အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့နှင့် ဆက်နွယ်နေသည့် ကိုးကန့်ထိပ်သီး လုပ်ငန်းရှင်များအပါအဝင် ၁၁ ဦးအား တရုတ်အစိုးရဘက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်တွင် ကျင်းပသည့် ကုန်စည်ပြပွဲနှင့် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ရန် တရုတ်ဘက်က ဖိတ်ကြားချက်အရ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ ဦးမြင့်ဆွေအပါအဝင် အခြားဒေသ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃၀ ရက်က သွားရောက်ခဲ့ကြပြီးနောက် ၎င်းတို့အနေဖြင့် အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
တရုတ်ဘက် သတင်းဖော်ပြချက်များအရ ဖမ်းဆီးခံထားရသူများမှာ ဝေချင်းထောင်၊ လျိုကျိန်းချိ၊ ပီဟွေကျွင်း(ခ) ရန် လောက်ပီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လီအားဖူး၊ လျိုစွတ်နိန်း၊ ချွေးစောက်ပန်း(ခ) ချဲအိုက်ဟွာ၊ ပီလင်းကော်တို့ဖြစ်ကြောင်း Mekong သတင်းဌာနက ရေးသားထားသည်။
၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ ဥပဒေစည်းမျဉ်းများအား ချိုးဖောက်သည်ဟု ယူဆသည့်အတွက် ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်းထားပြီး အမှုများအား စစ်ဆေးနေကြောင်း တရုတ်ဘက်က ဆိုထားသော်လည်း မည်သည့်အကြောင်း အရာ၊ ဥပဒေချိုးဖောက်သည်ကို ပြောဆိုထားခြင်း မရှိပေ။
တရုတ် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းဖော်ပြချက်များအရ ဖမ်းဆီးခံထားရသူများထဲမှ သုံးဦးမှာ ကိုးကန့် ပြည်သူ့စစ်အဖွဲ့များနှင့် ဆက်နွယ်ပြီး ဒေသအတွင်း ဩဇာကြီးမားသည့် စီးပွားရေးလုပ်ငန်းစုကြီးများ၏ ဦးဆောင်သူများဖြစ်ကြောင်း သိရသည်။
လျိုကျိန်းချိ ဆိုသူသည် ကိုးကန့်နယ်ခြားစောင့်တပ် (BGF) အား တည်ထောင်ခဲ့သူ လီကျိန်းချန် (ခ) လျိုအားပေါက် (Liu Zhengxiang(ခ) Liu Abao) ၏ အကြီးဆုံးသားဖြစ်ပြီး ဒေသတွင်းအကြီးဆုံး လုပ်ငန်းစုဖြစ်သည့် ဖူလီလိုက် (Fully Light Group) ၏ အမှုဆောင် ဒါရိုက်တာတဦး ဖြစ်ကြောင်း သိရသည်။
ကိုးကန့် BGF အား ဦးဆောင်ခဲ့သူတဦးဖြစ်သည့် လီကျိန်းချန်အား ဖူလီလိုက်အုပ်စု ဥက္ကဋ္ဌအဖြစ် လူသိများပြီး ကိုးကန့်ဒေသ ဦးစီးအဖွဲ့ဝင်တဦးလည်းဖြစ်သည်။ လက်ရှိတွင်လည်း လီကျိန်းချန်အနေဖြင့် ကိုးကန့်ဒေသ မြို့ပြတည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည် ဖူလီလိုက်လုပ်ငန်းစုလက်အောက် ကျောက်မျက်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရာဘာလုပ်ငန်းစသည့် လုပ်ငန်းခွဲပေါင်း ၃၀ ကျော် ရှိကြောင်း သိရသည်။
ဖူလီလိုက်လုပ်ငန်းစုအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘောဒီးယားတွင် GoBo East ကာစီနို တည်ထောင်ကာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် အဓိက ပါဝင်ပတ်သက်နေကြောင်းလည်း အမေရိကန်ပြည် ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ဆိုထားသည်။
လီကျိန်းချန်သည် များပြားလှသည့် ၎င်း၏လုပ်ငန်း အကျိုးအမြတ်များမှ အာဏာသိမ်းစစ်ကောင်စီအပေါ် ငွေကြေး လှူဒါန်းမှုကဲ့သို့သော အထောက်အပံ့ပေးနေကြောင်းလည်း USIP က ဆိုထားသည်။
စစ်တပ် အာဏာသိမ်းသည့်၂၀၂၁ ခုနှစ်တွင် ဖူလီလိုက်လုပ်ငန်းစု ဥက္ကဋ္ဌဖြစ်သူ လီကျိန်းချန်အား အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ချီးမြှင့်ခဲ့သည်။
အဖမ်းခံရသူ နောက်တဦးဖြစ်သည့် ဝေချင်းထောင် (Wei Qingtao) မှာလည်း ကိုးကန့်ဒေသ ဦးစီးအဖွဲ့ခေါင်းဆောင် ဝေချောင်ရန် (Wei Chaoren) ၏ သား ဖြစ်ပြီး မိသားစုလုပ်ငန်းဖြစ်သည့် ဟိန်းလီလုပ်ငန်းစု (Hanley Group) တွင် ဒါရိုက်တာတဦးအဖြစ် တာဝန်ယူထားသူ ဖြစ်ကြောင်း သိရသည်။
၎င်းသည် ကိုးကန့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ဟောင်း ဝေဆန်းနှင့်လည်း ဆွေးမျိုးတော်စပ်သူလည်း ဖြစ် သည်။
ဟိန်းလီလုပ်ငန်းစုသည် ကာစီနိုပါဝင်သော Jinjiang ဟိုတယ်အပါအဝင် ဖျော်ဖြေရေးနှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ သတ္ထုတူးဖော်ရေးနှင့် ကျောက်မျက်ရတနာလုပ်ငန်း စသည့် လုပ်ငန်းခွဲပေါင်းများစွာဖြင့် ကိုးကန့်ဒေသအတွင်း ဩဇာကြီးမားသော လုပ်ငန်းစုကြီးတခု ဖြစ်သည်။
အခြားသော သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ တရုတ်၏ဖမ်းဆီးမှုတွင် ကိုးကန့် BGF ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် (Bai Suocheng) ၏ သားဖြစ်သူ ပယ်ရင်ကန်း Bai Yingcang နှင့် ဖူလီလိုက်လုပ်ငန်းစုမှ ဒါရိုက်တာတဦးဖြစ်သူ ဦးမောင်မောင်တို့လည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပယ်ဆောက်ချိန်၏သားဖြစ်သူ ပယ်ရင်ကန်းသည် Myanmar Yum Group လုပ်ငန်းစု၏ အထွေထွေမန်နေဂျာ တဦးဖြစ်ပြီး Cangsheng Technology Park ၏ ဥက္ကဋ္ဌတာဝန်လည်း ယူထားသူဖြစ်သည်။ ၎င်းသည် ကိုးကန့် ပြည်သူ့ စစ်တပ်မှူးနှင့် ကိုးကန့်ဒေသ ဘဏ္ဍာရေးဗျူရိုတွင်လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ကြောင်း သိရသည်။
Myanmar Yum Group အောက်တွင် အွန်လိုင်းလောင်းကစားရုံများပါဝင်သော ဟိုတယ်နှင့် ကာစီနိုများအပါအဝင် အခြားသော လုပ်ငန်းခွဲများစွာရှိကြောင်းလည်း သိရသည်။
ဖူလီလိုက်ကုမ္ပဏီ၏ ဒါရိုက်တာတဦးဖြစ်သူ ဦးမောင်မောင်သည် စစ်ကောင်စီလက်အောက်ခံ ကုန်းကြမ်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်သည့်အပြင် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
၎င်းသည်လည်း ဖူလီလိုက်လုပ်ငန်းစု ဥက္ကဋ္ဌဖြစ်သူ လီကျိန်းချန်ကဲ့သို့ပင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ ချီးမြှင့်ခံထားရသူဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်သိန်းမောင်နှင့် ကိုးကန့်ဒေသ ဦးစီးအဖွဲ့တို့ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိသေးပေ။
ယင်းပြင် ယခုကဲ့သို့ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကလည်း တရားဝင် သတင်းထုတ် ပြန်ခြင်း မရှိသေးပေ။
ဒေသတွင်း သတင်းအရင်းအမြစ်များကမူ ယခုဖမ်းဆီးမှုသည် တရုတ်အစိုးရအပြင်းအထန် နှိမ်နင်းနေသည့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုထားကြသည်။
ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးပတ်ကလည်း ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း တရားမဝင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်သည့် တရုတ်နိုင်ငံသား ၃၇၇ ဦးအား ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရထံပြန်လွှဲပေးရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
You may also like these stories:
ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မဟာမိတ်
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး
တရုတ်က မြန်မာနယ်စပ်တွင် ကန့်သတ်နယ်မြေ ထူထောင်မည်
မြန်မာတွင် ရာဇဝတ်မှု ကင်ဆာ အမြစ်တွယ်နေ