မွန်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေရဲ့ ရွာအဝင် ဆိုင်းဘုတ်တွေဟာ ဟင်္သာရုပ်တုနဲ့ အလှတန်ဆာဆင်တတ်ကြပေမယ့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာရှိတဲ့ မုဒွန်းကျေးရွာကတော့ သူတို့ရဲ့ရွာအဝင် ဆိုင်းဘုတ်ကို ကျောက်သင်ပုန်းသား စစ်စစ်၊ ကျောက်တံစစ်စစ်တွေနဲ့ တန်ဆာဆင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ဘီလူးကျွန်း ချောင်းဆုံမြို့နယ်မှာရှိတဲ့ မုဒွန်းကျေးရွာဟာ ကျောက်သင်ပုန်းရွာလို့လည်း ပြောစမှတ်ပြုရလောက်အောင်ကို ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းနဲ့ ရှေးပဝေသဏီကတည်းက ရွာသားတွေဟာ အသက်မွေးဝမ်းကျောင်း ပြုလာ ခဲ့ကြတာ ယခုအထိဖြစ်ပါတယ်။
ဒီလို ကျောက်သင်ပုန်းနဲ့ ကျောက်တံအမှတ်အသားတွေနဲ့ ရွာအဝင်ဆိုင်းဘုတ်ကို အလှတန်ဆာဆင်တာဟာ ရွာရဲ့ သင်္ကေတ၊ လက္ခဏာကို ဖော်ကျူးတာဖြစ်သလို မုဒွန်းရွာကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို ပိုမို ဆွဲဆောင်နိုင်စေဖို့အတွက်လည်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမွန်က ရှင်းပြပါတယ်။
“တခြားရပ်ဝေးတွေက မုဒွန်း ကျောက်သင်ပုန်းနယ်မြေတွေကို ရောက်လာတဲ့အခါကျရင် ဆိုင်းဘုတ်ကလည်း သူများထက် တမူထူးခြားအောင်၊ ကျောက်သင်ပုန်းနယ်မြေ ရောက်ရင် ပြစရာတခုမှ မရှိတာကြောင့် ဆိုင်းဘုတ်ကိုတော့ ကျောက်သင်ပုန်း ကျောက်သား အစစ်နဲ့ပဲ လုပ်စေချင်တဲ့ အများဆန္ဒပေါ့၊ ရွာဂုဏ်ကျက်သရေဆောင်ပေါ့ဗျာ” လို့ မုဒွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမွန်က ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ နီးပါးလောက်ကတည်းကစပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေမှာ အသုံးပြုခဲ့ကြတဲ့ ကျောက်သင်ပုန်းနဲ့ ကျောက်တံတွေကို နိုင်ငံတနှံ့တလျား ထုတ်လုပ်ဖြန့်ချိပေးခဲ့တာဟာ ဒီ မုဒွန်းရွာက ဖြစ်တယ်ဆိုတာ ယခုခေတ် ကလေးတွေက သိချင်မှသိကြပါလိမ့်မယ်။
မြန်မာတို့ရဲ့ ဓလေ့တခုဖြစ်တဲ့ ကျောက်သင်ပုန်း ကျောက်တံနဲ့ စာရေးသား သင်ကြားခြင်း အလေ့အထတခုဟာ ဟိုးယခင်ကတည်းက ဒီနေ့ထက်ထိတိုင်အောင် ချစ်စရာအလေ့အထတခုလို့ ပြောလို့ရနိုင်ပါတယ်။
သူငယ်တန်းကစလို့ အတန်းကြီးဖြစ်တဲ့ အလယ်တန်း အထက်တန်း ရောက်တဲ့အထိပင် သင်္ချာအကြမ်းတွက်ဖို့ ကျောက်သင်ပုန်းကို တစိုက်မတ်မတ် သုံးခဲ့ကြဖူးသူတွေ အများအပြားရှိခဲ့ကြပြီး ဒီကျောက်သင်ပုန်းခေတ် မကုန်သေးဘူး ဆိုတာ လူတွေကို အမှတ်တရ သိရှိစေချင်တာကြောင့် ဒီ ကျောက်သင်ပုန်း အမှတ်သင်္ကေတကို ဖော်ကျူးရတာ ဖြစ်တယ်လို့ မုဒွန်းကျေးရွာ ပိဋိကတ် ကျောင်းတိုက်က အရှင် အဇ္ဇ ကမိန့်ပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၅၀၊ ၆၀ လောက် ကတည်းက ပညာသင်ကြားခဲ့ကြပြီးတော့ အခုချိန်မှာ နိုင်ငံတာဝန်ထမ်းဆောင်နေကြတဲ့ ခေါင်းဆောင်တွေကလည်း ဒီကျောက်သင်ပုန်း ကျောက်တံကို အသုံးပြုပြီး စာသင်ခဲ့ကြတယ်။ ဒီဓလေ့ဟာ အရမ်းကို သိမ်မွေ့နူးညံ့ပါတယ်။
မွန်လူမျိုးတို့ရဲ့ဓလေ့နဲ့ လက်မှုပညာတရပ်လည်း ဖြစ်တယ်။ ဒီနိုင်ငံကနေ ထွက်တဲ့ သယံဇာတ ပစ္စည်းတွေကို သုံးပြီး ပညာသင်ကြားခဲ့ကြတဲ့ ဓလေ့ကို မြတ်နိုးစေချင်လို့ ကျောက်သင်ပုန်း သုံးတဲ့ခေတ် မကုန် သေးဘူးဆိုတာ အမှတ်ရစေချင်လို့ပါ” လို့ အရှင် အဇ္ဇ က မိန့်ကြားပါတယ်။
အရှင် အဇ္ဇ ကိုယ်တိုင်ကလည်း “အ၊ အာ” အမည်ရှိ လှုပ်ရှားရေး အစီအစဉ်တခုနဲ့ မွန်အမျိုးသား စာသင်ကျောင်းတွေကို ကျောက်သင်ပုန်းနဲ့ကျောက်တံများအား တသီးပုဂ္ဂလ မွန်အလှူရှင်များရဲ့အကူအညီနဲ့ လိုက်လံ ဝေငှပေးနေတာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်တာရှိခဲ့ပြီဖြစ်ပြီး သုံးနှစ်တာအတွင်း ကျောက်သင်ပုန်း အချပ်ပေါင်း ၁၅၀၀၀ ခန့် လိုက်လံ ဝေငှခဲ့ပြီး ဖြစ်ပါတယ်။
ဒါတွေကို ပြန်ပြောင်း အမှတ်ရစေနိုင်မယ့် ဒီကျောက်သင်ပုန်း ဆိုင်းဘုတ်ကို လုပ်ဖို့အတွက် ရွာသားတွေ တိုင်ပင်ထားတာ ၃ နှစ်ကျော်ရှိခဲ့ပါပြီ။ ဒီနှစ်မှပဲ တကယ့် လက်တွေ့ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ တည်ဆောက်မှုလုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ ကုန်ကြမ်းအခက်အခဲသာ မရှိရင် လာမယ့် သြဂုတ်လဆန်းမှာ ပြီးစီးဖို့ လျာထားတယ်လို့ သိရပါတယ်။
တွက်ချက်ထားမှုအရ အင်္ဂတေ၊ ဘိလပ်မြေတို့နဲ့ လုပ်မယ်ဆိုရင်တော့ ၁၀ သိန်း ဝန်းကျင်သာ ကုန်ကြနိုင်မှာဖြစ်ပြီး အခုလို ကျောက်သင်ပုန်း ကျောက်သားအစစ်နဲ့ ပြုလုပ်ရင်တော့ ကုန်ကျစရိတ်ဟာ သိန်း ၃၀ ကျော် ရှိနိုင်တယ်လို့ ရွာသားတွေက ခန့်မှန်းထားကြပါတယ်။
ဒါ့အပြင် ဆိုင်းဘုတ်အရွယ်အစားဖြစ်တဲ့ ကျောက်သင်ပုန်း ကျောက်သားကို ရဖို့ကလည်း မလွယ်ကူလှပါဘူး။ မုဒွန်းရွာမှာ ထွက်ရှိတဲ့ ကျောက်သင်ပုန်း ကျောက်သားတွေဟာ သက်နုကျောက်သင်ပုန်း ကျောက်သားတွေဖြစ်ပြီး မာကျောမှုအဆင့် နိမ့်ပါးပါတယ်။ ဒါကြောင့် သထုံနဲ့ ဇင်းကျိုက်၊ ပေါင်မြို့နယ်ထဲက ကျောက်သင်ပုန်း ကျောက်သားအမာတွေနဲ့ ဒီ အရွယ် အစားရအောင်မှာယူခဲ့ရကြောင်းလည်း ဦးဝင်းမွန်က ဆက်လက်ရှင်းပြပါတယ်။
“သက်နုကျောက်သင်ပုန်း ကျောက်သားနဲ့ ကျွန်တော်တို့ ဆိုင်းဘုတ်ကို လုပ်လို့မရဘူး၊ ကြေထွက်မယ်၊ ပြတ်ထွက်မယ်။ မုဒွန်းရွာသားတွေပဲ သထုံမှာ သွားလုပ်နေတာရှိတယ်၊ ပြောရရင်တော့ သထုံကျောက်ပေါ့။ သိပ်ကြီးလွန်းရင်လည်း ထုတ်လို့မရဘူး၊ တောင်ပေါ်ကနေ ယူချတဲ့အခါကျရင် အခက်အခဲရှိတဲ့အတွက်ကြောင့် အမြင့် ၇ ပေ၊ ထုကတော့ တလက်မ၊ ဗြက်ကတော့ ဆက်ယူလို့ရတာပေါ့နော်” လို့ ဦးဝင်းမွန်က ဆက်လက်ရှင်းပြပါတယ်။
ဆွဲထားတဲ့ ဒီဇိုင်းအရ ကျောက်သင်ပုန်းသားသက်သက် အမြင့် ၇ ပေနဲ့ အကျယ် ၅ ပေရှိတဲ့ ကျောက်ချပ်ကြီးတွေကို သုံးစွဲရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်သင်ပုန်းရဲ့ဘေးတချက်စီမှာ တန်ဆာဆင်ဦးမယ့် ကျောက်တံ ၅ ချောင်းစီဟာလည်း တချောင်းကို အချင်း ၄ လက်မ ပတ်လည်ခန့် ရှိပါတယ်။ ကျောက်သင်ပုန်းနဲ့ တကယ့် ချွတ်စွတ်သဏ္ဍာန် တူအောင်လည်း ဘေးမှာ ပျဉ်းကတိုး၊ သစ်သားဘောင်တွေကို လေးဘက် လေးတန် ၁၀ လက်မပတ်လည်စီ တပ်ဆင်ဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျောက်သားရော သစ်သားဘောင်ရော တပ်ဆင်ပြီးစီးပြီဆိုရင်တော့ တစုံလုံးအနေနဲ့ ရွာအဝင် ဆိုင်းဘုတ်ရဲ့ အမြင့် ၉ ပေ နီးပါးနဲ့ အကျယ် ၇ ပေ နီးပါးရှိမှာဖြစ်ကာ ဘေးတဖက်တချက်စီမှာတော့ ကျောက်တံ ၅ ချောင်းစီတို့က ရံထားဦးမှာ ဖြစ်ပါတယ်။
ဒီတင်ပဲလားဆိုတော့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် အချက်တချက်ကိုလည်း ဆိုင်းဘုတ် ဒီဇိုင်းထုတ်သူက ထည့်သွင်းစဉ်းစားထားပါတယ်။ ဒါကတော့ ကျောက်သင်ပုန်းနဲ့ ကျောက်တံတွေ ခံဖို့ အောက်က ဖိနပ်ခုံပါ။
ဒီ ဖိနပ်ခုံဟာလည်း ၃ ပေ နီးပါး မြင့်ပြီးတော့ လေးဘက် လေးတန်ကို ကျောက်သင်ပုန်း ကျောက်သားတွေနဲ့ပါ အလှဆင် ထားမှာမို့ ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ပျော်ရွှင်အမှတ်ရစရာတွေ၊ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှား ဖွယ်ရာတွေကို မှတ်တမ်းတင် ရေးထားနိုင်ကြဖို့ စီစဉ်ပေးထားပါတယ်။
ကျောက်သင်ပုန်းနဲ့ ကျောက်တံသုံးပြီး ကျောင်းတက်ခဲ့ဖူးတဲ့ လူတွေအတွက်ကတော့ ကလေးဘဝကို ပြန်ပြောင်း အောက်မေ့စရာတခုလည်း ဖြစ်စေမှာဖြစ်သလို ရွာရဲ့အမှတ်တရ လက္ခဏာကိုလည်း ပြယုဂ်တခုအနေနဲ့ ဖော်ကျူး ထားမယ့် ဒီရွာအဝင် ဆိုင်းဘုတ်ကြီး ပြီးရင်တော့ တခေါက် တခါ လာရောက်လည်ပတ်လို့ ကျောက်သင်ပုန်း၊ ကျောက်တံနဲ့ အမှတ်တရစာလေးတွေ ပြန်ရေးနိုင်ကြမယ့် အမှတ်တရနေရာလေးတခုတော့ ရှိလာတော့မှာ ဖြစ်ပါတယ်။