Huaewi အနေနဲ့ တရုတ်အစိုးရထံကနေ ဒေါ်လာ ဘီလျံပေါင်းများစွာ ငွေကြေး အထောက်အပံ့ ရရှိခဲ့ကြောင်း သတင်းထွက်ရှိလာမှုအပေါ် ကုမ္ပဏီက ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။ ကုမ္ပဏီနဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးဟာ ပြည်တွင်းမှာ ရှိတဲ့ အခြားကုမ္ပဏီတွေနဲ့ “ထူးမခြားနား” ဖြစ်ကြောင်း Huawei က ပြောကြားခဲ့ပါတယ်။
The Wall Street Journal က Huawei ရဲ့ ကမ္ဘာနဲ့ချီ အောင်မြင်မှုမှာ တရုတ်အစိုးရရဲ့ ငွေကြေးအထောက်အပံ့တွေ မကင်းကြောင်း ရေးသားခဲ့အပြီးမှာ Huawei ဘက်က ပြန်လည်ချေပလိုက်တာ ဖြစ်ပါတယ်။
WSJ က တရုတ်အစိုးရထံကနေ စီးပွားရေး အထောက်အပံ့အဖြစ် ရရှိခဲ့တဲ့ ဒေါ်လာဘီလျံပေါင်းများစွာဟာ Huawei ကို ကမ္ဘာ့ဆက်သွယ်ရေးနည်းပညာမှာ ထိပ်တန်းအဆင့် တက်လှမ်းနိုင်ဖို့ အထောက်အကူ ပေးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့ပါတယ်။
Huawei အနေနဲ့ ဘေဂျင်းအစိုးရထံကနေ ခန့်မှန်းခြေ ဒေါ်လာ ၇၅ ဘီလျံလောက် အထောက်အပံ့ရရှိခဲ့တယ်လို့ WSJ က ဆိုပါတယ်။ ဒီထောက်ပံ့မှုကြောင့် အသုံးစရိတ်တွေ ပိုမို ဖောဖောသီသီ သုံးနိုင်ခဲ့သလို ပြိုင်ဘက်ကုမ္ပဏီတွေထက် ၃၀ ရာခိုင်နှုန်းလောက် ဈေးလျော့ရောင်းနိုင်ခဲ့တာ ဖြစ်တယ်လို့ WSJ က ရေးသားထားပါတယ်။
ဒါ့အပြင် Huawei ဟာ တရုတ်နည်းပညာ ကုမ္ပဏီတွေအတွက် ချမှတ်ထားတဲ့ အခွန် သက်သာခွင့်အရ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အခွန် ဒေါ်လာ ၂၅ ဘီလျံလောက် သက်သာခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကုမ္ပဏီမြေ ဝယ်ယူမှုတွေမှာလည်း ဒေါ်လာ ၂ ဘီလျံလောက် ကုန်ကျစရိတ်သက်သာခဲ့ကြောင်း WSJ က လေ့လာဖော်ပြထားပါတယ်။
Huawei ရဲ့ ပြင်ပဆက်ဆံရေးဌာန ဒု-ဥက္ကဋ္ဌဖြစ်သူ Karl Song ကတော့ WSJ ရဲ့ ဆောင်းပါးကို အခုလို ပြန်လည်ချေပထားပါတယ်။
“ပြည်ပအခြေစိုက် ကုမ္ပဏီတွေ အပါအဝင် တရုတ်မှာ လည်ပတ်လုပ်ကိုင်နေတဲ့ အခြားနည်းပညာ ကုမ္ပဏီတွေလိုပဲ Huawei လည်း တရုတ်အစိုးရကနေ မူဝါဒရေးရာ အထောက်အပံ့အချို့ပဲ ရရှိပါတယ်။ တခြားအကူအညီမျိုး၊ အထူးထောက်ပံ့တာမျိုး တခါမှ မရဖူးပါဘူး”
ဒါပေမယ့် WSJ ကတော့ Huawei ရဲ့ ပါကစ္စတန်နိုင်ငံတွင်း ဝယ်ယူမှုတခုမှာလည်း တရုတ်အစိုးရက ကိုယ်တိုင် ပါဝင်ကူညီခဲ့တာကို တရားရုံးဖိုင်တွဲတွေမှာ တွေ့ရှိခဲ့ရကြောင်း အကိုးအကားနဲ့ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ Huawei ကို တရုတ်သွင်းကုန်/ထုတ်ကုန်ဘဏ်ကနေ ဒေါ်လာ ၁၂၄ ဒဿမ ၇ သန်းအထိ ချေးငှားပြီး၊ ဝယ်ယူမှု အပြီးသတ်ဖို့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန် အစိုးရအနေနဲ့လည်း လုပ်ရိုးလုပ်စဉ် တင်ဒါခေါ်ယူမှု အဆင့်ကိုပါ ကျော်လွန်ပြီး Huawei ကို တိုက်ရိုက် ကန်ထရိုက် ချပေးခဲ့တယ်လို့ သိရပါတယ်။
Huawei ကတော့ WSJ အနေနဲ့ သတင်းအချက်အလက်အမှားတွေကို အခြေခံကာ Huawei အပေါ် မမှန်မကန် သတင်းထပ်ဖြန့်နေကြောင်း ပြန်လည် စွပ်စွဲထားပါတယ်။ သုတေသနနဲ့ လေ့လာရေးမှာ နှစ် ၃၀ ကြာ တစိုက်မတ်မတ် ရင်းနှီးမြှုပ်နှံခဲ့တာကို လျစ်လျူရှုပြီး၊ Huawei ရဲ့ ဘဏ္ဍာရေး အခြေအနေကို ရမ်းသမ်း စွပ်စွဲပြောကြားခဲ့တာလို့ ဆိုပါတယ်။
Ref: Engadget, SCMP
You may also like these stories:
ဂျာမနီ 5G ကွန်ရက် တည်ဆောက်မှုမှာ Huawei ပါဝင်မည်
Huawei ရဲ့ Google အစားထိုး Apps များကို နှစ်သစ်ကူးအမီ ထုတ်ပေးမည်
ကြီးမားတဲ့ ကိုယ်ထည်ပြည့် မျက်နှာပြင်နဲ့ Huawei P Smart Pro စမတ်ဖုန်း ထွက်ရှိ