ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Fan Meeting ပြုလုပ်ခဲ့ပြီး ရရှိခဲ့တဲ့ငွေကြေးကို အလှူများပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်က ပရိသတ်များနဲ့ တွေ့ဆုံရတဲ့အတွက်နဲ့ အလှူလုပ်ရတဲ့အတွက် ပီတိဖြစ်မိကြောင်း ဆိုပါတယ်။
“ခံစားချက်ကတော့ Fan Meeting ပွဲအတွက်လည်း အရမ်းပျော်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ပွဲလေး ဖြစ်သွားတယ်ပေါ့။ အလှူပွဲလေးလည်း ဖြစ်တယ်။ ကိုယ်လိုချင်တဲ့ပုံစံလေးလည်း ဖြစ်တယ်။ ပရိသတ်တွေရော နောက်ကွယ်က လူတွေရောက အရမ်းကူညီပေးခဲ့ကြတယ်။ အဲ့အပေါ်မှာ အရမ်းဝမ်းသာပါတယ်”
“ပန်းချီကားလေးကလည်း အလှူထဲမှာထည့်ဖို့ကို လေလံဆွဲတဲ့အတွက်ကြောင့် လှူတဲ့သူလည်း ကုသိုလ်ရတယ်။ အလှူခံရတဲ့သူလည်း ကုသိုလ်ရတာပေါ့” လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြောပါတယ်။
ဝတ်မှုံရွှေရည်ကတော့ Fan Meeting ကို ပိုပြီး အဓိပ္ပာယ်ရှိချင်တဲ့အတွက် ပရိသတ်တွေနဲ့ အတူတကွ အလှူလေး ပြုလုပ်ဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အဓိကက ပရိသတ်တွေနဲ့ကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးလေး တွေ့ချင်တယ်။ ပရိသတ်တွေကို အချိန်ပေးချင်တယ်။ ပိုပြီးလည်း အဓိပ္ပာယ် ရှိချင်တဲ့အတွက်ကြောင့် အလှူပွဲပေါ့။ ပရိသတ်တွေရော ကစ်နဲ့တွဲလုပ်တဲ့ Brand တွေအတွက်ရော အလှူပွဲလေးဖြစ်အောင်လို့ အလှူလေး လုပ်လိုက်တာပေါ့” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
အဆိုပါ Fan Meeting မှာတော့ ဝတ်မှုံရွှေရည်က သူမရဲ့ ပုံတူပန်းချီကား ၊ အင်္ကျီနဲ့ အိတ်တို့ကို လေလံတင် ရောင်းချခဲ့ပြီး သိန်း ၁၁၀ ကျပ်ကို လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို သိန်း ၅၀ လှူပါတယ်။ ပြီးတော့ မိဘမဲ့ဂေဟာကို သိန်း ၂၀၊ အမေများအဖွဲ့ကို သိန်း ၄၀ လှူခဲ့ပါတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
ဝတ်မှုံရွှေရည်ရဲ့ Fan Meeting ပွဲကိုတော့ နိုဝင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ Junction Square Promotion Area မှာ ပြုလုပ်ခဲ့ပါတယ်။
အခုနောက်ပိုင်း Facebook မှာ ပုံတွေ တင်တဲ့အခါ ရေးသားတဲ့ စာသားတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝတ်မှုံရွှေရည်က “ကစ်က ဒီလိုပါပဲ စိတ်ကူးပေါက်ရင် ပေါက်သလို စိတ်ကူး ယဉ်တတ်တော့ အတွေးထဲရှိတာလေးတွေ ပြောမိတာလေးတွေ လျှောက်တင်တာပေါ့။ တခါတလေကျရင် ခရီးသွားတဲ့ အချိန်တွေမှာ အတွေးတခု ဝင်လာပြီးတော့ တကယ် မဟုတ်ဘဲနဲ့လည်း စိတ်ကူးယဉ်ပြီး ရေးတာပေါ့” လို့ ပြောပါတယ်။
မကြာခင်မှာလည်း ဝတ်မှုံရွှေရည် ပါဝင် သရုပ်ဆောင်ထားတဲ့ ကိုရီးယား- မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားလည်း ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
နိုင်ငံတကာ အနုပညာရှင်များနဲ့ တွေ့ခွင့်ရလို့ ပျော်နေတဲ့ ဝတ်မှုံရွှေရည်
သရုပ်ဆောင်ပိုင်းအပြင် ခန္ဓာကိုယ် အလှအပကိုပါ ထိန်းသိမ်း ဂရုစိုက်တဲ့ ဝတ်မှုံရွှေရည်
“အပြင်မှာ အရမ်း အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါ”လို့ ပြောတဲ့ ဝတ်မှုံရွှေရည်