ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အသေးစားအလတ်စား လုပ်ငန်းများ (SME) အတွက် ချေးငွေ ကျပ် ၁၅ ဘီလီယံကျော် ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးဌာနမှ သိရသည်။
ဂျပန် မြန်မာ နှစ်နိုင်ငံ အစိုးရ သဘောတူညီမှုအရ JICA မှ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်များသို့၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကျပ်ငွေ ၃၅ ဘီလီယံကျော်ကို အတိုးနူန်း ၈ ဒသမ ၅ ရာခိုင်နူန်းဖြင့် ထုတ်ချေးပေးထားပြီး ဖြစ်ရာ ကျန်ရှိသည့် ၁၅ ဘီလီယံကို ယခုနှစ်တွင် ဘဏ်အချို့သို့ ထပ်မံ ထုတ်ချေးပေးရန် စီစဉ်ခြင်း ဖြစ်သည်။
” JICA ချေးငွေကို လာမယ့် ဘဏ္ဍာနှစ်မှာ ဘယ်လို ခွဲဝေပေးမယ်ဆိုတာတော့ ပြောလို့မရသေးဘူး။ ချေးငွေထုတ်ပေးတဲ့ ချေးငွေစိစစ်ရေးကော်မတီ ဒီကော်မတီက ချမှတ်တဲ့အတိုင်း ချေးပေးမယ်။ ကျန်တာကတော့ မြန်မာကျပ်ငွေ ၁၅ ဘီလီယံ ကျော် ကျန်ပါတယ်” ဟု SME ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က ပြောသည်။
ချေးငွေရယူမည့် SME လုပ်ငန်းရှင်များသည် မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံထား၍ လည်းကောင်း၊ အာမခံပစ္စည်း ပြည့်မီအောင် မပေးနိုင်လျှင် Business Plan ကို အဓိကထား၍ ချေးငွေများကို ထုတ်ချေးပေးသည့် ချေးငွေအာမခံ Credit Guarantee Insurance (CGI) စနစ်ဖြင့် လည်းကောင်း ချေးငွေလျှောက်ထားနိုင်မည်ဟု သိရသည်။
အပေါင်ပစ္စည်းမပါဘဲ ချေးယူလျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး တနှစ်စာ အာမခံ ပရီမီယံကြေး ၃ ရာခိုင်နှုန်း ရှိသော အသေးစား အလတ်စားလုပ်ငန်းရှင် တဦးလျှင် ချေးငွေ ပမာဏ အများဆုံး သိန်း ၂၀၀ အထိ တနှစ်သက်တမ်းဖြင့် ချေးယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးအောင်က ပြောသည်။
လက်ရှိတွင် CB ဘဏ်မှ ချေးငွေအာမခံ Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးငွေ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်နှင့် ရိုးမဘဏ် တို့မှလည်း စတင် ကျင့်သုံးဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း SME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။
၂၀၁၇- ၂၀၁၈ ဘဏ္ဍနှစ်တွင် ချေးငွေ ထပ်မံ ထုတ်ပေးနိုင်ရန် ယခင် ဘဏ္ဍနှစ်အတွင်း ချေးငွေထုတ်ပေးထားပြီးဖြစ်သည့် ဘဏ်များ၏ လုပ်ဆောင်ချက်များနှင့် SME လုပ်ငန်းရှင်များအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို JICA မှ ပြန်လည် သုံးသပ်နေသည်။
‘CGI စနစ်နဲ့ ချေးငွေလျှောက်တဲ့ နေရာမှာ SME လုပ်ငန်းရှင်တွေ အနေနဲ့ အထောက်အထား ပြည့်စုံရင် ၂ ပတ်ကနေ ၁ လ အတွင်း ချေးငွေ ထုတ်ချေးပေးဖို့ စိစစ် လက်ခံပေးမှာ ဖြစ်ပါတယ်။ အထောက်အထားက Recommendation Letter ပါရမယ်။ Business Plan လည်း ချပြမှ ချေးငွေကိုု လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါသည် ဘဏ်က စိစစ်တဲ့ အပိုင်း ဖြစ်တယ်။ ချေးငွေကတော့ တဦးကို ကျပ်သိန်း ၂၀၀ အထိ ဖြစ်ပါတယ်” ဟု သမဝါယမဘဏ်မှ SME Banking ဌာနမှူး ဦးဇော်မာန်ဦးက ရှင်းပြသည်။
CGI စနစ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်လုပ်ဆောင်ခဲ့ပြီး ယင်းစနစ်ဖြင့် ငွေချေးပေးရန် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနမှ ထောက်ခံပေးထားသူ ၅၀၃ ဦး ရှိသော်လည်း ထုတ်ချေးပေးထားသူ SME လုပ်ငန်းရှင် ၂၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်း၊ ဂျပန်နိုင်ငံမှ ဆူမီတိုမိုမစ်ဆူရှီ SMEG၊ စက်မူဝန်ကြီးဌာနနှင့် CBဘဏ်တို့မှ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လက်ဖက်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးကျော်သီဟက “လက်ဖက်က ပြည်ပဈေးကွက်က မရှိသလောက်ပါ။ ၀ ဒသမ ၀၀၁ ရာခိုင်နူန်းလောက် ပဲရှိတယ်။ ကျန်တဲ့လက်ဖက်တွေ အားလုံးက ပြည်တွင်းဈေးကွက်မှာပဲ ချာလည်လည်နေတယ်။ အဓိကတော့ နည်းပညာမရှိဘူး။ ငွေကြေး အရင်းအနှီးမရှိဘူး။ အောက်ခြေမှာ စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ အခက်အခဲက Export ပို့တဲ့အခါ စံချိန်မမီတဲ့ ထွက်ကုန်တွေ သွားရတယ်။ ဒါကြောင့် SME လုပ်ငန်းတွေ ဖွံ့ဖြိုးမှုက နိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်”ဟု ပြောသည်။