ ဦး ကိုလည်း စစ်တွေမြို့ပေါ်ရှိ နီးစပ်ရာ စာသင်ကျောင်းများတွင် ကျောင်းတက်ခွင့် ပြုထားသည်။

ကိုယ်ဝန်အရင့်အမာကြီးနှင့် ထိုကျောင်းတိုက်သို့ ရောက်ရှိလာသော အမျိုးသမီးများလည်း ရှိသည်။ ဒုက္ခသည် အချင်း ချင်း ကူညီရိုင်းပင်းမှုကြောင့် ကျန်းမာစွာဖြင့် ကလေး မွေးဖွားသူ အမျိုးသမီး ၂ ဦးကိုလည်း တွေ့မြင်ခဲ့ရသည်။

“စခန်းကို ရောက်တာနဲ့ ၂ ရက်ဆိုရင် ကလေးမွေးတာ။ ကလေးနာမည်တော့ မပေးရသေးဘူး။ ပြန်ဖို့ ကိစ္စတော့ မစဉ်းစားသေးဘူး။ နယ်မြေ အေးချမ်းမှပဲ ဒီကလူတွေနဲ့ တိုင်ပင်ပြီး ပြန်မယ်” ဟု ဓမ္မာရာမ ကျောင်းတိုက် ကယ်ဆယ် ရေး စခန်းသို့ ရောက်ရှိနေသူ မောင်တောမြို့နယ် မောဓိကုန်းကျေးရွာမှ အသက် ၂၉ နှစ်ရှိ ဒေါ်မနုစိန်က ပြောသည်။

ထိုစခန်းတွင် ကလေးများက ဆော့ကစားနေကြပြီး အလှူလာပေးသော အဖွဲ့များ၊ စာရင်းပြုစုသူများနှင့် စည်ကားနေ သော်လည်း မောဓိကုန်း ကျေးရွာသူ ဒေါ်မနုစိန်၏ မွေးကင်းစ ကလေးငယ်မှာတော့ သိမ်တော်ကြီးထဲတွင် အိပ်ပျော်နေ သည်။

ဗောဓိကုန်း ကျေးရွာသားများသည် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် သြဂုတ်လ ၂၆ရက်နေ့မှ စတင်ကာ တောလမ်း အတိုင်း ပြေးလာသူများ ဖြစ်ကြသည်။

“ဗုံးပေါက်သံတွေ၊ သေနတ်ပစ်သံတွေက ကျမတို့ ရွာနားမှာ ဖြစ်နေတော့ ရွာကလူတွေ စာသင်ကျောင်းမှာ စုကြတယ်။ တောလမ်းအတိုင်းပဲ မှောင်မှောင် မည်းမည်းနဲ့ ထွက်ပြေးလာကြတာ။ အကြမ်းဖက်သမားတွေ မြင်သွားမှာစိုးလို့ ဓာတ် မီး လည်း မထွန်းရဲကြဘူး။ စကားလည်း မပြောရဲဘူး။ ရှေ့ကသွားတဲ့လူတွေရဲ့ ခြေသံကို နားစွင့်ပြီး နောက်က လူတွေ က လိုက်ပြေးရတာ” ဟု ဒေါ်မနုစိန်က ကိုယ်ဝန်မပေါ့မပါးနှင့် ရွာမှ ထွက်ပြေးလာခဲ့ရပုံကို ပြန်ပြောပြသည်။

ထွက်ပြေးလာကြသော ဒေသခံ ကျေးရွာသားများတွင် စပါး စိုက်ပျိုးထားသော လယ်ကွင်းများနှင့် ခိုင်းနွားများ၊ အိမ်မွေး တရိစ္ဆာန်များ ကျန်နေခဲ့သည်။ ထိုစပါးခင်းများနှင့် ကျွဲနွားများကို စောင့်ကြည့်ရန် ရွာသားတချို့ အသက်စွန့် ကျန်နေခဲ့ ကြောင်းလည်း သိရသည်။

အသက်စွန့်ပြီး အိမ်စောင့်၊ ရွာစောင့် အဖြစ်ကျန်နေရစ်ခဲ့သော အမျိုးသားများကိုလည်း နေ့စဉ် ဖုန်းဆက်ကာ လုံခြုံရေး သတိရှိပြီး နေထိုင်ရန် နှင့် အခြေအနေကြည့်ပြီး လိုက်လာရန် သတိပေးစကားများ ပြောဆိုထားကြောင်း ကယ်ဆယ် ရေး စခန်းရောက် ကျေးရွာသားများက ပြောပြသည်။

“ကျနော်တို့ကတော့ မပြန်လို့မရဘူး။ ပြန်တော့ ပြန်ရမယ်။ အစိုးရကိုလည်း ပြည်သူ့စစ်ဖွဲ့ပြီး လက်နက် တပ်ဆင်ပေးဖို့ တောင်းဆိုမယ်”ဟု ဓမ္မာရာမ ကျောင်းတိုက်တွင် ခိုလှုံနေသူ ဗောဓိကုန်း ကျေးရွာနေ ကိုဆန်းဝင်းက ပြောသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နံနက်စောစော အချိန်မှစ၍ မောင်တော ဒေသအတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ကျော်အား တပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။

သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် အကြမ်းဖက် သမားများ ထိတွေ့မှု ဖြစ်ပွားခဲ့သည့် အကြိမ် ၉၃ ကြိမ် ရှိခဲ့ကြောင်း၊ မောင်တောဒေသ အတွင်းရှိ နေရာ ၄၅ နေရာ မီးရှို့ ဖျက်ဆီးမှု ခံခဲ့ရကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ တပ်မတော်သား ၂ ဦး ကျဆုံးခဲ့ပြီး တပ်မတော် သား ၁ ဦး ပျောက်ဆုံးနေကြောင်း အစိုးရက စတင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် မောင်တောဒေသခံ တိုင်းရင်းသား ၁၆ ဦးနှင့် ဟိန္ဒူဘာသာဝင် ၇ ဦးအသတ်ခံခဲ့ရပြီး အကြမ်းဖက်သမား ၃၇၁ ဦး အသေဖမ်းမိခဲ့ကြောင်းနှင့် အကြမ်းဖက်သမား တချိုကို အရှင်ဖမ်းမိကာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက် နေကြောင်း လည်း အစိုးရက ထုတ်ပြန်ထားသည်။

အခြားတဖက်တွင် ဘင်္ဂါလီ ကျေးရွာသား အမြောက်အများ သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေး ရောက်ရှိနေကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန် ကြေညာထားသည်။

ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလမ် ဘာသာဝင်များ အပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက် လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူ များ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသ အများအပြားသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဟိန္ဒူဘာသာဝင် ၁၂၀၈ ဦး ဒုက္ခသည်များ အဖြစ် စစ်တွေမြို့ပေါ်သို့ ဝင်ရောက်ခိုလှုံလျက်ရှိပြီး ၃၆ ဦး သေဆုံးမှု ရှိခဲ့ကြောင်း ဟိန္ဒူသာသနာရေး အဖွဲ့ချုပ် စစ်တွေ (ဌာနခွဲ) မှ ပြည်နယ် ဒုက္ကဌ ဦးမောင်လှက ပြောပြသည်။

“ကျနော် စစ်တွေမှာပြုလုပ်တဲ့ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေးတွေ့ဆုံပွဲကို သွားတက်တော့ ဟိန္ဒူ ဘာသာ ဝင် ၃၆ ဦး သေဆုံးခဲ့တယ်ဆိုတာ အစိုးရဌာနဆိုင်ရာ စာရင်းမှာ တွေ့တယ်။ မောင်တောက ကျနော့် လူတွေက သတင်း ပို့တာက လူ ၁၀၀ ကျော် အသတ်ခံရတယ်ဆိုပြီးတော့ ပြောပါတယ်။ အခုတော့ နာမယ်နဲ့တကွ ဘယ်လောက် သေဆုံး သွားလဲ ဆိုတာစာရင်းပြုစုဖို့ လုပ်နေကြပါတယ်”ဟုလည်း ဦးမောင်လှက ပြောသည်။

တကျော့ပြန် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဟိန္ဒူဘာသာဝင်များ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ အစုလိုက် အပြုံလိုက် အသတ်ခံရခြင်းကြောင့် ဘူးသီးတောင်၊ မောင်တောမြို့ နယ်များတွင် နေထိုင်ကြသော ဟိန္ဒူ ဘာသာဝင် အားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

အစိုးရအနေဖြင့်တော့ ဒုက္ခသည် စခန်းများတွင် ခိုလှုံရောက်ရှိနေသော ကျေးရွာသားများကို မိမိနေရပ်သို့ ပြန်ရန် ဆန္ဒ ရှိသူများ စာရင်းလာပေးနိုင်ပြီး နေရပ်ပြန်သူများကို အသုံးစရိတ် ကျပ် ၂၀၀၀၀ နှင့် လမ်းစရိတ် ကျခံကာ လိုက်ပို့ပေး မည် ဖြစ်ကြောင်း ကယ်ဆယ်ရေး စခန်းတွင် တာဝန်ကျသော ဌာနဆိုင်ရာဝန်ထမ်းများကို အသိပေး ပြောဆို ထား ကြောင်း သိရသည်။

“စခန်းမှာ တာဝန်ကျတဲ့ ကျေးလက်ဦးစီးဌာနက ဝန်ထမ်းက ပြန်ချင်တဲ့ လူတွေ စာရင်းပေးနိုင်တယ်။ အတင်း အဓမ္မ ပြန်ခိုင်းတာတော့ မဟုတ်ဘူး။ ပြန်ချင်တဲ့လူတွေကို အစိုးရကနေ လမ်းစရိတ် အကုန်ကျခံပြီးတော့ လိုက်ပို့ပေးမယ်။ မုန့်ဖိုးလည်း နှစ်သောင်း ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ပြန်ဖို့စာရင်းပေးလာတာ အခုထိတော့ တယောက်မှ မရှိ သေး ဘူး” ဟု ဦးမောင်လှက ပြောဆိုသည်။

စစ်တွေမြို့ပေါ်တွင် ဟိန္ဒူဘာသာဝင်များကို ဟိန္ဒူဘုရားကျောင်း ၂ ကျောင်းအပါအဝင် ဓညဝတီ အားကစားကွင်း တို့ တွင် ကယ်ဆယ်ရေး စခန်း၃ နေရာ ဖွင့်လှစ်ထားရှိသည်။

“ကျနော်တို့ ဟိန္ဒူစခန်းမှာတော့ ပြန်တာ မရှိဘူး။ တိုးတာပဲ ရှိတယ်။ လူများတော့ နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေ ပါတယ်။ ဘုရားကျောင်းထဲမှာ ကလေးတွေက သေးပေါက်၊ ချီးပါ ဖြစ်နေတော့ နေရာ ထိုင်ခင်းကိစ္စ အရေးပေါ်လိုနေပါ တယ်”ဟု ဦးမောင်လှက ဆိုသည်။

အလားတူ မရမာကြီးတိုင်းရင်းသားများလည်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်သို့ ဝင်ရောက်ခိုလှုံလာပြီး လက်ရှိအချိန်ထိ လူပေါင်း ၃၀၀ ကျော်ထိ ရှိလာပြီ ဖြစ်ကြောင်း မရမာကြီး ကယ်ဆယ်ရေး စခန်းမှ တာဝန်ခံ ကိုအောင်ထွန်းလင်းက ပြောသည်။

“ထွက်ပြေးလာတဲ့ လူတွေက နေ့တိုင်း ရောက်တယ်။ မနေ့ကဆိုလည်း လူပေါင်း ၆၀ လောက် ရောက်တယ်။ သူတို့ကို ကျောင်းအောက် ထားတာ။ အခုမိုးရွာတော့ ကျောင်းအောက်မှာ ရေပြည့်နေပြီ။ စားနပ်ရိက္ခာ အခက်အခဲရှိတယ်။ အရေးပေါ် လိုနေတာက နေရာ အခင်းအကျင်းပဲ လိုနေတယ်” ဟု ကိုအောင်ထွန်းလင်းက ပြောပြသည်။

မရမာကြီး ကယ်ဆယ်ရေးစခန်းကို စတင်ဘာလ ၇ ရက်နေ့က စတင်ဖွင့်လှစ်ထားပြီး လာရောက် ခိုလှုံသူတို့မှာ မောင်တော မြို့နယ် မြောက်ပိုင်း၊ တမန်းသား ကျေးရွာ၊ ကြိမ်ချောင်း ကျေးရွာ၊ လောင်းဒုံ ကျေးရွာ၊ တောင်ပြို လက်ဝဲ၊ မီးတိုက် ကျေးရွာတွင် နေထိုင်သူ ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသည်။

“အရေးအခင်း ကာလကဆို ကျမတို့ ပြေးစရာလည်း မရှိဘူး။ ဖုန်းတလုံးနဲ့ ဟိုဆက်၊ ဒီဆက် အကူအညီ တောင်းခံ တယ်။ ဘယ်အဖွဲ့မှလည်း ရောက်မလာဘူး။ သူတို့(အစိုးရ) ကတော့ ပြောမယ်။ နယ်မြေ မဆုံးရှုံးရအောင် ကိုယ့်ဒေသ ကို မစွန့်ပါနဲ့ပေါ့။ ဘာလုံခြုံရေးမှ မပေးဘဲ ဆက်လက် တောင့်မခံနိုင်တော့ဘူး” ဟု တမန်းသား ကျေးရွာမှ ထွက်ပြေး တိမ်းရှောင် လာသော မရမာကြီး တိုင်းရင်းသူ ဒေါ်လှလှက ပြောသည်။

မရမာကြီး တိုင်းရင်းသားများမှာ အရေးအခင်း ကာလအတွင်းက လမ်းခရီးများ ပြတ်တောက်သွားရသည့် အတွက် ကျေးရွာများတွင် ကျီးလန့်စာစား နေထိုင်ခဲ့ရသူများ ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့ရောက်မှ အခြေအနေပေး သည် နှင့် တပြိုက်နက် ဆက်လက် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်း ဖြစ်ကြောင်း မရမာကြီး ကျေးရွာသား များ က ပြောဆိုကြသည်။

တမန်းသား ကျေးရွာသူ ဒေါ်လှလှတို့က လူပေါင်း ၃၀၀ ကျော် စုပေါင်းထွက်ပြေးလာရင်း လမ်းခရီးတွင် ၎င်းတို့ ကဲ့သို့ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်သို့ ဦးတည် ထွက်ပြေးသော ဘင်္ဂါလီရွာသား ၅၀၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း လည်း ပြောသည်။

“ကျမတို့ရွာက ထွက်လာတော့ လမ်းမှာ ဘင်္ဂါလီတွေနဲ့ တွေ့တော့၊ ရှေ့မတိုးရဲတော့ဘူး။ သူတို့လည်း နောက်ဆုတ် သွားတယ်။ သူတို့ (ဘင်္ဂါလီ) ဘက်က လက်နှစ်ဘက်ကို ကာပြီး အချက်ပြတယ်။ ငါတို့ ရန်မပြုဘူး။ ဆက်သွားကြပါ ဆိုပြီးတော့ ပေါ့။ အဲဒါနဲ့ သူတို့လည်း ဆက်သွားတယ်။ ကျမတို့လည်း ခရီးဆက်လာကြတာပေါ့”ဟု ဒေါ်လှလှက ပြောပြသည်။

ရခိုင်ပြည်နယ်အတွင်း မရမာကြီး တိုင်းရင်းသား ၁၃၀၀၀ ကျော်ရှိပြီး စစ်တွေ၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ မြို့နယ် များတွင် ပြန့်ကျဲနေထိုင်ကြကြောင်း မရမာကြီး တိုင်းရင်းသားများထံမှ သိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကြောင့် ၁ ကြိမ် ထွက်ပြေးခဲ့ရသလို၊ ၂၀၁၆ ခုနှစ် အောင်တိုဘာ ၉ ရက်နေ့တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ၁ ကြိမ်၊ ၃ ကြိမ်တိုင်တိုင် အသက်လု ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။

မရမာကြီး တိုင်းရင်းသားများ အနေဖြင် လက်ရှိအခြေအနေရ နေရပ်ပြန်ရန် အစီအစဉ်မရှိသေးကြောင်း၊ အကြမ်းဖက် သည့် သူများတွင် ဘင်္ဂါလီကျေးရွာသားများ ပါဝင်သည့်အတွက် ဘင်္ဂါလီအရေးအား အစိုးရက မည်သို့မည်ပုံ ကိုင် တွယ် မည်ကို စောင့်ကြည့်ပြီး လုံးဝ အေးချမ်းသွားပြီဆိုမှ နေရပ်ပြန်မည် ဖြစ်ကြောင်း မရမာကြီး တိုင်းရင်းသားများက ဝိုင်းဝန်းပြောကြားသည်။

“ပါးစပ်နဲ့ပေးတဲ့ ဒီလို လုံခြုံရေးမျိုးနဲ့တော့ မပြန်တော့ဘူး။ ပြန်ဖို့ တော်တော် ကြောက်သွာပြီ။ ကျမတို့ ဓားအောက်က လွတ်လာတာ” ဟု မရမာကြီး တိုင်းရင်းသူ ဒေါ်လှလှက ပြောဆိုလိုက်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading