“တောင်းမှာ အကွပ်၊ လူမှာ အဝတ်” ဆိုတဲ့ ရှေးမြန်မာ စကားပုံလို တောင်းမှာ အကွပ်ရှိဖို့ လိုအပ်သလို၊ လူမှာလည်း သင့်တော်တဲ့ အဝတ်ရှိဖို့ လိုအပ်ပါတယ်။ မြန်မာလူမျိုးများဟာ ဝတ်စားဆင်ယင်မှု၊ ကိုယ်နှုတ်မူယာအားဖြင့် အင်မတန် ယဉ်ကျေးတဲ့ လူမျိုးများအဖြစ် ရှေးက အသိအမှတ်ပြုခဲ့ကြတာပါ။ ခြေမျက်စိမပေါ်အောင် လုံချည်ထိုင်မသိမ်း ဝတ်ဆင် သော မိန်းကလေးများကို “လုံမပျို” လို့ ရှေးကခေါ်ဆိုခဲ့ကြသည် မဟုတ်ပါလား။
ဒီဘက်ခေတ်မှာတော့ “လုံမပျို” တို့ခေတ် ကုန်လေပြီလို့ ဆိုရမလားပဲ။ လုံမပျိုများအစား အခြားနိုင်ငံများမှ ဝင်ရောက် လာသော ဘောင်းဘီတို စကတ်တို စတဲ့ အတိုအပြတ် ကိုယ်စီဝတ်ဆင်ပြီး ပျားပန်းခတ်မျှ သွားလာနေကြသော “မလုံမပျို”တို့ကို တွေ့မြင်လာနေရပါပြီ။ သို့သော် လူတိုင်း အတိုအကွဲများ အမြင်မတော်စရာများ ဝတ်ဆင်သည်ဟု မဆိုလိုပါ။
ဒါဟာလည်း ခေတ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေ ရေစီးကြောင်းလို့ ဆိုနိုင်တာကိုး။
ဖက်ရှင်ကို ဦးစားပေးတယ်ဆိုပေမယ့်လည်း ကိုယ်သွားမယ့်နေရာနဲ့ ကိုယ့်ရဲ့ဖက်ရှင် လိုက်ဖက်မှု ရှိမရှိကိုတော့ ဆန်းစစ်သင့်ပါတယ်။ ဘုရားကျောင်းကန် သွားလာတဲ့ နေရာတွေကိုတော့ ဘောင်းဘီရှည်၊ တို၊ စကပ်ကွဲ ရှည်၊ တို တွေနဲ့ သွားလို့ အဆင်မပြေနိုင်ပါဘူး။
ဒီလို အတိုအပြတ်တွေကြားကပဲ မြန်မာဝတ်စုံဆိုတာကို နှစ်ခြိုက်စွာ ဝတ်ဆင်နေကြသေးသော လုံမပျိုများလည်း ရှိနေပါသေးတယ်။
ယခင်ကတော့ မြန်မာဝတ်စုံတစုံဖြစ်လာဖို့ဆိုရင် ပိတ်စဝယ် အပ်ချုပ်စက်ဆိုင်သွားပြီး ကိုယ်ကြိုက်တဲ့ပုံစံရွေးအပ်ကြရတာ ဆိုတော့ အချိန်တခုပေးလုပ်ရတဲ့ အလုပ်တခုလိုဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ရယ်ဒီမိတ် အဝတ်အစားတွေကို ပျိုမေတို့ အနေနဲ့ ပိုမိုရွေးချယ်ဝတ်ဆင်လာကြတယ် ဆိုရမှာပါ။
အခုဆိုရင် ချည်သားဝမ်းဆက်တွေ၊ တိုင်းရင်းသား ရိုးရာ ဒီဇိုင်းတွေနဲ့ မြန်မာဝတ်စုံဝတ် မိန်းကလေးငယ်တွေကို ရန်ကုန်မြို့ထဲမှာ ဥဒဟို သွားလာနေတာ မြင်တွေ့လာရပါပြီ။ ဒီလို မြင်တွေ့လာရတာ နှစ်အနည်းငယ် ကြာပြီဆိုပေမယ့် အခုနောက်ပိုင်းမှာ ပိုမိုများပြားလာတယ်လို့ ယူဆမိပါတယ်။
ဒါဟာလည်း ချုပ်ပြီးသား မြန်မာဝတ်စုံ ၀မ်းဆက်တွေကို ဆိုဒ်မျိုးစုံအလိုက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူလာနိုင် တာနဲ့လည်း သက်ဆိုင်ပါလိ့မ်မယ်။
အရင်တုန်းက မြန်မာဝတ်စုံဆိုရင် ရိုးရိုးရင်ဖုံးနဲ့ ချိတ်ထဘီသာ မျက်စိထဲ ပြေးမြင်ကြပေမယ့် ခုချိန်မှာတော့ လူငယ်တွေရဲ့ ဆန်းသစ်တဲ့ အတွေးများက မြန်မာဝတ်စုံတွေကို ဆန်းသစ်လှပတဲ့ ဒီဇိုင်းတွေအဖြစ် ပြန်လည်အသက်ဝင်လာတယ်လို့ ဆိုရမလားပါပဲ။ ဒါ့ထက် ဒီဇိုင်နာတွေရဲ့ ဆန်းသစ်တဲ့ အမြင်တွေနဲ့ ဖန်တီးချုပ်လုပ်လာတဲ့ ဒီဇိုင်းဆန်း မြန်မာဝတ်စုံတွေဟာ လည်း စျေးကွက်ကို ထိုးဖောက်ဝင်ရောက်လာတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ အရောင်စပ်၊ အဆင်စပ်တွေ၊ အကျႌနဲ့ ထဘီ ဆင်တူရောင်ကွဲ ဝမ်းဆက်တွေ၊ ဇာနဲ့ ဆက်တာ၊ ပန်းထိုး၊ ချည်ထိုး၊ စီးကွင့်ထိုး၊ ကျောက်ထိုးတို့အပြင် မတူညီတဲ့ အရောင်နှစ်ခုကို အပေါ်အောက် ၀မ်းဆက်စပ်ပြီး ချုပ်ထားတာမျိုးတွေ စသည်ဖြင့် ဆန်းပြားအောင် ချုပ်လုပ် ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။
မြန်မာဝတ်စုံတွေကို နီးစပ်ရာ ဈေး၊ စူပါမားကတ်များ နဲ့ ခုဆိုရင် online shopping တွေမှာပါ အလွယ်တကူ ဝယ်ယူဝတ်ဆင်နိုင်ပါတယ်။ မြန်မာဝတ်စုံတွေဟာ ဈေးလည်းအရမ်းမကြီးပဲ ၁ သောင်းပတ်ဝန်းကျင်ကနေ စပြီး ဒီဇိုင်နာတွေ ဖန်တီးချုပ်လုပ်တဲ့ သိန်းချီတန်တဲ့ မြန်မာဝတ်စုံတွေအဆုံး ဝယ်ယူ ဝတ်ဆင်နိုင်တာမို့ တခါတလေမှာ ရိုးရာဝတ်စုံလေးတွေနဲ့ မြန်မာဆန်ကြည့်ကြဖို့ အကြံပေးလိုက်ပါရစေ။
Credit – ဒီဇိုင်နာ ရဲရဲဇွန်နွယ်(ပွဲထိုင်မေ) ဖန်တီးချုပ်လုပ်ထားတဲ့ အကျီဒီဇိုင်းများကို ဖော်ပြပေးလိုက်ပါတယ်။