ဒဏ်ရာအနာတရ ကင်းတဲ့သူရယ်လို့ မရှိသလို တော်ရုံဒဏ်ရာကို ကိုယ့်ဖာသာ ရှေးဦးသူနာပြု ပစ္စည်းလေးတွေနဲ့ အိမ်မှာ ကုသတာကလည်း ထုံးစံတခုပါ။ အဲဒီလို လုပ်တဲ့အခါ နည်းလမ်းမှန်ကန် အကျိုးရှိတာလေးတွေ ဖြစ်ရင် ပိုကောင်းမယ် မဟုတ်ပါလား။
အနာကိုသန့် ရှင်းတဲ့အခါ
ဒဏ်ရာအနာကို အမြှုပ်ထတတ်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (Hydrogen Peroxide) နဲ့ ဆေးကြောတာတွေ၊ အရက်ပြန်နဲ့ ပွတ်တာတွေ လုပ်လေ့ရှိပါတယ်။ တကယ်တော့ အဲဒါက မလုပ်သင့်ပါဘူး။ အဲဒီ ပိုးသတ်ဆေးရည်တွေက ဒဏ်ရာရ တစ်ရှုးတွေကို ထိခိုက်ပြီး အနာကျက် နှေးစေပါတယ်။
တော်ရုံဒဏ်ရာကို သန့်ရှင်းပေးဖို့က ရေအေးအေး လောင်းချပြီး ဆပ်ပြာနဲ့ ဆေးကြောတာပါ။ အနာကို ၅ မိနစ်လောက် ဆေးကြောသန့်စင်ပြီး အမှုန်တွေ၊ ဖုန်တွေ၊ အမှိုက်တွေ ဖယ်ထုတ်ရပါလိမ့်မယ်။ ဒဏ်ရာက ကြီးရင်၊ နက်ရင်၊ သွေးထွက်များရင်တော့ ဆေးရုံဆေးခန်းသွားတာ အကောင်းဆုံးပါ။
အနာကို စိုစွတ်နေစေသင့်လား
အနာဒဏ်ရာဆိုတာ စိုနေမှ အကျက်မြန်စေသလို ပတ်တီးမှာ အရမ်းကပ်နေတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။ ဒီလို စိုစွတ်နေစေတာက ကြီးတဲ့အနာတွေ၊ ပွန်းပဲ့တာတွေအတွက် ပိုပြီး ထိရောက်စေပါတယ်။ ဒဏ်ရာနေရာကို သန့်ရှင်းပေးပြီး ပဋိဇီဝဆေးပါတဲ့ ကရင်မ်လေး ပါးပါး လိမ်းထားတာက ရောဂါပိုးတွေ မဝင်အောင် ကာကွယ်ပေးမှာပါ။
ပွန်းပဲ့ဒဏ်ရာတွေ လေသလပ်ထားရမလား
တချို့က ပွန်းပဲ့ဒဏ်ရာနာတွေကို ဖုံးအုပ်မထားဘဲ လေသလပ်ခံမှ အနာကျက် မြန်မယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ပတ်တီးလေး အုပ်ထားတာက အနာကို အဝတ်အစားတွေနဲ ့ပွန်းတာမျိုး၊ ဖုန်တွေနဲ့ ရောဂါပိုးမွှားတွေ ဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပါတယ်။ ရောဂါပိုးတွေမဝင်ဖို့ ဆေးထည့် ပတ်တီးစီးခါနီးတိုင်း သန့်ရှင်းပေးဖို့တော့ လိုပါတယ်။ ပြတ်ရှဒဏ်ရာတွေဆို ပတ်တီးက နှုတ်ခမ်းသား နှစ်ဖက်ကိုစေ့စေပါတယ်။
ပတ်တီးကို ဖြည်းဖြည်း ခွာရမလား
အနာပေါ်ကနေ ပတ်တီးခွာတဲ့အခါ ဖြည်းဖြည်း ငြင်သာ ခွာတာသာ နည်းလမ်း မှန်ပါတယ်။ အမြန်ကြမ်းကြမ်း ဆွဲခွာတာမျိုးက အပေါ်က ကျက်ခါနီး အလွှာကို ဆွဲဖယ်သလိုဖြစ်ပြီး အနာသစ် ဖြစ်စေပါတယ်။ အနာနဲ့ ပတ်တီးကပ်နေရင် ရေနွေးလေးနဲ့ စွတ်ပြီး ခွာရမှာပါ။ အနာတဝိုက်က မွေးညင်းတွေ ထိခိုက်အောင်လည်း မလုပ်သင့်ပါဘူး။ မွေးညင်းလေးတွေ ဦးတည်ရာအတိုင်း အလိုက်သင့် ဖြည်းဖြည်း ခွာရပါမယ်။
မီးလောင်နာ
အပူလောင်တဲ့ ဒဏ်ရာတွေကို ဆီတွေ၊ ထောပတ်တွေ၊ ရေခဲတွေ အုံတာက ပိုပြီးဆိုးစေပါတယ်။ သိပ်မဆိုးတဲ့ အပူလောင်နာတွေအတွက် စီးကျနေတဲ့ ရေအေးမှာ နာကျင်တာတွေ သက်သာတဲ့အထိ လောင်းချပေးတာ အကောင်းဆုံးပါ။ အရည်ကြည်ဖုပေါက်တဲ့ အရေပြားကို ကာကွယ်ဖို့ ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ စေးကပ်မနေအောင် အုပ်ပေးထားရပါမယ်။ ပတ်တီးကိုလည်း ခပ်လျော့လျော့သာ စည်းထားရပါလိမ့်မယ်။
အခုပြောသလောက် ဆိုရင်တော့ အနာဒဏ်ရာကို ပိုပြီး စနစ်ကျန ပြုစုနိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါရဲ့။