ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် အတွင်း တည်ဆောက်နေသော ရေအောက်ဥမင် ပါဝင်သည့် ပထမဆုံး ရေအောက် ငါးပြတိုက် ဝင်ကြေးကို အများပြည်သူများ တတ်နိုင်သည့် နှုန်ထားသာ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ငါးပြ တိုက်တည်ဆောက် နေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ လာမည့် ၂၀၂၀ နှစ်စပိုင်း ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း ယင်းငါးပြတိုက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသော မုတ္တမ ဦးပိုင် ကုမ္ပဏီ (Mottama Holdings )၏ ဒါရိုက်တာ ဦးတင်မောင်ထွန်းက ဧရာဝတီသို့ ပြောသည်။
“ဝင်ကြေး သတ်မှတ်တာကို ကုမ္ပဏီနဲ့ ရန်ကုန်တိုင်း အစိုးရတို့ ဆွေးနွေးပြီး သတ်မှတ် သွားမှာပါ။ အများပြည်သူတွေ အလွယ်တကူ လာရောက် လည်ပတ်လို့ ရတဲ့ နှုန်းထားပဲ သတ်မှတ်ဖို့လဲ အစိုးရက လမ်းညွှန်မှု တွေရှိသလို ကုမ္ပဏီ ကလည်း ဒီအချက်ပေါ်ကို ဦးစားပေး စဉ်းစားထားပါတယ်” ဟု သူကဆိုသည်။
ယင်းအပြင် ပညာရေးဝန်ကြီး ဌာနနှင့်လည်း ပူးပေါင်းပြီး ကျောင်းသူကျောင်းသားများ လာရောက် လေ့လာနိုင်မည့် အစီအစဉ်များလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Yangon Ecological Aquarium အမည်ရှိ ငါးပြတိုက်တွင် မြန်မာနိုင်ငံ၏ ရေချိုရေငန် ငါးမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်နှင့် ငါးအကောင်ရေ သုံးသောင်းကျော်အထိ ပြသသွားမည့်အပြင် ရေအောက်သို့ ရောက်ရှိနေသကဲ့သို့ အတွေ့အကြုံ ခံစားနိုင်မည့် ရေအောက်ကမ္ဘာလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ ပြတိုက်ကိုလုပ်တဲ့ ရည်ရွယ်ချက်က ဘာလဲ ဖျော်ဖြေရေးလား ပညာပေးကို လုပ်မှာလားပေါ့။ တကယ်ဆိုရင် ငါးပြတိုက် ဆိုတာက ပညာပေးပဲ ဖျော်ဖြေရေး လည်း ပါချင်ပါမှာပေါ့။ ပညာပေးတဲ့ဟာ ဖြစ်တဲ့ အတွက် ဈေးနှုန်း က အများပြည်သူ ကျောင်းသားကျောင်းသူ လာရောက် လည်ပတ်နိုင်တဲ့ သက်သာတဲ့ နှုန်းထား တခုတော့ ဖြစ်ဖို့လိုတယ် ” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ဒီဟာကြီးပေါ်မှာ လုပ်ငန်းတခုက ရင်းနှီးမြှုပ်နှံထားလို့ လုပ်ငန်းရဲ့ အကျိုး အမြတ်ကို ကြည့်ပြီး ဈေးနှုန်းက မြင့်မားနေမယ် ဆိုရင် အများပြည်သူလဲ မလာနိုင်ဘူး ကျောင်းသား ကျောင်းသူလဲ မလာနိုင်ဘူး။ အဲ့ဒီလိုဆိုရင် ဘယ်သူ့အတွက်မှ ထိရောက်တာ ဖြစ်မလာနိုင်ဘူး” ဟု ပြောဆိုသည်။
ယင်း ငါးပြတိုက်တွင် ငါးများနှင့် ပတ်သက်သည့် ဗဟုသုတများ လေ့လာနိုင်မည် အစီအစဉ်များ နှင့် ငါးများကို ကိုယ်တိုင် ထိတွေ့ ကိုင်တွယ်ခွင့် ရရှိမည့် ဖျော်ဖြေရေး အစီအစဉ်များ၊ ပြခန်းများ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ၊ ရေထွက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ မည့် ဈေးဆိုင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Yangon Ecological Aquarium ငါးပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၆ ခုနှစ် မှ စတင်ကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းထွဋ်က “ သူတို့တွေ များများလေး ပြီးအောင် တွန်းလုပ် နေတာ တွေ့ရတယ်။ ကျန်တဲ့ကိစ္စတွေကတော့ ကျနော်တို့ဆီကို တိတိကျကျ ပြောတာတွေမရှိသေးဘူး။ ဒါကြီးပြီးရင်တော့ တခုကောင်းတာ အများပြည်သူတွေ လာရောက် လည် ပတ် အနားယူလို့ ရမယ့် နေရာတခုတိုးလာမှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
မုတ္တမကုမ္ပဏီသည် ငါးပြတိုက်အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံ ထားပြီး ကန်တော်ကြီးရှိ ယခင် ငါးပြတိုက် အဟောင်း၏ မြေနေရာ ငါးဧကပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။
ယင်းအပြင် ငါးပြတိုက်ကို နိုင်ငံတကာ အဆင့်မီစေရန် အဆောက်အအုံပိုင်း တည်ဆောက်ခြင်း ၊ ငါးများ သဘာဝအတိုင်း အသက်ရှင် နေထိုင်မှု စနစ်များအတွက် အဏ္ဏဝါဗေဒ ပညာရှင်များ၏ အကူအညီများအပြင် ရေအောက် မှန်ဘောင်အတွင်း လာရောက် လည့်ပတ်သူများ လုံခြုံမှု ရှိစေရန်အတွက် ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ တည်ဆောက်ထားကြောင်း သိရသည်။
You may also like these stories:
ကမ္ဘာ့အကြီးမားဆုံး ရေအောက်စားသောက်ဆိုင်ကို နော်ဝေးနိုင်ငံတွင် ဖွင့်လှစ်