နယ်ပြည်သူ့ပါတီ (KSPP) ၏ ဥက္ကဌ က ဆန္ဒမဲ လက်မှတ်ပေါင်း ၃၃၆ မဲဖြင့် မဲအများဆုံး ရရှိထားသည်။
ဒေါက်တာတူးဂျာ၏ ပြိုင်ဘက်များဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဦးဆဘော်နော်ဂျာက ဆန္ဒမဲ ၂၂၄ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးဘောက်လွန် က ဆန္ဒမဲ ၁၉၇ မဲ ရရှိထားသည်။
အဆိုပါ မဲရလာဒ်များမှာ အင်ဂျန်းယန်မြို့နယ်၏ မဲဆန္ဒနယ် (၁) နယ်မြေအတွင်းရှိ မဲရလာဒ်အားလုံးကို ပေါင်းထားသည့် စာရင်း ဖြစ်သည်။ မဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်းမှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိ သူ ဖြစ်သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေငြာမှသာ အတည်ပြုအနိုင်ရသူ ဖြစ်မည် ဖြစ်သည်။
လက်ရှိတွင် မဲအများဆုံး ရထားသည့် ဒေါက်တာတူးဂျာသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြစ်ဆုံစီမံကိန်းကို ထာဝရ ရပ်ဆိုင်းရေး ၊ အကြီးအစားနှင့် အလတ်စား စီမံကိန်းများ ဒေသတွင်း လုပ်ဆောင်ရာတွင် လူထု၏လုံခြုံရေးနှင့် အကျိုးစီးပွား မထိခိုက်ရေး၊ ပြည်နယ်တွင်း ထွက်ရှိသည့် သယံဇာတများကို ဒေသခံပြည်သူများ ခံစားခွင့် ရရှိရေး၊ ကချင်ပြည်နယ်သူပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး၊ ဒေသတွင်း တရားဥပဒေစိုမိုးရေး၊ တရားမျှတမှု ရရှိရေး အပြင် စစ်ဘေးရှောင်ဒုက္ခသည်များနေရပ်ပြန်နိုင်ရေး နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို လုပ်ဆောင်ပေးမည်ဟု ပြည်သူလူထုကို ကတိကဝတ်ပြုထားသည်။
အင်ဂျန်းယန်မြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု၆၃ စု ရှိရာ ထိုထဲမှ ကျေးရွာအုပ်စု ၆၁ စုသည် ယနေ့ကျင်းပ သည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ တွင် ပါဝင်ကျင်းပခဲ့ခြင်း မရှိပါ။
ထိုကျေးရွာအုပ်စု ၆၁ စုမှာ နယ်မြေ လုံခြုံရေး အခြေအနေ မရှိသည့် အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမကျင်းပနိုင်ဟု သုံးသပ်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲ မကျင်းပသည့် စာရင်းတွင် ထည့်သွင်းထားသည်။
ထိုကျေးရွာအုပ်စု ၆၁စုသည် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ကျေးရွာများ ဖြစ်သည်။
You may also like these stories:
စစ်တွေတွင် မဲပေးခဲ့သည့် မွတ်ဆလင်များ ရခိုင်၌ ငြိမ်းချမ်းစွာနေထိုင်ရေးကို မျှော်လင့်ကြ
မိုင်းဆတ်နဲ့ မိုင်းတုံမြို့တို့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများကို မဲပေးခိုင်းမှု ဖြစ်ပွား
ဒဂုံမဲဆန္ဒနယ်တွင် ပယ်မဲကိစ္စ အငြင်းပွားမှုဖြစ်