မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် အမေရိကန်နိုင်ငံ၏ သက်တမ်းရှည်လျားလှပြီဖြစ်သော ကတိကဝတ်ကို အမေရိကန်ပြည်ထောင်စုက ထပ်မံအတည်ပြုလိုက်ပြီး မြန်မာနိုင်ငံသည် လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေဖြစ်ကြောင်း ရည်ညွှန်းပြောကြားလိုက်သည်။
အမေရိကန် အရှေ့အာရှနှင့်ပိစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် မြန်မာနိုင်ငံ သို့ လးရက်ကြာ လာရောက်လည်ပတ်စဉ်အတွင်း ဗုဒ္ဓဟူးနေ့က အထက်ပါအတိုင်း ထပ်မံ အတည်ပြုပြောကြားခြင်းဖြစ်သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် အခြားဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။
၎င်းတို့တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဖြစ်စဉ်၊ ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေလမ်းထိန်းသိမ်းရေးနှင့် ASEAN နှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးများနှင့် ပတ်သက်သောကိစ္စများကို နှစ်ဖက်ရင်းနှီးစွာ ဆွေးနွေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ Facebook စာမျက်နှာအရ သိရသည်။
ဆွေးနွေးမှုများသည် ရခိုင်အကျပ်အတည်းဖြေရှင်းရေး၊ ပဋိပက္ခဒေသများတွင် နောက်ခံ ထိခိုက်နစ်နာမှုများနှင့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးများကို အာရုံစိုက်ကြောင်း ထိုခရီးစဉ်အပြီး ဗုဒ္ဓဟူးနေ့က အမေရိကန်သံရုံးက ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
“ခြုံပြီးပြောရရင်တော့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေးအသွင်ကူးပြောင်းမှု အတွက် အမေရိကန်နိုင်ငံရဲ့ သက်တမ်းရှည်လျားလှပြီဖြစ်တဲ့ ကတိကဝတ်နဲ့၊ လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေအဖြစ် မြန်မာပြည်သူတွေနဲ့ ဆက်လက်ထိတွေ့ ဆက်ဆံဖို့ အလေးထားကြောင်း ပြသလိုက်တာပဲ” ဟု အမေရိကန်သံရုံး ပြောခွင့်ရသူ အာယန်နီ မန်းရင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးသည် အစိုးရ၊ လူမှုအသိုင်းအဝန်းနှင့် လူမှုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ရန်ကုန်နှင့် နေပြည်တော်တို့တွင်လည်း တွေ့ဆုံခဲ့သည်။ ထိုဝါရင့်သံတမန်ကြီး၏ ခရီးစဉ်သည် ကောင်းမွန်သော ခရီးစဉ်ဖြစ်ခဲ့ကြောင်းလည်း သံရုံးပြောခွင့်ရသူက ပြောသည်။
“နိုင်ငံတော်အတိုင်ပင်ခံနဲ့ (အင်္ဂါနေ့က) တွေ့ဆုံဆွေးနွေးတာဟာ ပွင့်လင်းပြီး အကျိုးရှိတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စိန်ခေါ်မှုတွေ၊ တူညီတဲ့ ပူပန်မှုရှိတဲ့ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို လူမှုအသိုင်းအဝန်းခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင် တွေနဲ့ အစိုးရ အရာရှိတွေအပါအဝင် အောက်ခြေလူထုတွေအများကြီး ပြောတာတွေကိုလည်း နားထောင်ခဲ့တယ်” ဟုလည်း မန်းရင်းက ပြောသည်။
မြန်မာနိုင်ငံ တိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး ကြီးမားတဲ့ ဒုက္ခတွေကို ဖြစ်ပေါ်နေစေတဲ့ ဆယ်စုနှစ်များစွာအကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ လုပ်နေတဲ့ လူမှုအသိုင်းအဝန်း အသီးသီးက လူမှုအခြေပြုအဖွဲ့အစည်းတွေဆီက စကားတွေကို ကြားရတာအရမ်းကောင်းတယ်” ဟု လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးကပြောကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။
“ဒီအချက်တွေက မြန်မာအပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာကို တာဝန်ခံတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးအနေနဲ့ သူ့ရဲ့ ခရီးစဉ်ရဲ့ ရည်မှန်းချက်တွေလည်းဖြစ်တယ်” ဟု သံရုံးပြောခွင့်ရသူက ဆက်လက်ပြောကြားသည်။
“ဒီလိုထိတွေ့ဆက်ဆံမှုကို အလေးထားကြောင်းပြသဖို့ သူဒီကိုရောက်လာခဲ့တာ အရမ်းကို ထူးခြားပါတယ်” ဟုလည်း သူက ပြောသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို ကာလကြာမြင့်စွာထောက်ခံခဲ့ပြီး ယခုနှစ်အတွင်း အမေရိကန်ု ကုမ္ပဏီများသည် ကျင့်ဝတ်ညီစီးပွားရေး လုပ်ငန်းများဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျှော်လင့်နေကြသည်။
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ အခြေခံအဆောက်အအုံ အထောက်အကူပြုရန်နှင့် စက်မှုတိုးတက်ရေးတို့ စိတ်အားထက်သန်နေကြောင်း အမေရိကန် စီးပွားရေးလုပ်ငန်းများက ယခုလ အစောပိုင်းက ပြောကြားခဲ့ကြသည်။
၎င်းတို့သည် မြန်မာ့စီးပွားရေးတိုးတက်စေရာတွင် တာဝန်သိ၊ ကျင့်ဝတ်ညီသော ရင်းနှီးမြှုပ်နှံမှုများကို အားပေးမည်ဖြစ်ကြောင်း သြဂုတ်လက ရန်ကုန်တွင်ကျင်းပသည့် မြန်မာ-ဂျပန်-အမေရိကန် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးသည် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် တွေ့ဆုံသောအခါ စစ်မှန်သောငြိမ်းချမ်းရေးအတွက် ဘက်အသီးသီးက လုပ်ဆောင်ရန် လိုကြောင်းနှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိခြင်း၏ အရေးပါမှုများကို အလေးထားပြောကြားခဲ့သည်။
ထိုဝါရင့်သံတမန်ကြီးသည် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံခြင်း မရှိခဲ့ပေ။ အမေရိကန်ပြည်ထောင်စုသည် တပ်မတော်အကြီးအကဲနှင့် အခြား စစ်ခေါင်းဆောင်များကို ဇူလိုင်လက အရေးယူပိတ်ဆို့ခဲ့ပြီး ၎င်းတို့ကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် စကော့ မာရှယ်နှင့်အတူ စစ်တွေသို့ သွားရောက်စဉ်အတွင်း ရခိုင်ပြည်နယ်လွှတ်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ သက်ကယ်ပြင် နေရပ်စွန့်ခွာ စခန်းမှ လူမှုအသိုင်းအဝန်း ခေါင်းဆောင်များနှင့် လူမှုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ရခိုင်ပြည်နယ်အခြေအနေကို နားထောင်ရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စိတ်အားထက်သန်ကြောင်း ဦးစံကျော်လှက ဧရာဝတီသို့ပြောသည်။
“ရခိုင်ပြည်နယ် လက်ရှိအခြေအနေ၊ လက်ရှိ ပဋိပက္ခကြောင့် ပြည်သူတွေ ခံစားနေရတာတွေ၊ ဒေသစီးပွားရေး ထိခိုက်ကျဆင်းတာတွေကို ကျနော်တို့ ဆွေးနွေးကြတယ်” ဟု ဦးစံကျော်လှက ပြောသည်။
အမေရိကန် သံတမန်များသည် ထိုစိုးရိမ်ပူပန်မှုများကို ဂရုတစိုက်နားထောင်ပြီး စီးပွားရေးတိုးတက်ရေးအတွက် ထောက်ကူရန် အကောင်းဆုံးကြိုးစားမည်ဟု ပြောကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ရှင်းပြသည်။
ပဋိပက္ခ၊ မလုံခြုံမှုနှင့် ခွဲခြားဆက်ဆံမှု၏ နောက်ခံအကြောင်းရင်း များကို ဖြေရှင်းရေးတွင် အမေရိကန်သံတမန်များက ကူညီရန်ကမ်းလှမ်းပြီး ငြိမ်းချမ်းမှုမြှင့်တင်ရေးနှင့် ဘဝများတိုးတက်ရေးအတွက် အမေရိကန် အကူအညီသည် ရခိုင်ပြည်နယ် လူမှုအသိုင်းအဝန်းအားလုံး၊ အစိတ်အပိုင်းအားလုံးသို့ ရောက်ရှိမည်ဖြစ်ကြောင်းလည်း အမေရိကန်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်သည် အောက်တိုဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိကြာမြင့်မည့် ဂျပန်၊ မလေးရှား၊ ထိုင်း၊ တောင်ကိုရီယားနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက်မည့် ဒေသတွင်း ခရီးစဉ်၏ အစိတ်အပိုင်းဖြစ်သည်။
( Nyein Nyein ၏ US Asst Secretary Pledges Continued Cooperation During Myanmar Visit ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား
၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်၄ ဦး ဦးဆောင်မည်
အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး