ပြီးခဲ့သည့် အားလပ်ရက်က လူပြောများနေသည့် ထိုင်းသရဲ ဟာသရုပ်ရှင် ဖီးမက်ခ် (Pee Mak) ဇာတ်ကားကို မင်္ဂလာ ရုပ်ရှင်ရုံမှာ သွားကြည့် ဖြစ်သည်။ မနက် ၁၀ နာရီခွဲ ကတည်းက ဒဂုံစင်တာ ၂ မှာ ရှိတဲ့ လက်မှတ် အရောင်းကောင်တာမှာ ရုပ်ရှင် လက်မှတ် ဝယ်ရသည်။ လက်မှတ်အားလုံးက ကုန်နေပြီ၊ ညနေပိုင်း ၃ နာရီအချိန် ပွဲလက်မှတ်ကို ရရာခုံမှာ ဝယ်ကြည့် လိုက်ရသည်။
Pee Mak ဇာတ်ကားက မေလဆန်းပိုင်းကတည်းက ရှေ့ဆောင်ရုပ်ရှင်ရုံမှာ စတင် ပြသခဲ့ပြီးနောက်မှာတော့ လူပြောများပြီး ပရိသတ် အကြိုက်များသည့် ဟာသ၊ အချစ် ရောနှောထားသည့် သရဲကား၊ အခုထိ ရန်ကုန်က ရုပ်ရှင်ရုံများတွင် တင်ထားဆဲဖြစ်သည်။
ညနေ ၃ နာရီပွဲ မစခင်ကတည်းက ဒဂုံစင်တာ ၂ ခြောက်လွှာမှာ ကြည့်မည့်သူတွေက အပြည့် ဖြစ်နေသည်။ အများစုကတော့ လူငယ်တွေ ဖြစ်နေသည်။ တချို့ကတော့ လူပြောများနေ၍ လာကြည့်ကြပြီး အများစုကတော့ ဟာသ မြောက်သည် ဆို၍ လာကြည့်ကြသည်ဟု ဆိုသည်။ တခါတည်းဖြင့် အားမရသဖြင့် ထပ်ကာထပ်ကာ ကြည့်နေသူများလည်း ရှိသေးသည်။
“ကြည့်ပြီးတဲ့သူတွေက အရမ်းရယ်ရတယ် ပြောတယ်၊ သူငယ်ချင်းတွေကလည်း ဟာသ ကားဆိုတော့ ကြည့်ချင်ကြတယ် ဆိုတာနဲ့ လာကြည့်ဖြစ်တယ်၊ လက်မှတ်ဝယ်ရတာတော့ ခက်တယ်၊ တရက်ကြိုတင်ပြီးတော့ ဘွတ်ကင်လုပ်လို့ နေရာ ရတာ” ဟု ပွဲလာကြည့်သူ မမွန်မွန်သူက ပြောသည်။
ပွဲချိန်ရောက်တော့ လုံခြုံရေးတွေက အိတ်၊ လူ၊ လက်မှတ် အားလုံး စစ်ဆေးပြီးမှ ရုပ်ရှင်ရုံထဲသို့ ဝင်ခွင့်ပေးသည်။ လာကြည့် သူ အများစုမှာ လူငယ်ပရိသတ်များ ဖြစ်သည်။ တချို့က ဇာတ်လမ်း စမလာခင် ကတည်းက ကြားဖူးနားဝ ရှိသည့် ဇာတ်ဝင်ခန်း တချို့ကို ပြောကာ ရယ်မော နေကြသည်။ တချို့ကလည်း ဇာတ်လမ်းက အရမ်းရယ်ရသည်ဟု ဆိုသဖြင့် မယုံကြည်လို့ ကြည့်တယ်ဟု အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
“အဲဒီ ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကြတဲ့ ကားတွေအများကြီးပါပဲ။ ဇာတ်လမ်း အကြောင်းကို ကောင်းကောင်း သိပေမယ့် ကြည့်လို့မဝသေးတဲ့ ကားလေးတကားပါပဲ၊ ကြိုက်ပါတယ်” ဟု မစုစုက ဇာတ်လမ်းနှင့် ပတ်သက်သည့် သူ့ခံစားချက်ကို ပြောပြသည်။
ရုပ်ရှင်ရုံထဲကို ရောက်တော့ ဇာတ်လမ်းက စပြနေပြီ။ မင်းသား၊ မင်းသမီးနှင့် ဇာတ်ရံမင်းသား ၄ ယောက် ပါသည်။ ထိုလေးယောက်ကပဲ ဇာတ်လမ်း တခုလုံး၏ ဟာသရသ မြောက်အောင် ပရိသတ်ကို ထိန်းထားနိုင်သည်။ ဇာတ်လမ်းအရ ခင်ပွန်းသည်က စစ်တိုက် ထွက်နေစဉ် ဇနီးဖြစ်သူက ကိုယ်ဝန် အရင့်အမာနှင့် ကျန်ခဲ့ပြီး မီးတွင်း၌ပင် သေဆုံး သွားခဲ့သည်။ သို့သော် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို စွဲလမ်းစိတ်နှင့် မကောင်းဆိုးဝါး ဖြစ်နေခဲ့သည်။ သူက ခင်ပွန်းသည် ဖြစ်သူကို လွမ်းဆွ တ် သဖြင့် နာမည်ခေါ်သည်၊ ကလေးကို ချော့သည့် အသံများက ရွာတွင်း နေသူများအတွက် ထိတ်လန့်စရာ အသံများဖြစ်ခဲ့ ရပြီး သူ မကျွတ်မလွတ် ဖြစ်နေကြောင်း ရွာသူရွာသားများ အကြား ပြောစမှတ် ဖြစ်နေကြသည်။
ရုပ်ရှင်ရုံထဲမှာတော့ ပွဲကြည့် ပရိသတ်တွေက ဇာတ်လမ်းစပြပြီး Mak တို့ စစ်တိုက် ကတည်းက တဝါးဝါး ရယ်နေကြပြီ။ သရုပ်ဆောင်တွေက ပုံမှန် စကားပြောနေသော်လည်း ပရိသတ်တွေကတော့ သရုပ်ဆောင်တွေ၏ သွင်ပြင်ကို ကြည့်ကြည့်ပြီး သဘောကျနေကြသည်။ သွားတွေ ပြင်ထားတာ၊ ဆံထုံးတွေ ထုံးထားတာ၊ အဝတ်အစား တွေ ဝတ်ထားတာတွေကို သူတို့ သဘောကျ ကြသည်။
“ဟဲ့ သူတို့တွေ စစ်တိုက်ပြီးလို့ အိမ်ပြန်တော့မှာ၊ မသေဘူးဟဲ့၊ သရဲက မင်းသမီးပါဆိုမှပဲ။ ကျည်ဆံ ဘယ်လောက်မှန်မှန် မသေပါဘူး ဆိုနေမှ” ဟုဆိုကာ နောက်ဘက်ခုံမှ စုံတွဲက ငြင်းခုံနေကြသည်။ မြန်မာဇာတ်ကား တွေမှာက စစ်တိုက်သည့် အခန်းမှာ ကျည်ဆံ တခါလောက် ထိရုံဖြင့် သေသည်ကိုး။ အခု သူတို့တတွေက Pee Mak ဇာတ်ကားထဲက တိုက်ပွဲမှာ နှစ်ဘက်တိုက်ရင်း သေနတ်ကျည်က ရင်ဘတ်ကို ထိလိုက်၊ ဒူးတွေ လက်တွေ ထိလိုက်၊ ခေါင်းကို မှန်လိုက်ဖြစ်နေ၊ သူတို့ ကြည့်နေတာကလည်း သရဲကားဖြစ်နေတော့ စစ်တိုက်ရင်း သေပြီး သရဲဖြစ်သွားကြမှာလို့ ထင်နေကြပုံ ရသည်။
နောက်တော့ Mak က စစ်တိုက်ထွက်ရင်း ခင်မင်လာသည့် သူငယ်ချင်း ၄ ယောက်ကို စစ်ပွဲ အပြီးတွင် အိမ်ကို ခေါ်ကာ ပြန်လာခဲ့သည်၊ သူ့မိန်းမက ကြိုနေသည်၊ ထိုအချိန်အထိ ဇနီးဖြစ်သူ သရဲဖြစ်နေမှန်း မသိရသေး။ သူ့သူငယ်ချင်းတွေ ကတော့ Mak ၏ မိန်းမ Nak ကို ကြည့်ပြီး သံသယဖြစ်နေခဲ့သည်။
ဇာတ်လမ်းက တဖြည်းဖြည်း ဇာတ်ရှိန်မြင့်လာ၏။ Mak ၏ သူငယ်ချင်းတွေက Nak ကို မကောင်းဆိုးဝါးဆိုတာ သိသွား ပြီးတော့ Mak ကို ကယ်ထုတ်ဖို့ ကြိုးစားကြသည်။ ပွဲဈေးတန်းတခုရှိ သရဲအိမ်ထဲကို Mak တို့ ဇနီးမောင်နှံက ဝင်ရောက် လည်ပတ် ကြသည်။ သူငယ်ချင်းတွေက Mak ကို ဖမ်းချုပ်ပြီး Nak ရဲ့ လက်က ကယ်ထုတ်လာသည်။ Nak က ခင်ပွန်းဖြစ်သူကို ရှာသည်။ သူငယ်ချင်းတွေက တောထဲသို့ Mak ကို ခေါ်ထုတ်သွားရင်း Mak ကို သရဲဟု ထင်သွားကြ ပြန်သည်။
ဒါနဲ့ Nak ရှိတဲ့အိမ်ကိုပြန်။ Mak ရဲ့လက်က လွတ်အောင် အားလုံးစုပြီး လှေနဲ့ ထွက်ပြေးကြသည်။ အဲဒီ အချိန်မှာတော့ Nak က လူဖြစ်ပြီး Mak က သရဲဟု ထင်မြင်သူများနှင့် သူတို့အချင်းချင်း ရှုပ်ကုန်ကြသည်။ နောက်တော့ Mak က လိုက်လာပြီး သူ သရဲမဟုတ်ဘူးဆိုတာ ရှင်းပြတော့ သရဲက ဘယ်သူဖြစ်သည် ဆိုတာကို ရှာရင်း လှေပေါ်မှာတင် အချင်းချင်း ရှုပ်ကုန် ကြသည်။
ပရိသတ် အများစုက လှေပေါ်မှာ သရဲ ဘယ်သူဖြစ်ကြောင်း ရှာသည့်အခန်းကို ကြိုက်ကြသည်။ Mak ရဲ့ သူငယ်ချင်း Puak က လှေပေါ်မှာ သီချင်းဆိုရင်း သရဲဖမ်းသည်။ သူငယ်ချင်းတွေနဲ့ တိုင်ပင်က လွဲသည်၊ သရဲက ဖမ်းမရဖြစ်နေသည်။ သူ့သူငယ်ချင်း Ter ပြောသည့်အတိုင်း ခြေနှစ်ချောင်းအောက်မှ ဇောက်ထိုးကြည့်က သရဲဖြစ်လျှင် မူရင်းရုပ်မြင်ရသည် ဆိုသဖြင့် ကြည့်မှ Nak ကို သရဲမမှန်းသိပြီး ရေကူးကာ ထွက်ပြေးကြသည်။
ထိုအခန်းကို ရောက်တော့ ရုပ်ရှင်ကြည့်သူအားလုံး တဝါးဝါး၊ တဟားဟား ဖြစ်ကုန်ကြသည်။ Nak က သရဲမ ဖြစ်နေပြီး လှေပေါ် ထိုင်နေတုန်း ရေမကူးတတ်သည့် Ter က လှေပေါ်ကျန်ခဲ့သည်။ Nak က သူ့လက်ကို ဆန့်ထုတ်ပြီး Ter ၏ ပုခုံးပေါ် တင်လိုက်တော့မှ ရေအတင်းကူးပြေးသည့် အခန်းက ဟာသမြောက်သည့် အခန်းတခန်း ဖြစ်သွားသည်။
“မြန်မာ ဟာသကားတွေက အောက်ပိုင်း ပြက်လုံး အရမ်းများတယ်။ ဒီ ထိုင်းသရဲကားလေးက အရမ်းရယ်ရတယ်။ ဒါပေမယ့် အောက်ပိုင်း ပြက်လုံး လုံးဝမပါဘဲ ပရိသတ်ကို ဆွဲဆောင်နိုင်တယ်။ လှေပေါ်က သရဲဖမ်းတဲ့ အခန်းဆိုရင် ဘာမှ မဟုတ်ပေမယ့် အပြုအမူတွေနဲ့တင် ပရိသတ်တွေကို ရယ်မောအောင် လုပ်နိုင်တယ်” ဟု ရုပ်ရှင်ရုံတွင် ဇာတ်လမ်းကြည့်နေသူ အချင်းချင်း သုံးသပ်နေသံ များလည်း ကြားရသည်။
သရဲမလေး Nak က သူ့ခင်ပွန်း Mak ကို ဘုန်းကြီးကျောင်းမှာ သွားရှာတော့ ဘုန်းကြီးကလည်း မနိုင်၊ ချည်ထားတဲ့ ပရိတ် ကြိုးတွေကလည်း ပြတ်ကုန်ပြီး အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။ Nak ကလည်း Mak မပါဘဲ သူမသွားနိုင်တဲ့ အကြောင်း၊ Mak မရှိဘူးဆိုရင် သူလည်း ရှိတော့မှာမဟုတ်ကြောင်း ပြောသည်။
နောက်တော့ Mak က သရဲဖြစ်နေတဲ့ ဇနီးသည် Nak အနားကိုသွားပြီး သူ့ဇနီးကို သရဲဖြစ်မှန်း သိနေတာ ကြာပြီဆိုတဲ့ အကြောင်း၊ သစ်ရွက်ခြောက်တွေကို ဟင်းအဖြစ် စားနိုင်ပေမယ့် သူ့ကို မခွဲနိုင်တဲ့အကြောင်း ပြောပြတော့ အမျိုးသား ပရိသတ်တွေက “ငိုရမှာလား၊ ရယ်ရမှာလား၊ ဇာတ်လမ်းကတော့ ဒရာမာချိုးသွားတယ်ဟေ့၊ သရဲမလေး Nak ကတော့ သူ့ယောကျာ်ကို တော်တော်ချစ်တယ်” ဟု အော်ဟစ် ပြောဆိုနေကြသည်။
ဇာတ်သိမ်းမှာတော့ Mak နဲ့ Nak တို့ဇနီးမောင်နှံက ဘဝမတူတော့ပေမယ့် နားလည်မှုယူပြီး ပေါင်းသင်းသွားကြသည်။
တချို့ ဇာတ်လမ်းကြည့်ပြီး သူတွေကတော့ Pee Mak ဇာတ်ကားမှာ ဘုန်းကြီးကို ခြေထောက်နဲ့ ကန်မိတဲ့အခန်းကို ဆင်ဆာမဖြတ်ဘဲ ပြတာက ဗုဒ္ဓဘာသာကို စော်ကားသလို ဖြစ်နေတဲ့ အကြောင်း၊ ဆင်ဆာဖြတ်ပြီးမှ ရုံတင်သင့်ကြောင်း သုံးသပ် ဝေဖန်သံတွေက အင်တာနက် စာမျက်နှာတွေမှာရော၊ ဂျာနယ်၊ သတင်းစာ စာမျက်နှာတချို့မှာပါ မြင်တွေ့ကြရ သည်။
ထိုင်းနိုင်ငံမှ ရိုးရာနတ်စိမ်းဖြစ်သည့် Mae Nak အမည်ရ နတ်စိမ်းတပါး၏ ဘဝ ဇာတ်ကြောင်းကို ကျောရိုးယူကာ ပြန် ရိုက်ထားသည့် Pee Mak အမည်ရ ဇာတ်ကားသည် ထိုင်းဘုရင် မောင်းကုတ်/ မွန်ကွတ် လက်ထက်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို ဘန်ကောက်၊ ဖရာ့ခနွိုင် ဒေသတွင်နေထိုင်သည့် Nak ဆိုသော မိန်းမလှလေးတယောက်က သူ့ချစ်ခင်ပွန်း Mak အပေါ် ထားရှိသည့် အဆုံးမဲ့ ချစ်ခြင်းများအပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့သည့် အချစ် ဇာတ်လမ်း တပုဒ်ကို အချစ်၊ ဟာသတို့နှင့် ရောနှောကာ သရဲကား အဖြစ်ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မတ် ၂၈ ရက်က စတင် ရုံတင်ခဲ့ပြီး မေလဆန်းမှ စတင်ကာ ရန်ကုန်မြို့ရှိ ရှေ့ဆောင် ရုပ်ရှင်ရုံ တွင် စတင်ပြသခဲ့သည့် လူကြိုက်များသော သရဲဟာသ ဇာတ်ကား တကား ဖြစ်လာခဲ့သည်။
ယခု ဇွန်လတိုင်သည်အထိ ရန်ကုန်မြို့ နေပြည်တော်ရုံနှင့် မင်္ဂလာရုပ်ရှင်ရုံတို့တွင် ဆက်လက်ပြသနေပြီး လက်မှတ်ဝယ်ရ ခက်တာကြောင့် မကြည့်ရသေး သူတွေ ရှိနေဆဲဟု သိရသည်။ အင်တာနက် လူမှုကွန်ရက် facebook စာမျက်နှာ မှာလည်း Pee Mak ဆိုသည့် စာမျက်နှာတခု မေ ၂၆ ရက်မှာ စတင် ပေါ်ပေါက်လာခဲ့ပြီး ယနေ့အချိန်ထိ Like လုပ်သူ ဦးရေ ၂၂၀၀၀ ကျော် ရှိနေသည်။ ထို စာမျက်နှာက Mak နဲ့ Nak တို့၏ နေ့စဉ် လှုပ်ရှားမှုများအပြင် ဇာတ်ကားနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ဆက်တိုက် တင်ပေးနေကြောင်း တွေ့ရသည်။
Pee Mak ဇာတ်ကားကို ထိုင်းနိုင်ငံက ဒါရိုက်တာ ဘန်ဂျုံးပီနာထရာခွန်က ဘတ် ၆၅ သန်း ကုန်ကျခံကာ ရိုက်ကူးခဲ့ပြီး မတ် ၂၃ ရက်တွင် စတင် ထုတ်လုပ်ပြသကာ ပြသချိန် ၁၁၅ မိနစ် ရှိသည့် ဇာတ်ကားဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့အထိ ဇာတ်ကား ဝင်ငွေက အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်သွားပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံက thaishortnews.worldpress.com တွင် ဖော်ပြထားသည်။