သန်လျင်မြို့လို့ဆိုလိုက်ရင် မြို့ရဲ့ ကျက်သရေဆောင်ဖြစ်တဲ့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ကိုလည်း တွဲဖက်ပြီး မြင်ယောင်ကြမယ် ထင်ပါတယ်။ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၈)ရက်နေ့ကနေ လပြည့်ကျော် (၁)ရက်နေ့အထိ စည်စည်ကားကားနဲ့ ကျင်းပကြတာလည်း မြို့ရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။
အဆိုပါ နာမည်ကြီး ကျိုက်ခေါက်ဘုရားပွဲတော်ကို တနှစ်တခါ ဘုရားကြီးအား ရွှေသင်္ကန်းကပ်ချိန်မှာ ကျင်းပပြုလုပ်ကြတာဖြစ်ပြီး သန်လျင်မြို့ပေါ်က လူတွေသာမက အနီးအနားက ရွာတွေ၊ မြို့တွေကနေပါ လာရောက်လည်ပတ် ဖူးမြော်ကြတာဖြစ်ပါတယ်။ တပို့တွဲလပြည့်နေ့မှာလည်း မိသားစုလိုက်ရော၊ ပရဟိတ အသင်းအဖွဲ့တွေပါ ညအိပ် စောင့်စားနေတတ်ကြပြီး မနက်စောစောမှာ ဆွမ်းတော်ကြီးထကပ်တတ်ကြတဲ့ ဓလေ့တခုကလည်း ချစ်စရာပါ။
ဘိုးဘွားအစဉ်အဆက် ရောင်းချခဲ့တဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးကလည်း ပွဲအစနေ့ကနေ အဆုံးနေ့ထိအောင် လူအပြည့်ပါပဲ။ အခု နောက်ပိုင်းနှစ်တွေမှာတော့ မြောင်းမြဒေါ်ချိုအပြင် မြောင်းမြသိင်္ဂီစန်း၊ မြောင်းမြ စံမတူ စတဲ့ မုန့်ဟင်းခါးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် စည်စည်ကားကား ရောင်းချလာကြတာကို တွေ့ရပါတယ်။ ထမနဲ၊ ပြည် ကရေကရာ စတဲ့ ဆိုင်တွေလည်း အများအပြားပါပဲ။
ကလေးတွေသဘောကျ အရုပ်တွေ၊ သေနတ်တွေနဲ့ တခြား ကစားစရာ ပစ္စည်းများရောင်းတဲ့ဆိုင်တွေကလည်း ဈေးပွဲတော်ရဲ့ နေရာအတော်များများမှာ စည်ကားလျက်ရှိပြီး အဲဒီဆိုင်တွေရှေ့မှာ လိုချင်တာ လက်ညှိုးထိုးပြီး မိဘကို ပူဆာနေတဲ့ ကလေးငယ်တွေ၊ လိုချင်တာ ရသွားလို့ လက်ထဲမှာ ကစားစရာကိုင်ပြီး ပျော်ရွှင်နေတဲ့ ကလေးငယ်တွေရဲ့ မြင်ကွင်းကလည်း ကြည်နူးစရာပါ။
နှစ်စဉ် ပါဝင်ကပြဖျော်ဖြေနေကျဖြစ်တဲ့ စွမ်းဇာနည်၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း တို့ရဲ့ ဇာတ်ရုံကြီးတွေကလည်း အပြိုင်အဆိုင်ကို ဟီးထလို့ နေပါတယ်။ ဒီနှစ်မှာတော့ ထူးခြားချက်အနေနဲ့ ပရိသတ်အကြား အလွန်ရေပန်းစားအောင်မြင်နေတဲ့ “ဗိုလ်အောင်ဒင်”တေးသီချင်းရှင် အဆိုတော် မနောက လဆန်း ၁၃ နဲ့ ၁၄ ရက်နေ့များမှာ ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို နာမည်ကြီး ဇာတ်အဖွဲ့တွေအပြင် မိုးကြိုးငှက်ငယ်လေးများ၊ ကြည်လဲ့လဲ့ဦး စတဲ့ ပဒေသာကပွဲများ၊ ကလေးတွေ အကြိုက် ပျော့ပျော့အိအိ ကစားကွင်းများလည်း ပါဝင်ပါတယ်။
ညနေပိုင်းမှာတော့ ဘုရားပွဲကို လာရောက်ကြသူတွေ များတာကြောင့် နေကျချိန်ရောက်တာနဲ့ ဘုရားရှေ့ ကားလမ်း တလျှောက် ကားတွေကြပ်လာပါတော့တယ်။ လူငယ်အများစုကတော့ ဆိုင်ကယ်တွေနဲ့ လာရောက်ကြတာ များပါတယ်။ ပွဲဈေးရဲ့ဝင်ပေါက်တွေမှာလည်း ဆိုင်ကယ်ရပ်နားဖို့နေရာတွေကို စနစ်တကျ ပြုလုပ်ပေးထားတာလည်း တွေ့ရပါတယ်။
ညဦးပိုင်းမှာဆိုရင်တော့ လူအနည်းငယ်ကြပ်တဲ့အတွက် လူတိုးရတာကြောင့် လူစည်းကားတဲ့ ပွဲဈေးတန်းရဲ့ ရသတခုကို ခံစားရပါတော့တယ်။
ဘုရားပွဲကို တချို့က မိသားစုလိုက်၊ တချို့ကမိတ်ဆွေ သူငယ်ချင်းများနဲ့ အဖွဲ့လိုက်၊ တချို့ကလည်း ချစ်သူစုံတွဲများနဲ့ အတွဲလိုက်တွေ လာရောက် လည်ပတ်ကြပြီး ရဟတ်စီး၊ မုန့်စား အိမ်အပြန်အတွက် မုန့်တွေ၊ ပစ္စည်းတွေ ဝယ်ယူကြနဲ့ တကယ့်ကို ပျော်စရာပါပဲ။ မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများလည်း လာရောက် လည်ပတ်ကြတာကို တွေ့ရပါတယ်။
သနပ်ခါးတုံးရောင်းတဲ့ဆိုင်တွေ အများအပြားတွေ့ရတဲ့ ဒီဘုရားပွဲတော်ဟာ သနပ်ခါးကြိုက်သူတွေ လာရောက်ဝယ်ယူရာ ပွဲတော်အဖြစ်လည်း နာမည်ကြီးသလို ဈေးဆိုင်ခန်းပေါင်း မြောက်များစွာနဲ့ ပစ္စည်းမျိုးစုံရောင်းဝယ် ဖောက်ကားလေ့ရှိတဲ့ ပွဲတော်ကြီးဆိုလည်း မမှားပါဘူး။ အိမ်ရှင်မများအတွက် အကြိုက်တွေ့စေမယ့် အိုးခွက်၊ ပန်းကန်နဲ့ အိပ်ယာခင်း စောင်များ ဖျာများ စတဲ့ အိမ်အသုံးအဆောင်ပစ္စည်းများ ရောင်းချတဲ့ အရောင်းဆိုင်ခန်းတွေကလည်း လက်ညှိုးထိုးမလွဲပါပဲ။
ဘုရားပွဲတော်မှာ ဇာတ်အဖွဲ့တွေဟာ ဘုရားပွဲအစကနေ လပြည့်ကျော်တရက်၊ နောက်ဆုံးနေ့အထိသာ ကပြ ဖျော်ဖြေကြပြီး ဈေးသည်တွေကတော့ ဘုရားပွဲအပြီး နောက်ထပ် လေးရက် ငါးရက် ထိတိုင် ရောင်းချနေဆဲဖြစ်ပါတယ်။ ဘုရား ပတ်ဝန်းကျင် အနီးတဝိုက်မှာလည်း စတုဒိသာအဖွဲ့တွေရဲ့ မမောနိုင်မပန်းနိုင် ကျွေးမွေးဧည့်ခံနေကြတာကိုလည်း ကြည်နူးစရာ မြင်တွေ့ရပါတယ်။
သန်လျင်မြို့သူမြို့သားများသာမက သန်လျင်မြို့အနီးတဝိုက် မြို့ရွာတွေအပြင် ရန်ကုန်မြို့လူထုကပါ တခဲနက် သွားရောက်လည်ပတ်ကြည်ရှုလေ့ရှိတဲ့ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ဟာ ကလေးရော လူကြီးပါ မကျန် လူတန်းစားပေါင်းစုံ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ ပွဲတော်တခုပဲ ဖြစ်ပါတယ်။