ပြည်တွင်းဈေးကွက်မှာတော့ အခု MINI ရဲ့ Supermini တန်းဝင် မော်ဒယ်တွေကို ဇိမ်ခံအဖြစ်နဲ့ လူကြိုက် များပါတယ်။ အမိုးဖွင့် မော်ဒယ်အနေနဲ့ကတော့ မော်ဒယ်နှစ်မြင့်တွေ ဈေးကွက်ဝင်လာမှုနဲ့အတူ ရောက်ရှိလာဖို့ ရှိပြီး Mini ကုမ္ပဏီကိုယ်တိုင်က အခု အမိုးဖွင့်မော်ဒယ်ကို ထုတ်လုပ်လာတာ မကြာသေးပါဘူး။
ရှေ့ပိုင်းမှာတော့ စွမ်းဆောင်ရည်မြင့် Hatchback တန်းဝင်မော်ဒယ်တွေပဲ ထုတ်လုပ်နေတာ တွေ့ခဲ့ရပြီး အခု မော်ဒယ်က တော့ ကိုယ်ထည်ပိုင်းမှာ ရွေးချယ်နိုင်စရာ အများအပြားနဲ့ ဈေးကွက်မှာ လူကြိုက်များမှုကို ဆက်ထိန်းနိုင်အောင် တိုးမြှင့် ထုတ်လုပ်လာပုံ ရပါတယ်။
အခုနှစ် မော်ဒယ်က တန်းတူ ပြိုင်ဘက်မော်ဒယ်တွေထက် ပိုပြီး စွမ်းဆောင်ရည် ကောင်းတယ်၊ အထူးသဖြင့် လမ်းကြောင်းစုံ မောင်းနှင်နိုင်မှု အားကောင်းတယ်၊ ဆီစားနှုန်း ချိုသာတယ်။
လက်ကိုင်ပိုင်းမှာ သွက်လက်မှုနဲ့ အတူ တည်ငြိမ်တဲ့ လက်ကိုင်စနစ်ကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ အမြန်နှုန်း မြင့်မြင့် မောင်းနှင်နေချိန်တွေမှာ အထူး တည်ငြိမ်တဲ့လက်ကိုင်အနေအထားကို တွေ့ရပါတယ်။
ပြီးတော့ နိုင်ငံတကာ ဈေးကွက်အတွက် အခု အမိုးဖွင့်မော်ဒယ်ကို ဇိမ်ခံမော်ဒယ်ဆန်ဆန် ဖန်တီးထုတ်လုပ်လာဖို့ တန်ဖိုးသင့် မော်ဒယ်အနေနဲ့ရော ဇိမ်ခံအနေနဲ့ပါ အဆင်ပြေစေမှာပါ။
အတွင်းခန်း အပြင်အဆင်ကောင်းတယ်၊ ဇိမ်ခံမော်ဒယ်တွေရဲ့ အတွင်းခန်းမျိုး ဖန်တီးထားတယ်၊ နည်းပညာ ထည့်သွင်းပါ ရှိ မှုလည်း အားကောင်းတာ တွေ့ရပါတယ်။
ဒါပေမယ့် အမိုးဖွင့်ကိုယ်ထည်နဲ့ အနေအထားမှာ မောင်းနှင်နေရင်း အမိုးကို အဖွင့်အပိတ် လုပ်ဆောင်နိုင်မှုလို အသုံးကို ထည့် သွင်း ဖန်တီးလာမှုနဲ့ မောင်းနှင်သူက အမြန်နှုန်း မောင်းနှင်နေရင်း အမိုးကို တင်မယ်၊ ချမယ်ဆိုရင် အမိုးပိုင်းစနစ်မှာ တွန်း ကန်လေအားကြောင့် အားနည်းချက် ဖြစ်လာစေနိုင်ပြီး ဒီအချက်ကို ကာကွယ်တဲ့အနေနဲ့ မော်ဒယ်ကို အမြန်နှုန်းမြှင့် တင် မောင်းနှင်နိုင်မှုလို စွမ်းဆောင်ရည် အနည်းငယ် လျော့ထားတာ တွေ့ရပါတယ်။
ပြီးတော့ အမိုးဖွင့် မောင်းနှင်တဲ့ အချိန်မှာ တာယာကနေလည်း ဆူညံသံ နည်းနည်း ပေးချင်ပါတယ်။ ပြိုင်ဘက် တန်းတူ မော်ဒယ်တွေထက် ဈေးမြင့်ချင်နေပြီး နောက်ဘက်ဝန်တင်ခန်း နေရာကလည်း ပိုပြီး ကျဉ်းတာ တွေ့ရပါတယ်။
မော်ဒယ်ခွဲအနေနဲ့ကတော့ အခုနှစ်အတွက် ၃ မျိုး ရနိုင်ပါတယ်။ Cooper, Cooper S နဲ့ John Cooper Works JCW တွေ အဖြစ်ပါ။ JCWကတော့ စွမ်းဆောင်ရည် ဦးစားပေးမော်ဒယ် ဖြစ်ပါတယ်။
အင်ဂျင်စနစ်မှာတော့ ၂ မျိုး လာပါတယ်။ Turbocharged စနစ်ပါရှိတဲ့ သုံးလုံးထိုး ၁.၅လီတာသုံး အင်ဂျင်က ရုန်းအား ၁၆၂ ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၁၃၄ ကောင်အား ထွက်ရှိပါတယ်။ ၂.၀ လီတာသုံး လေးလုံးထိုး အင်ဂျင်ကတော့ ရုန်းအား ၂၀၇ ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၁၈၉ ကောင်အား ထွက်ရှိမှာပါ။
စွမ်းဆောင်ရည် မြှင့်ထားတဲ့ JCWမှာတော့ ၂.ဝလီတာသုံး အင်ဂျင်ကနေပဲ ရုန်းအား ၂၃၆ ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၂၂၈ကောင်အား ထွက်ရှိပါတယ်။
အဆိုပါ JCW မော်ဒယ်ကတော့ ဆီတဂါလံ ၂၅ မိုင်လောက်ပဲ ပျမ်းမျှ မောင်းနှင်နိုင်မှာ ဖြစ်ပြီး ၁.၅ လီတာသုံး အင်ဂျင်နဲ့ ဆို ရင်တော့ ပျမ်းမျှ ၃၂ မိုင်လောက်ထိအောင် ရမှာပါ။
ပုံမှန် မော်ဒယ်ခွဲတွေကတော့ တနာရီ မိုင် ၆၀နှုန်းကို ရဖို့ အချိန် ၇.၄စက္ကန့်လောက်ထိအောင် ယူပေမယ့် JCW ကတော့ ၆.၂ စက္ကန့်ပဲ ယူလို့ သဘောကျစရာပါ။
ပြည်တွင်းဈေးကွက်မှာတော့ Used အနေနဲ့ ရောက်နေတဲ့ မော်ဒယ်နိမ့် MINI တွေ အစီးများပြီး ၂၀၀၄ခုနှစ်ထုတ် One မော်ဒယ်ဆိုရင် သိန်း ၁၉၀၊ ၂၀၁၁ခုနှစ်ထုတ် Mini Cooper ဆိုရင် သိန်း ၃၇၀ လောက် ရှိနေပါတယ်။
နိုင်ငံတကာ ဈေးကွက်မှာတော့ အခု အမိုးဖွင့် Mini ကို အနိမ့်ဆုံး ဒေါ်လာ ၂၆၈၀၀ကနေ အမြင့်ဆုံး JCW မော်ဒယ်ခွဲဆိုရင် ၃၆၄၅၀ နဲ့ မော်ဒယ်ခွဲအပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။
Ref: www.edmuds.com