SFU

မြန်မာပြည်ဖွား ထိုင်ဝမ်အခြေစိုက် ပန်းချီဆရာရဲ့ တကိုယ်တော်ပြပွဲကို လေ့လာခြင်း

This article has been converted from Zawgyi One to Unicode


New Treasure အနုပညာ ခန်းမမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ မှ နိုဝင်ဘာ ၃ ရက်နေ့ အထိ ထိုင်ဝမ် အခြေစိုက် မြန်မာ ပန်းချီဆရာ မြင့်သူ (ခ) Chung Aik Hwa ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ခင်းကျင်း ပြသနေပါတယ်။ မြန်မာ့ရိုးရာ ရှေးခေတ် ပရိဘောဂ၊ အသုံးအဆောင်တွေ၊ အိမ်တွင်း အလှဆင်ယင်မှုတွေ၊ ဗုဒ္ဓရုပ်ပွားတော်နဲ့ ယွန်းထည်တွေ၊ ရှုခင်းတွေ စသည်ဖြင့် မြန်မာ့ အငွေ့အသက် ခံစားရရှိစေတဲ့ ပန်းချီကားပေါင်း ၅၄ ကားကို ပြသထားပါတယ်။

အနုပညာ အပေါ် ခိုင်မာတဲ့ ယုံကြည်စိတ် ရှိပြီး ရိုးသားအေးချမ်းတဲ့ ပန်းချီဆရာ မြင့်သူရဲ့ မျက်နှာသွင်ပြင်မှာ သူ့ရဲ့ ပကတိ စိတ်ကို ထင်ဟပ် တွေ့မြင်ရပါတယ်။ နှစ်ပေါင်း ၄၅ နှစ်ကျော်ကြာ မြန်မာပြည်က ခွဲခွာပြီး ထိုင်ဝမ်ကို ပြောင်းရွှေ့ထိုင်ခဲ့ရတဲ့ သူ့အတွက် မြန်မာလို ပြောဖို့ အခက်အခဲ အနည်းငယ် ရှိနေပုံတော့ ရပါတယ်။ စကားကို ဖြည်းဖြည်းမှန်မှန် ပြောပြနေတဲ့ ပန်းချီဆရာ မြင့်သူ (ခ) Chung Aik Hwa ဟာ သူပြောလိုရာ မပြည့်မစုံ ဖြစ်မှာ၊ နားလည်မှု လွဲနေမှာကို စိုးရိမ်နေပုံပါပဲ။ သို့ပေမယ့် သူ့ရဲ့ အနုပညာ ဖန်တီး တင်ပြမှုနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကိုတော့ သူပြောတဲ့ စကားတွေမှာ တွေ့ရပါတယ်။

သူ့ဘ၀ ဖြတ်သန်းမှုကို လေ့လာကြည့်တဲ့အခါ သူ့ကို ၁၉၄၅ ခုနှစ်က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ Grade 7 အထိ တရုတ် ပညာသင် ကျောင်းမှာ တက်ရောက်ခဲ့ပြီး ၁၉၆၅၊ ၁၉၆၆ ခုနှစ်တွေ မှာတော့ ရန်ကုန် ပန်းချီပန်းပုကျောင်းမှာ တက်ရောက် သင်ယူခဲ့ပါတယ်။ အဲဒီတုန်းက သင်ကြားပေးတဲ့ ဆရာတွေက ဆရာဦးသုခ၊ ဆရာဦးသိန်းဟန်တို့ ဖြစ်ပြီး သူနဲ့ အတူ ပန်းချီပန်းပုကျောင်း တက်ရောက်ခဲ့တဲ့ သူတွေကတော့ ထင်ရှားတဲ့ ပန်းချီဆရာ (ဦး) မြသောင်း၊ ပန်းချီ (ဦး) လှစိန် (ယဉ်မင်းပိုက်)၊ ပန်းချီ (ဦး) မောင်မောင်လှမြင့် (အခု ပန်းချီပန်းပု အစည်းအရုံး ဥက္ကဋ္ဌ)၊ ပန်းချီ (ဦး) သိန်းကျော်နဲ့ ပန်းချီဆရာမ ဒေါ်မြမြဝင်းတို့ ဖြစ်ပါတယ်။ သူ ဒုတိယနှစ် တက်ရောက်ပြီးဆုံးတဲ့ အချိန်မှာတော့ သူ့ဘ၀ အလှည့်အပြောင်းက ကြုံလာ ပါတော့တယ်။ အဲဒါကတော့ သူဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့ဖို့ ဖြစ်လာတာပါပဲ။ ဒါကတော့ သူ့ရဲ့ မြန်မာပြည်မှာ ဖြတ်သန်းခဲ့တဲ့ အနေအထားပါ။

သူ ထိုင်ဝမ်ကို ရောက်ရှိသွားချိန်မှာတော့ National Taiwan College OF Art  မှာ ဆက်လက်တက်ရောက် ပညာသင်ယူ ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ဘွဲ့ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သူဟာ ပန်းချီနဲ့ ဆက်လက် အသက်မွေး ဝမ်းကျောင်းခဲ့ပါတော့တယ်။ အနုပညာရှင် အဖြစ် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်လာပြီးတဲ့နောက် ၁၉၉၀ ကျမှ သူဟာ ထင်ပေါ်တဲ့ ပန်းချီပညာရှင်လို့  အသိအမှတ်ပြု ခံခဲ့ရတာပါ။ အထူးသဖြင့် ထိုင်ဝမ် ရိုးရာ ပုံရိပ်တွေ ရေးဆွဲတင်ပြမှုနဲ့ ပတ်သက်ပြီးတော့ပါ။  သူဟာ ထိုင်ဝမ်မှာ တခြား ထင်ရှားတဲ့ ပန်းချီပြပွဲပေါင်းများစွာမှာ ပါဝင်ခဲ့သလို၊ တကိုယ်တော် ပြပွဲ ၇ ကြိမ် ပြခဲ့ပြီး အခု New Treasure မှာ ပြုလုပ်တဲ့ ပြပွဲက သူ့ရဲ့ ၈ ကြိမ်မြောက် တကိုယ်တော် ပြပွဲလို့ သိရပါတယ်။

သူ့ရဲ့ အနုပညာ လက်ရာတွေ အပေါ် လေ့လာသုံးသပ်မှု မပြုမီ သူ့ကို သင်ကြားခဲ့တဲ့ ပန်းချီဆရာတွေရဲ့ အကြောင်းကို ပထမဆုံး တင်ပြမှ ပြည့်စုံမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ နေစဉ်က သူ့ကို သင်ကြားပေးခဲ့တဲ့ ပန်းချီဆရာကြီး ဦးသုခ၊ ဦးသိန်းဟန် တို့ဟာ အင်္ဂလန် အနုပညာ ဖန်တီးတင်ပြမှုနဲ့ ဆက်စပ်ခဲ့ သူများလို့ ဆိုနိုင်ပါတယ်။ အဲဒီနောက် ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး သူ ထိုင်ဝမ်အမျိုးသား အနုပညာကျောင်းမှာ ဆက်လက်တက်ရောက် ခဲ့တဲ့အခါမှာတော့ ပြင်သစ်နဲ့ ဥရောပ ပန်းချီ နည်းစနစ်တွေကို လေ့လာခဲ့ရပါတယ်။

ဒါကြောင့် ပန်းချီဆရာ မြင့်သူ (ခ) Chung Aik Hwa ရဲ့ ပထမဆုံး မြန်မာပြည်မှာ ပြသတဲ့ တကိုယ်တော်ပြပွဲဟာ မြန်မာ ငွေ့အသက်နဲ့ အင်္ဂလန်၊ ပြင်သစ်၊ အနောက်ဥရောပ ပန်းချီရေးဆွဲ နည်းစနစ် ပေါင်းစုံတို့ ရောထွေး ဖန်တီးတင်ပြမှုကို လေ့လာခွင့် ရတဲ့ ပြပွဲလို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့ ပန်းချီကားတွေကို ကြည့်ခြင်းအားဖြင့် မြန်မာတို့ရဲ့ စရိုက်လက္ခဏာ၊ မြန်မာ့ အငွေ့အသက်တွေ ထင်ဟပ်နေတာ တွေ့ရပါ တယ်။ ပြီးတော့ သူ့ရဲ့ ပန်းချီကားတိုင်းမှာ အလင်းကျရောက်မှု မပါတဲ့ တင်ပြမှုတွေကို ခံစားရပါတယ်။ သို့ပေမယ့် ပန်းချီကား ထဲမှာပါတဲ့ နေရာဒေသ ဝန်းကျင် အငွေ့အသက်ကို ရစေတာ တွေ့ရပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု၊ ခံစားမှုနဲ့ ဖန်တီးနိုင်မှုလို့ ဆိုရမှာပါ။

မြန်မာ ပန်းချီဆရာ မင်းဝေအောင်က “ဟုတ်တယ်၊ ဒီ မြန်မာပြည်မှာ Lighting ပါဝင်အောင် ထည့်သွင်း ရေးဆွဲကြတာ အများစု တွေ့ရတယ်။ ကိုမြင့်သူရဲ့ ပန်းချီကားတွေမှာတော့ Lighting ထည့်သွင်း မထားဘူး။ ဒါကြောင့် Timeless (အချိန်မဲ့) လို့ ဆိုနိုင်တယ်။ ဒါပေမယ့် နေရာဒေသ ဝန်းကျင်ရဲ့ အငွေ့အသက်ကိုတော့ ရတယ်။ ဒါဟာ သူ့ဖန်တီးမှုရဲ့ ထူးခြားမှု၊ စိတ်ခံစားမှုပဲ၊ ကျွမ်းကျင်မှုပါပဲ” လို့ သုံးသပ်ပါတယ်။

တကယ်တော့ Realism အခြေပြု ပန်းချီကားတွေမှာ အလင်းကျရောက်မှု မပါရင် ပန်းချီကားဟာ ငြိမ်သက်နေပြီး ထူးထူး ခြားခြား ဆွဲဆောင်မှု အတွက် အားမပါဘူးလို့ ပန်းချီ ဆရာတဦးက ပြောဖူးပါတယ်။

သို့ပေမယ့် ပန်းချီဆရာ မြင့်သူ (ခ) Chung Aik Hwa ရဲ့ ပန်းချီကား ၅၄ ကားမှာတော့ Lighting ပါဝင်မှု မရှိဘဲ Perspective ကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ Texture ကို ပေါင်းဆင့် ဖန်တီးတင်ပြတာ ကိုတော့ အလေးအနက် အသိအမှတ်ပြု ရမှာပါ။

အနုပညာလက်ရာ တခု ဖန်တီးတဲ့ အခါ အလှအပ သို့မဟုတ် စိတ်ခံစားမှု သို့မဟုတ် နွှယ်ဆက် အတွေးရသ တခုခုအပေါ် အခြေပြု ဖန်တီးကြပါတယ်။ ပန်းချီမြင့်သူရဲ့ လက်ရာတွေက အဲဒီ အချက်တွေ ပါဝင်နေတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပန်းချီကားတိုင်းမှာ အလှအပ ပါဝင်သလို၊ ပန်းချီဆရာရဲ့ နှစ်ပေါင်းများစွာ စွဲထင်နေတဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုတွေ အပေါ် ခံစားရမှုလည်း ပါဝင်နေပါတယ်။ ထို့အတူ ဒီလို အနေအထားဟာ ဘယ်မှာ ရှိနေသလဲ၊ မြန်မာ့ ယဉ်ကျေးမှုမှာ တကယ် ရှိသေးလား၊ ဘာတွေ အစားထိုး ပြောင်းလဲ သွားပြီလဲ စသည်ဖြင့် ဆင့်ပွားအတွေးတွေ ရရှိစေတာ တွေ့ရပါတယ်။

ဒီပန်းချီပြပွဲ ကျင်းပနိုင်ဖို့ ဘယ်လောက်ကြာကြာ ပြင်ဆင်ခဲ့ရသလဲလို့ ပန်းချီဆရာ မြင့်သူကို မေးမြန်းကြည့်တော့ “ကျနော် ဒီပြပွဲ အတွက် ၂ နှစ်ကျော် ပြင်ဆင်ရေးဆွဲ ခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာ့ရေမြေ အငွေ့အသက်က နှစ်ပေါင်းများစွာ ကျနော့် ရင်ထဲမှာ ရှင်သန်ပြီးသားပါ။ ကျနော် မြန်မာပြည်ကို ပြန်လာတိုင်း စိတ်ထဲမှာ အမြဲခံစားရမြဲပါပဲ” လို့ ပြန်လည် ဖြေကြားပါတယ်။

အနုပညာသမား တယောက်အတွက်က ကိုယ်တိုင် စိတ်ကျေနပ် ပျော်မွေ့နေမှ သန့်စင်တဲ့ အနုပညာမြောက် လက်ရာတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပန်းချီဆရာ မြင့်သူက ပြောပြပါသေးတယ်။

“ကိုယ်ကိုယ်တိုင် စိတ်ပျော်ပျော်ရေးမှ ကြည့်သူတွေလည်း ပျော်မှာပါ။ ထိုင်ဝမ်မှာ ကျနော် တွေ့ရတာက ပန်းချီဆရာ အများစုက ကိုယ်ခံစားရတဲ့ အတိုင်း ရဲရဲရင့်ရင့် ရေးဆွဲတင်ပြကြတယ်၊ သူတို့ ခံစားရတဲ့ အတိုင်း တင်ပြကြတယ်” လို့ သူက ပြောပါတယ်။

မြန်မာပြည်က ပန်းချီ ဆရာတွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင်ရဲ့ ခံစားရမှုကို ရဲရဲ ရေးဆွဲ တင်ပြဖို့၊ ကိုယ့်ဖန်တီးမှုကို ရဲရဲရင့်ရင့် ခိုင်ခိုင်မာမာ ရေးဆွဲ တင်ပြဖို့ လိုတယ်လို့လည်း သူက အကြံပြုပါတယ်။

ပန်းချီဆရာ မြင့်သူက “ကျနော် ပုဂံညောင်ဦးကို သွားမယ်။ မြန်မာ့ရှေးခေတ် အနုပညာ လက်ရာတွေကို နှစ်သက်တယ်။ ဒါကြောင့် မြန်မာ့ရေမြေ တောတောင်နဲ့ အနုပညာ လက်ရာပုံစံမျိုးတွေ ဆက်လက်ရေးဆွဲ တင်ပြပါဦးမယ်” လို့လည်း ဧရာဝတီကို ပြောပါတယ်။

ဆရာမြင့်သူရဲ့ ဇနီး Elas Huang ဟာ ထိုင်ဝမ် စာရေးဆရာမ တဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ပန်းချီရေးဆွဲတယ်၊ ခင်ပွန်းဖြစ်သူ ကိုမြင့်သူနဲ့တွဲပြီး ပန်းချီပြပွဲတွေမှာ ပါဝင်ပြသတယ် လို့လည်း သိရပါတယ်။

မြန်မာ့ အငွေ့အသက်များ ပြည့်ဝနေတဲ့ ဒီပန်းချီပြပွဲနဲ့ ပတ်သက်ပြီး ပန်းချီဆရာမ ခင်သန်းဖြူကတော့ “ပြသထားတဲ့ ပန်းချီကားတွေက မြန်မာ့ အမြင်၊ မြန်မာ့ အငွေ့အသက်တွေ ရပါတယ်။ သူက အခန်းတွင်း မြင်ကွင်းရော၊ ရှုခင်းရောမှာ နီးဝေးအမြင်ကို ပိုင်နိုင်ကျွမ်းကျင်ပါတယ်”  လို့ ဆိုပါတယ်။

လူငယ်ပန်းချီဆရာ တဦးဖြစ်တဲ့ သားကြီးကတော့ ပန်းချီဆရာ မြင့်သူ အနေနဲ့ အခုလို မြန်မာပြည်ကို ပြန်လာပြီး ပြပွဲလုပ်တာကို ကြိုဆိုတယ် ဆိုတဲ့အကြောင်း၊ ပန်းချီ လက်ရာတွေကို ကြည့်ရလို့လည်း ကျေးဇူးကြောင်း ဆိုပါတယ်။

ပန်းချီဆရာ မြင့်သူနဲ့ သူ့ရဲ့ ပန်းချီလက်ရာတွေနဲ့ ပတ်သက်ပြီး ပန်းချီဆရာ မောင်ဒီက “သူဟာ မြန်မာပြည်ဖွား တရုတ်လူမျိုး ဆိုပေမယ့် မြန်မာနဲ့ ပတ်သက်တဲ့ ငယ်ဘ၀ အစွဲအလမ်း ရှိတယ်၊ မြန်မာပြည်ကိုလည်း ချစ်တယ်။ သူ့ ပန်းချီကားတွေမှာ မြန်မာ့ အငွေ့အသက်တွေ ရတယ်။ Pointillism လို့လည်း သုံးသပ် ယူနိုင်တယ်” လို့ ပြောပါတယ်။

ပန်းချီဆရာ မြင့်သူ (ခေါ်)  Chung Aik Hwa ရဲ့ မြန်မာပြည်မှာ ပထမဆုံး ပြုလုပ်တဲ့ တကိုယ်တော် ပန်းချီပြပွဲကို ခြုံငုံ သုံးသပ် ရရင် ထိုင်ဝမ် အနုပညာ ပုံဖော်မှု နည်းစနစ်ကို လေ့လာခွင့်ရတဲ့ ပြပွဲ ဖြစ်သလို၊ မြန်မာ့ အငွေ့အသက်ကို သီးခြား နည်းစနစ် တမျိုးနဲ့ ရေးဆွဲတင်ပြပုံကိုပါ လေ့လာခွင့် ရတဲ့ ပြပွဲ ဖြစ်ပါကြောင်း။

Loading