ဂီတသက်တမ်း ၂၁ နှစ်နီးပါးရှိပြီဖြစ်တဲ့ အဆိုတော်တင်ဇာမော်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို သူရဲ့မွေးနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီ တကိုယ်တော်ဖျော်ဖြေပွဲက တင်ဇာမော်ရဲ့ ပထမဆုံး ထူးထူးခြားခြား တင်ဆက်မယ့်ပွဲလည်းဖြစ်ပြီး တကိုယ်တော်ဖျော်ဖြေပွဲဆိုတဲ့အတိုင်း တခြားအဆိုတော်တဦးမှ ပါဝင်ခြင်းမရှိဘဲ တင်ဇာမော်တဦးထဲ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ပြည်ပရောက်နေပြီး ပရိသတ်နဲ့ အလှမ်းဝေးနေတဲ့ အဆိုတော်တင်ဇာမော်ရဲ့ ဂီတလှုပ်ရှားမှုတခုဖြစ်တဲ့ ပထမဆုံးပြုလုပ်မယ့် တကိုယ်တော် ဖျော်ဖြေပွဲကနေတဆင့် ပရိတ်သတ်နဲ့တဆင့် ပြန်လည်ရင်းနှီးခွင့်ရရှိတော့မှာဖြစ်ပါတယ်။ အရင်ကထက်လည်း ခန္ဓာကိုယ်ပိုပိန်ပြီး ကြည့်ကောင်းလာတဲ့ တေးသံရှင် တင်ဇာမော်ကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဂီတအကြောင်း၊ ပြည်ပရောက်နေတဲ့ သူမရဲ့ နေထိုင်မှုပုံစံ အကြောင်းတွေကို ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။
မေး ။ ။ အရင်ဆုံး မတင်ဇာမော်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၆ ရက်မှာလုပ်မယ်လို့ သိရတယ်။ အဲဒီပွဲမှာဖျော်ဖြေမှုအပိုင်းနဲ့ သီချင်းရွေးချယ်မှုအပိုင်းကို အရင်ဆုံးသိချင်ပါတယ်။
ဖြေ ။ ။ သီချင်းတွေကို ပရိသတ်တောင်းတဲ့ သီချင်းတွေဆိုမယ်။ ပြီးရင် သီချင်းအသစ် နှစ်ပုဒ်ပါမယ်။ ပြီးတော့ ထွက်ပြီးသားအဟောင်းတွေထဲကပဲ ပရိသတ်သိပ်မသိသေးပေမယ့် ကောင်းတဲ့ သီချင်းတွေ ပြန်ဆိုမယ်။ သီချင်းကို နည်းနည်းလေး ရွေးပြီးဆိုဖြစ်မယ်။ သီချင်း စုစုပေါင်း အပုဒ် ၃၀ နီးပါးလောက် ဆိုမယ်။ အချိန်က နှစ်နာရီကနေ နှစ်နာရီခွဲကြာသွားမယ်လို့ လောလောဆယ် ခန့်မှန်းထားပါတယ်။
မေး ။ ။ တချို့ အဆိုတော်တွေ တကိုယ်တော်ဖျော်ဖြေပွဲမှာ တခြား အဆိုတော်တွေနဲ့ အားဖြည့်ကြတယ်။ မတင်ဇာမော်က ပွဲအစအဆုံး တယောက်ထဲ ဖျော်ဖြေမယ်လို့သိရပါတယ်။
ဖြေ ။ ။ တယောက်ထဲ ဆိုတာက တကိုယ်တော်ပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက်ပါ။ နောက်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် တုန်းက စုံတွဲတွေနဲ့ အများကြီးဆိုခဲ့ဖူးတယ်။ တချို့ပရိသတ်တွေကလည်း စုံတွဲသီချင်းတွေ ဆိုခိုင်းစေချင်ကြတယ်။ ဒါပေမယ့် စုံတွဲပွဲက ပြီးသွားပြီဖြစ်တဲ့အတွက် ဒီတခါတော့ ဒီပွဲမှာ တယောက်ထဲပဲ ဆိုမယ်လို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
မေး ။ ။ မတင်ဇာမော်ရဲ့ ဂီတသက်တမ်းက ၂၁ နှစ်ရှိပြီလို့ သိရပါတယ်။ ဒီ ၂၁ နှစ်အတွင်းမှာ ပြုလုပ်မယ့် အခုပွဲက ဘယ်လိုထူးခြားမှုတွေ ပါလာမလဲ။
ဖြေ ။ ။ ကျမရဲ့ ဂီတလမ်းကြောင်းတလျှောက်မှာ ဒါဟာ မှတ်တိုင်တခုပါပဲ။ ဒီပွဲ အောင်မြင်သည်ဖြစ်စေ ၊ မအောင်မြင် သည်ဖြစ်စေ ကိုယ့်ရဲ့ဂီတသက်တမ်းမှာ ဘဝမှာ ပထမဦးဆုံးလုပ်တဲ့ တကိုယ်တော်ပွဲဖြစ်တဲ့အတွက်ကြောင့် တာဝန်လဲ ကြီးပါတယ်။ စိုးရိမ်ပူပန်မှုတွေလည်း များပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးကို အပျော်ရွှင်ဆုံးဖြစ်အောင်လို့ ပရိတ် သတ်နဲ့ အတူတူ ဖြတ်သန်းပါမယ်။
မေး ။ ။ မတင်ဇာမော် ဂီတနဲ့ အဆက်သွယ်ပြတ်နေတဲ့အခိုက် အင်္ဂလန်မှာနေဖြစ်တဲ့ ကာလတွေမှာရော ဘယ်လို Life style နဲ့ နေထိုင်ပါလဲ။
ဖြေ ။ ။ ဟိုမှာကတော့ ကျမက ခေတ်ပေါ်သီချင်းတွေလည်း အများဆုံးနားထောင်ဖြစ်နေပါတယ်။ မြန်မာသီချင်းကျတော့ ကိုယ်ကသိပ်မသိတော့ပြန်ဘူး။ ကိုယ်က ဒီကိုပြန်လာတဲ့ အခါကျတော့ ဘယ်သူတွေက ဘယ်လိုဖြစ်နေတယ်ဆိုတာ နားစွင့်ပါတယ်။ ကြားပါတယ်။ သီချင်းတွေကိုလည်း အခွင့်အခါကြုံတိုင်းလည်း နားထောင်ရပါတယ်။ သိပါတယ်။ ဟိုမှာကတော့ ကျမက အိမ်ရှင်မပါပဲ။ ကလေးတွေကိုစောင့်ရှောက်တယ်။ အိမ်ရှင်မကောင်းလုပ်တယ်။ ဒါပါပဲ။
မေး ။ ။ ကိုယ်ပြန်လာတဲ့အခါတိုင်း မြန်မာနိုင်ငံရဲ့ ဂီတပုံစံကဘယ်လိုရှိတယ်လို့ မြင်မိလဲ။ ပြောင်းလဲလာတဲ့ အပိုင်းတွေကို မတင်ဇာမော်ရဲ့ အမြင်က ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ ကျမ မြင်သလောက်ကတော့ ပင်လယ်ရေဆိုတာသောက်လို့ မကုန်ဘူးလေ။ အနုပညာလောကဆိုတာကလည်း ကျယ်ပြန့်ပါတယ်။ ပြောရမယ်ဆိုရင် ရုပ်ရှင်တွေလိုပဲပေါ့နော်။ ဒရမ်မာကား ရှိမယ် ၊ သဲထိတ်ရင်ဖိုရှိမယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်။ ထိုနည်းလည်းကောင်းပဲ ပရိသတ်တွေကြားမှာလည်း အားလုံးက ပွင့်လင်းလာကြတဲ့ အချိန်ကိုရောက်နေပြီ၊ အင်တာနက်ကိုလည်း ကောင်းကောင်းသုံးနိုင်လာကြပြီဆိုတော့ ဒါကမ္ဘာကိုမြင်နိုင်ပြီလို့ ပြောလို့ရတယ်။ အင်တာနက်က တဆင့် သူတို့လေ့လာကြမယ်။သိကြမယ်။ ဂီတလောကမှာလဲ မျိုးစုံရှိတယ်။ Hip Hop ရှိမယ် Pop ၊ Rock မျိုးစုံရှိမယ်။ ပရိသတ်ကလည်း သူတို့ ကြိုက်တာကို သူတို့ရွေးချယ်ပြီးနားထောင်ကြမှာပဲ။ ဆိုတော့ လူငယ်တွေဆိုတာ လူကြီးဖြစ်လာတာပဲလေ။ ကျမတို့ကိုကြည့်မယ်ဆိုရင် လူငယ်ကနေ အခု လူကြီးဖြစ်လာပြီ ကျမတို့က ကျမတို့ ကြိုက်တဲ့ လမ်းနဲ့ ခရီးဆက်သွားမယ် တခါ ကလေးတွေကျတော့ သူတို့ မတူညီတဲ့ အမြင်တွေနဲ့ မတူညီတဲ့ music အမျိုးအစားတွေကို သယ်ဆောင်လာမှာပဲ။ အဲဒါတွေနဲ့ သူတို့ ခရီးဆက်လျှောက်ကြမှာပဲ။ ဆိုတော့ သူတို့ရဲ့ အနုပညာကို ကြိုက်တဲ့ ပရိတ်သတ်ဆိုတာကလည်း သပ်သပ်ပေါ်လာမှာပဲ။ ဘယ်လိုမြင်လဲဆိုတော့ အားလုံးက သူ့လိုင်းနဲ့သူရှိနေကြတယ်။ အားလုံးက သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတယ်လို့ မြင်တယ်။ ဒါမှလည်း တိုးတက်တာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မယ်။ ကျမကတော့ ဒါကို သဘောကျပါတယ်။
မေး ။ ။ မတင်ဇာမော်ရဲ့ ဖျော်ဖြေပွဲဈေးနှုန်းကို ကိုယ့်ကို ကြိုက်တဲ့ ပရိသတ် အားပေးနိုင်အောင် ဈေးနှုန်းကို သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် ပြည်ပက အဆိုတော်တွေလာတဲ့အခါ ဒီက သူတို့ကို ကြိုက်တဲ့ ပရိသတ်တွေ လိုက်မမီနိုင်တဲ့ဈေးတွေ သတ်မှတ်ထားကြတာလည်း ရှိပါတယ်။ ပြည်တွင်းပြည်ပ အဆိုတော်ယှဉ်တာ မဟုတ်ပေမယ့် လက်မှတ်ဈေးနှုန်း အရမ်းကွာခြားနေတဲ့ အဲဒီအပေါ်ကိုရော ဘယ်လိုပြောပြချင်ပါလဲ။
ဖြေ ။ ။ ကျမအမြင်ကတော့ စီးပွားရေးလုပ်တာလဲ လုပ်တာပဲပေါ့နော်။ ကျမကတော့ ဒီပွဲကို စီးပွားရေးအတွက်လုပ်တာ မဟုတ်ဘူးလေ။ ကိုယ်ဝါသနာပါတဲ့သီချင်းကို ဆိုချင်တယ်။ ရှုံးရင်တောင် ရှုံးပါစေဆိုတဲ့ စိတ်နဲ့ ပွဲကို ကျမကိုယ်တိုင်စီစဉ်တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျမကိုယ်တိုင် အရှုံးနဲ့ ရင်းနှီးထားပြီးတော့ အရှုံးကိုမြင်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ငွေရေးကြေးရေးနဲ့ မလုပ်တဲ့အတွက်ကြောင့် ပရိသတ်ကို သင့်တင့်လျှောက်ပတ်တဲ့ဈေးနဲ့ ရောင်းဖို့ အစထဲက ရည်မှန်းခဲ့တယ်လေ။ ဆိုတော့ ဒါကို ဘယ်လောက်လုပ်ရင် ဘယ်လောက်ကုန်မယ်ဆိုတာ အားလုံးက တွက်တတ်ပါတယ်။ ကျမအနေနဲ့က စီးပွားရေးကို ဦးတည်ပြီးလုပ်တာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါက ကျမဘက်က အမြင်ပါ။ တခြားဘက်ကဆိုရင် စီစဉ်သူတွေက စီးပွားရေးအတွက် လုပ်တာ ဖြစ်ကောင်းဖြစ်မယ်။ ဆိုလိုတာက စီးပွားရေးအတွက်ပဲ လုပ်လုပ်ပေါ့ ကြားချပြီး အလယ်လောက် လုပ်တာအကောင်းဆုံးလို့မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဘက်ကလည်း နိုင်ငံခြားက ခေါ်လာရတာ ဖြစ်တဲ့အတွက် စရိတ်တွေများတယ်လေ။ နောက်ပြီး လာကြည့်မယ့် လူတွေကိုကြည့်ရင်လည်း လူတန်းစား တစု ဖြစ်ကောင်းဖြစ်မယ်။ မြန်မာတနိုင်ငံလုံးသိတဲ့သူ ဖြစ်ချင်မှလည်း ဖြစ်မယ်။ မဟုတ်ရင်လည်း မဟုတ်ဘူး။ အဲလိုမျိုး လူတန်းစားတစုထဲ လာကြည့်မယ့်ပွဲဆိုရင် သူတို့ ဈေးနှုန်းတက်ချင်လည်း တက်မှာပေါ့နော်။ တတ်နိုင်တဲ့သူတွေအတွက်ပေါ့ တပြည်လုံးက ကြည့်မယ့်သူဆိုရင်တော့ ပုံစံတမျိုးဖြစ်ချင်ဖြစ်မှာပေါ့။ ဒါတွေကတော့သူတို့ကို သွားပြီးအပြစ်တင်လို့လည်း မရဘူးလေ။ ပွဲတခုစီစဉ်ပြီဆိုကတည်းက ကုန်ကျစရိတ်က ရှိတာကိုး။ ကျမကိုယ်တိုင်လည်း ရင်းနှီးပြီး ကုန်နိုင်တယ်ပြောတာ အနုပညာသမားလည်း ဖြစ်တယ် ပထမဆုံး ကိုယ်လုပ်တဲ့ပွဲလည်းဖြစ်တယ် ကိုယ့်ရဲ့တသတ်မှာ တပွဲဖြစ်တဲ့အတွက်ကြောင့် ကိုယ်က ဒီလိုမျိုးစိတ်ထားနိုင်တာလေ။ အမြဲတမ်းဆိုရင် ကိုယ်လည်း ဘယ်ထားနိုင်မလဲ။ တနှစ်မှာ နှစ်ပွဲလောက်လုပ်မယ်ဆိုရင်တော့ အရှုံးခံပြီး ဘယ်လုပ်နိုင်မလဲနော်။
မေး ။ ။ ဂီတဖန်တီးမှုအပိုင်းမှာလည်း အရင်ကထက်စာရင် ပိုပြီးပွင့်လင်းလာတယ် ဖန်တီးလာနိုင်တယ် လို့ပြောလို့ရနေတယ်။ မတင်ဇာကရော အဲဒီအပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ ဒါတော့ ထိန်းချုပ်မှု သိပ်မရှိတော့ဘူး။ လွှတ်ပေးလိုက်ပြီဆိုတဲ့ သဘောပေါ့နော်။ အဲဒီအခါ ပရိတ်သတ်နဲ့ အနုပညာရှင်နဲ့ ဒဲ့ဒိုးတွေ့ပြီလေ။ တွေ့ပြီဆိုတဲ့အခါကျရင် ပရိတ်သတ်မှာလည်း အတန်းအစားတမျိုးရှိမယ်။ အနုပညာရှင် မှာလည်း အတန်းအစားတမျိုးရှိမယ်။ သူ့အတန်းအစားနဲ့သူ ထိပ်တိုက်တွေ့ကြပြီဆိုရင်တော့ လက်ခံရင်တော့ သူတို့က သူတို့ Trend ကို သူတို့သွားကြမှာပဲလေ။ အနုပညာဘက်ကကြည့်ရင် ကိုယ် Trend ကို လက်မခံနိုင်တဲ့ ပရိသတ်မျိုးများနေမယ်ဆိုရင်တော့ တမျိုးဖြစ်ရင် ဖြစ်မှာပေါ့။ ဒါကတော့ ကျမအမြင်က ပရိသတ်တွေရဲ့ ခံယူချက်လို့ပဲ ပြောချင်ပါတယ်။ တခြားတော့ ဘာမှပြောစရာတော့ မရှိပါဘူး။ ကိုယ်ရဲ့ လွတ်လပ်ခွင့်ရှိတယ်၊ ကိုယ်ရွေးချယ်ချင်တဲ့ လမ်းကို ရွေးချယ်ခွင့်ရှိတယ်လို့ မြင်ပါတယ်။ ကိုယ်သွားမယ့် လမ်းက ကိုယ်ဖောက်တဲ့လမ်းပဲလေ။ အဲဒါကို ရင်ဆိုင်နိုင်ဖို့ သတ္တိပဲ လိုပါတယ်။
မေး ။ ။ ဂီတနဲ့ပတ်သက်ပြီး ပြောင်းလဲစေချင်တဲ့အပိုင်းရော ရှိပါလား။
ဖြေ ။ ။ အဲလိုတော့ မရှိပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်တယောက်ထဲပြောင်းလို့အကုန်လိုက်ပြောင်းမှာမဟုတ်ဘူးလေ။ ကိုယ့်အနေနဲ့ကတော့ ကိုယ်ဆိုချင်တဲ့ သီချင်းကို ကိုယ်ဆိုမယ်။ ကိုယ်စိတ်ထဲမှာ ခံစားလို့ရတဲ့သီချင်းတွေဆိုမယ် ထုတ်မယ်။ ဒါပဲလေ စောစောကပြောသလိုပဲလေ ကျမရဲ့ သီချင်းတွေကို ကြိုက်တယ်ဆိုရင် အမြတ်ပဲလေ။ ဒါဟာကိုယ့်ရဲ့ အကြီးမားဆုံး တန်ဖိုးထားရဆုံးအမြတ်ပဲလေ။
မေး ။ ။ မတင်ဇာမော်က အရင်ကထက် ခန္ဓာကိုယ် ပိုပိန်သွားပြီး ပိုလှလာတယ်။ ဘယ်လိုများ ဝိတ်လျော့လိုက်တာလဲဆိုတာ ပြောပြပေးပါလား။
ဖြေ ။ ။ အဲဒါက အရမ်းကို ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစားအသောက်ကို မစားဘဲရေသောက်ပြီး ထိန်းရတဲ့နည်းပါ။ တခါ အသီးတွေစားမယ် ရေသောက်မယ်။ အဲလိုနဲ့ လုံးဝကို ကာဗိုဟိုက်ဒရိတ် တွေ မစားရပါဘူး အဲဒီအတွက် အရမ်းခက်ပါတယ်။ အဲလိုမျိုး အခု ကိုယ်တိုင်တောင် ပြန်လုပ်ဖို့ တော်တော်ခက်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်နေရတဲ့သူတွေအတွက် ပိုခက်တာပေါ့နော်။ ဒါပေမယ့် အဲလိုလုပ်နိုင်ဖု့ိကလည်း အဓိကစိတ်ပါပဲ လုပ်ချင်ရင်ဖြစ်ပါတယ်။
မေး ။ ။ အဲလိုလုပ်ဖို့ အချိန်ဘယ်လောက်ပေးခဲ့ရလဲ။
ဖြေ ။ ။ ကျမက သုံးလအတွင်းကို ပေါင်၂၀ ကျော်ကျော်လောက် ကျသွားတယ်။
မေး ။ ။ အဲဒီအချိန်တုန်းက ဟိုမှာ မတင်ဇာက အလုပ်လုပ်နေတာလား။
ဖြေ ။ ။ အဲဒီအချိန်တုန်းက အလုပ်လုပ်နေတာလေ။ ပြီးခဲ့တဲ့တနှစ်လောက်ကစပြီး အလုပ်မလုပ်တော့ဘူး။
မေး ။ ။ မတင်ဇာမော်ရဲ့ သမီးလေး လောလော ကိုလည်း ပရိသတ်တွေက ချစ်ကြတယ်။ သူ့ရဲ့ ပုံစံ အကျင့်စရိုက်ကရော ဘယ်လိုဖြစ်နေလဲ။
ဖြေ ။ ။ သူက သိပ်ငယ်သေးတော့ ကျမလည်း သူဘယ်လိုလာမလဲ မပြောတတ်သေးဘူး။ ဒါပေမယ့် သူ့ကြည့်ရတာတော့ သီချင်းကို တော်တော်ဝါသနာပါတာကို တွေ့ရတယ်။ သီချင်းအသံကြားရင်ကတယ်။ ကိုယ်ခြေရာကိုနင်းစေချင်တဲ့ စိတ်ဖြစ်မိလားဆိုရင် အဲလိုတော့ ကျမက လောဘတော့ မကြီးတတ်ပါဘူး။ သူတို့ ဘဝလေးတွေက သူတို့အကြောင်းနဲ့ သူတို့ပါလာပြီးသားလေ။ ကျမက လုပ်ယူလို့တော့ မရဘူးပေါ့။ ကိုယ်က ပံ့ပိုးပေးလို့ပဲ ရတယ်ဆိုတော့ သူတို့ကိုကြည့်မယ်လေ သူတို့ဘာလုပ်ချင်လဲပေါ့။ သူတို့လုပ်ချင်တာကိုပဲ အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးမှာပါ။
မေး ။ ။ အခု တကိုယ်တော်ဖျော်ဖြေပွဲပြီးရင် ပြန်မှာလား။ ဘာတွေလုပ်ဖို့ရှိဦးမလဲ။
ဖြေ ။ ။ မေလလောက်မှ ပြန်ပါမယ်။ ဒီမှာခဏနေပြီး သီချင်းသွင်းဦးမယ်လေ။ ဂီတနဲ့ပတ်သက်ပြီး စည်သူလွင်နဲ့ ကျမနဲ့ စုံတွဲခွေထွက်နိုင်ဖို့ စီစဉ်နေတယ်။ အဲဒါလေးဆိုသွားမယ် အဲဒီအခွေလေး ထွက်နိုင်အောင် အတတ်နိုင်ဆုံး အမြန်ဆုံး ကြိုးစားမယ်လေ။ ပြီးရင် ကျမရဲ့တကိုယ်တော် mini Album လေး ထွက်ဖို့ လုပ်ပါမယ်။