တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများက လူကုန်ကူးခြင်းကို တားဆီးရန် မြန်မာနယ်စပ်အနီးတွင် ကန့်သတ်နယ်မြေတခု ထူထောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အာဏာပိုင်များက ကြေညာသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ယခုနှစ်ကုန်အထိ ထိန်ချုံမြို့သည် ထိုနယ်မြေအတွင်း ဝင်ရောက်လာသည့် လူတိုင်းနှင့် ယာဉ်တိုင်းကို ထိန်းချုပ်မည်ဖြစ်သည်ဟု ဒေသအာဏာပိုင်များက စက်တင်ဘာလ ၂၆ နေ့တွင် ထုတ်ပြန်သည့် သတိပေးအကြောင်းကြားစာအရ သိရသည်။
ထိုနယ်မြေသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးခြင်းနှင့် ဆက်သွယ်ရေး လိမ်လည်မှုများအန္တရာယ် လျှော့ချရေး လူနှင့် ယာဉ် စီးဆင်းမှုကို ခြေရာခံစီမံခန့်ခွဲရန် ရည်ရွယ်သည်။
တရုတ်နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ပြည်ပမှ လိမ်လည်မှုဂိုဏ်းများကို တိုက်ဖျက်ရန် နည်းလမ်းသစ်များ ရှာဖွေနေကြသည်။ ဥပမာအားဖြင့်ဆိုပါက တရုတ်နိုင်ငံ မြို့ကြီးအများအပြားမှ ရဲတပ်ဖွဲ့များက ပြည်သူများအနေဖြင့် ၎င်းတို့နှင့် ပုံမှန် အဆက်အသွယ် မရှိသည့် ပြည်ပမှ ဖုန်းခေါ်ဆိုမှုများကို ပိတ်ဆို့ထားရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း နယ်နိမိတ်သည် ယူနန်ပြည်နယ်နှင့် ထိစပ်နေသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းသည် တောင်ထူထပ်ပြီး ပြည်တွင်းပဋိပက္ခ ဖြစ်ပွားနေသည်။ ယူနန်ပြည်နယ် အနောက်ပိုင်းနယ်စပ် ခရိုင်အဆင့်မြို့ဖြစ်သော ထန်ချုံသည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့် ထိစပ်နေသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး နယ်စပ်ဖြတ်ကျော် ဖြားယောင်းသည့် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ဘေဂျင်းက မြန်မာကို တောင်းဆိုသည်။
မြန်မာအခြေစိုက် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် အထူး ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတခုမှတဆင့် ထိုင်း၊ လာအိုတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု လွန်ခဲ့သောလတွင် တရုတ်နိုင်ငံက ကြေညာသည်။
စက်တင်ဘာလ ၂၆ နေ့က ထုတ်ပြန်သည့် အသိပေး အကြောင်းကြားစာအရ ထိုနယ်မြေသို့ ဝင်ရောက်လာသည့် လူနှင့် ယာဉ်များသည် ဒေသအာဏာပိုင်များထံမှ ၎င်းတို့လာရောက်ရသည့် အကြောင်းရင်းကို ဖော်ပြသည့် စာရွက်စာတမ်းများ ရယူပြီး မှတ်ပုံတင်ရမည်ဟု ဖော်ပြထားသည်။
ပူးတွဲကာကွယ်ရေး နယ်စပ်စခန်းများမှ အရာရှိများသည် ထိုနယ်မြေအတွင်း ဝင်ရောက်လာသည့် လူများနှင့် ယာဉ်များကို မှတ်ပုံတင်ပြီး စစ်ဆေးရန် တာဝန်ရှိကြောင်း ထိုအသိပေး အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ထိုနယ်မြေတွင် လယ်ယာလုပ်ငန်းလုပ်ရန် သို့မဟုတ် နွားကျောင်းရန် ဝင်ရောက်လိုသော ဒေသခံများသည် ဒေသလူမှုအသိုက်အဝန်းများထံမှ ခွင့်ပြုချက်ရယူသင့်ကြောင်း ဖော်ပြထားသည်။ ထိုသူများနှင့် တောခေါင်းများကဲ့သို့ အလုပ်ကိစ္စအတွက် ထိုနယ်မြေအတွင်း ဝင်ရောက်ရန် လိုသူများသည် ပူးတွဲကာကွယ်ရေး ရုံးများတွင် လစဉ်မှတ်ပုံတင်ရမည် ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းများတွင် သို့မဟုတ် သစ်ထုတ်လုပ်ရေးလုပ်ငန်းမှ အခြား အလုပ်သမားများသည် ၎င်းတို့၏ ကြီးကြပ်သူများထံမှ လက်မှတ်များရယူကာ ၂ ပတ်တကြိမ် မှတ်ပုံတင်ရမည် ဖြစ်သည်။
တာဝန်ထမ်းဆောင်နေသော စစ်တပ်များနှင့် ရဲစခန်းများသည် စစ်ဆေးခံရန် မလိုကြောင်း ထိုအသိပေး အကြောင်းကြားစာတွင် ဖော်ပြထားသည်။
မကြာသေးမီ နှစ်များအတွင်း တရုတ် တရားဥပဒေ စိုးမိုးရေးဌာနများသည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များနှင့် အလုပ်အကိုင် သို့မဟုတ် အိမ်ထောင်ရေး ကတိများဖြင့် တရုတ်နိုင်ငံသားများကို မြန်မာသို့ ဖြားယောင်း ခေါ်ဆောင်သည့် မြန်မာမှ ရာဇဝတ်ဂိုဏ်းများကို ပစ်မှတ်ထားသည့် ဖြိုခွဲမှုများ လုပ်ဆောင်လာသည်။
လိမ်လည် ခေါ်ဆောင်ခံရသူများကို ထုံးစံအားဖြင့် ဖမ်းဆီးထားပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်း အစိတ်အပိုင်းအဖြစ် ဖုန်းဆက်သွယ်သူများ၊ ကွန်ပျူတာ ကိုင်တွယ်သူများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်စေသည်။
စက်တင်ဘာလ အစောပိုင်းတွင် တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဘေဂျင်းနှင့် မြန်မာအကြား ပူးပေါင်းစစ်ဆင်ရေး တခုတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်း ၁၁ ခုကို ဖြိုခွဲခဲ့ကြောင်း ကြေညာသည်။ ထိုဖြိုခွဲမှုအတွင်း လိမ်လည်မှု သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီးခဲ့ပြီး ထိုသူများအနက် တရုတ်နိုင်ငံသား ၁၈၆ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။
ကိုးကား ။ ။ South China Morning Post သတင်း China to set up ‘restricted zone’ near Myanmar border to stop human trafficking by cybercrime gangs
You may also like these stories:
တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်
တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ
တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်