ဆက်သွယ်ရေး လုပ်ငန်း ကုမ္ပဏီတခုဖြစ်သည့် Mytel ကုမ္ပဏီမှ ညွန်ကြားရေးမှူး ၁ ဦးနှင့် ကားဒရိုင်ဘာ ၁ ဦးတို့ကို AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်း ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Mytel ကုမ္ပဏီမှ ပြည်နယ် ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်း ဦးစောသိန်းမောင် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “အဖမ်းခံရတာတော့ ဟုတ်တယ်ဗျ။ လွန် ခဲ့တဲ့ သုံး၊ လေး ရက်လောက်က အဖမ်းခံရတာ။ အသေးစိတ်ကျတော့ ကျနော်လည်း သေချာမသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ Mytel ဝန်ထမ်း ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ရန် အတွက် ကွင်းဆင်း ဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့ အနီးသို့ အရောက် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးလျက် ရှိကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပျောက်ဆုံးမှု အခြေအနေအား စစ်ဆေးစုံစမ်းရာ ထိုနှစ်ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်ရေး ဆောင်ရွက်ရန်အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ်တွေမြို့မှ စတင်ထွာခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့များသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနောက် ဒီဇင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့၌ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ကျောက်တော်မြို့သို့ ဆက်လက် ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးခဲ့ကြောင်း၊ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ထို၂ ဦး ကို ကျောက်တော်မြို့ တောင်ပေါက်ကျေးရွာအနီး၌ ရက္ခိုင့်စစ်တပ် (AA) အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရသူ ၂ ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဒေသအတွင်း ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုတိုးတက်ရေး ဆောင်ရွက်နေသူများဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Mytel ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး AA အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က “အဲ့ဒီ့ကိစ္စ တော့ ကျနော်လည်း ဘာမှ မသိရသေးဘူး။ပြန်ပြီးတော့ မေးထားတာတော့ ရှိတယ်။ ဒါပေမယ့် အကြောင်းမပြန်သေးဘူး။ ကျနော်လည်း ဘာမှ အတည်ပြုလို့တော့ မရသေးဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကာလအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များကို ဇွန်လ ၂၁ ရက်မှစ၍ အစိုးရက အင်တာနက် ဖြတ်တောက် ထားသည်မှာလည်း ယနေ့အထိ ဖြစ်သည်။
AA အဖွဲ့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဘူးသီးတောင် မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ထိမှန်သည့်အတွက် သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်သည်။
ဘူးသီးတောင်မြို့နယ်တွင် NLD ပါတီဝင်များ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက် ဖြေရှင်းနေသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြိုဆိုပွဲ ပြုလုပ်မည့်ဆဲဆဲတွင် မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်ကမူ ထို ဒီဇင်ဘာ ၂၅ ရက်နေ့က ဘူသီးတောင်မြို့နယ်အတွင်း တိုက်ပွဲမရှိသည့် အတွက် AA ထုတ်ပြန် ချက်အပေါ် လက်မခံနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
AA ၏ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်ကတည်းက ဘူးသီးတောင် အခြေစိုက် စကခ (၁၅) ဌာနချုပ်က AA ထိန်းချုပ်ထားသော တောင်ကုန်းများသို့ ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် သေဆုံးသူ တချို့ နှင့် ဒဏ်ရာ ရရှိသူတချို့ ရှိခဲ့ရာ သေဆုံးသူထဲတွင် ဦးရဲသိန်း ပါသွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ ဦးရဲသိန်း သေဆုံးမှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား လက်နက် အားကိုးဖြင့် အကြမ်းဖက်သည့် လုပ်ရပ် မှန်သမျှကို ပြင်းထန်စွာရှုတ်ချကြောင်း NLD က ဒီဇင်ဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေစခန်းတွင် တာဝန်ကျနေသော လူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိ ၃ ဦးကို စစ်ဆေးစရာ ရှိသည်ဟုဆိုကာ AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်မှု ဖြစ်ခဲ့သည်။
ဖမ်းဆီးခံရသည့် လဝက အရာရှိ ၃ ဦးသည် ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေမှူး တာဝန်ထမ်းဆောင်နေ သော လက်ထောက် လဝက ညွန်ကြားရေးမှူး ဦးတင်မျိုးအောင်၊ လက်ထောက် လဝကမှူး မျိုးဆွေဦးနှင့် လက်ထောက် လဝကမှူး အောင်ဖြိုးကျော် ဖြစ်ပြီး ဘူးသီးတောင်မြို့မှနေ တာဝန်ကျရာ တောင်ပဇာ နယ်မြေစခန်းသို့ သွားရောက်ရန် ခရီးသည်တင် စက်လှေဖြင့် လိုက်ပါခဲ့ရာ ကျောက်ရစ်ရွာအနီး အရောက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အရပ်သား ထိခိုက် သေဆုံးမှုများနှင့်အတူ ဖမ်းဆီးခံရ မှု များလည်း စာရင်း မပြုစုနိုင်လောက်အောင် များပြားလာနေသလို တဖက်တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ ဖမ်းဆီး ခံရမှုသည် တနေ့ထက် တနေ့ များပြားလာနေသည်။
You may also like these stories:
ကုလားတန်စီမံကိန်းကို AA တိုက်ခိုက်နေဟု တပ်မတော်ပြော
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
ရက္ခိုင် ပြည်သူ့ အာဏာပိုင် အဖွဲ့ကို ထူထောင်တော့မယ်