Chevrolet မော်တော်ကား ကုမ္ပဏီရဲ့ 2018 Chevrolet Trax မော်ဒယ်က မိသားစုသုံး မော်ဒယ် အဖြစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီး ထုတ်လုပ်မှု သက်တမ်း မကြာသေးပေမယ့် လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၅ ခုနှစ် မော်ဒယ်ကို မိတ်ဆက် ကတည်းက မောင်းနှင်လို့ ကောင်းတယ်၊ ပါကင်ထိုးရတာလည်း အဆင်ပြေတယ်၊ နည်းပညာလည်း မြင့်မား ကောင်းမွန်တယ်၊ ဒါပေမယ့် အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုလို လူအများ သဘောကျလာတဲ့ စွမ်းဆောင်ရည် ပိုင်းမှာတော့ အားနည်းသလို ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အခုနှစ် 2018 Chevrolet Trax မော်ဒယ်က ပုံစံ မပြောင်းဘဲ စွမ်းဆောင်ရည် မတင်သေးဘဲ ဆက်လက် ထုတ်လုပ်ထားပါတယ်။ နောက်ထပ်ရော ဘာတွေ သဘောကျစရာ ရှိပါသေးသလဲ။
ကိုယ်ထည် အရွယ်အစားတူ မော်ဒယ်တွေထဲမှာတော့ Trax လောက် အတွင်းခန်း ကျယ်ဝန်းတဲ့ မော်ဒယ် မရှိ သလောက်ပါပဲ။ ခရီးဝေး လိုက်ပါ စီးနင်းမှု အတွက်ရော ခရီးသည် အရေ အတွက် များများ လိုက်ပါ နိုင်မှုပါ အားကောင်း ပါတယ်။ ပြီးတော့ ဈေးနှုန်း ချိုပေမယ့် အသုံးပြုနိုင်အောင် ထည့်သွင်း ထားတဲ့ နည်းပညာတွေက များပါတယ်၊ အထူးသဖြင့် တန်ဖိုးသင့် ဇိမ်ခံ မော်ဒယ်တွေမှာ သုံးနိုင်တဲ့ နည်းပညာတွေလောက်ကိုပဲ ထည့်ထားတာ ဖြစ်ပြီး Trax ကတော့ တန်ကြေးနည်း SUV မော်ဒယ် ဖန်တီးထားတာပါ။
ဒါပေမယ့် အထက်မှာ ပြောခဲ့သလို အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အားနည်းသလို ဖြစ်နေတာပါ၊ အင်ဂျင် စနစ်က စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု စိတ်ကြိုက် မဖြစ်သေးပါဘူး။ အထူးသဖြင့် တန်းတူ မော်ဒယ်တွေထက် နှေးနေတာက လူကြိုက်နည်းစေ နိုင်ပါတယ်။ ခရီးသည်ခန်း ကျယ်ဝန်းပေမယ့် နောက်ဘက် ဝန်တင်ခန်းက နည်းနည်း ကျဉ်းသလို ဖြစ်နေပါတယ်။ ပြီးတော့ အင်ဂျင်က စွမ်းဆောင်ရည် ဦးစားပေး မဟုတ်ဘဲ ဆီစားနှုန်း နည်းနည်းများနေပါတယ်။
အခုနှစ် မော်ဒယ်မှာ ရွေးချယ်နိုင်စရာ အဖြစ်နဲ့တော့ မော်ဒယ်ခွဲ ၃ မျိုး ထုတ်လုပ်တာ တွေ့ရပါတယ်။ LS, LT နဲ့ Premier တွေ ဖြစ်ပြီး LS ကတော့ အနိမ့်ဆုံးမော်ဒယ်ခွဲ ဖြစ်သလို စိတ်ကြိုက်ဖြစ်စရာ အားသာချက် ပါဝင်မှု နည်းလွန်းပါတယ်။ အင်ဂျင်စနစ်က ၁ ဒသမ ၄ လီတာသုံး အသေးစား ပုံမှန် လေးလုံးထိုး အင်ဂျင် ဖြစ်ပြီး သူက ရုန်းအား ၁၄၈ ပေါင်/ပေမှာ မြင်းကောင်ရေ ၁၃၈ ကောင်အားထိ ထွက်ရှိတာ တွေ့ရပါတယ်။ ရှေ့ဘီးယက် စနစ်နဲ့ လာပြီး ၆ ချက်သုံး Auto နဲ့ သွားပါတယ်။ ဒါက ပုံမှန် မော်ဒယ်ခွဲနိမ့်တွေ အတွက် ဖြစ်ပြီး ဘီးစုံယက် စနစ်နဲ့လည်း လိုချင်ရင် ရနိုင်ပါသေးတယ်။
၁၆ လက်မ ဘီးတွေကို တပ်ဆင်ထားတယ်၊ Keyless စနစ် သုံးနိုင်ပါမယ်။ ဘေးဘက်နောက်ကြည့် မှန်တွေက Power နဲ့ မဟုတ်ပါဘူး။ နောက်ဘက် ရိုက်ကူး ကင်မရာစနစ် ပါရှိပါတယ်။ နောက်ဘက် ထိုင်ခုံတန်းကို လိုအပ်ရင် ခေါက်သိမ်းနိုင်ပါတယ်။ 4G LTE စနစ်ထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်ပြ စနစ် အတွက် ၇ လက်မ အရွယ် Touch စနစ်နဲ့ သုံးနိုင်မယ့် မျက်နှာပြင် ပါရှိပါတယ်။ ရှေ့မီးကြီးတွေရော နေ့မီးတွေပါ LED နဲ့ ဖြစ်ပါတယ်။ ဂြိုလ်တု ရေဒီယိုစနစ်လည်း မိပါတယ်။
အတွင်းခန်းက အထည် ဦးစားပေး အပြင်အဆင်နဲ့ ဖြစ်ပါတယ်။ လက်ကိုင်ဘီးက သားရေနဲ့ ဖြစ်ပါတယ်။ ယာဉ်မောင်း ထိုင်ခုံကို 6-way ပုံစံ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ နောက်ဘက် ပါကင် အာရုံခံစနစ်လည်း ပါရှိပါတယ်။ Bose အသံစနစ်ကို ထည့်ထားပြီး စပီကာ ၆ လုံးထိအောင် ပါပါတယ်။ တန်ဖိုးနည်း မော်ဒယ် အနေနဲ့ နောက်ထပ် အသံပိုင်း ထပ်ဖြည့်စရာ မလိုတော့ ပါဘူး။
မော်ဒယ်က အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တန်းတူ ပြိုင်ဘက်တွေလောက် အားမကောင်း ဘဲ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၁၀ စက္ကန့် ဝန်းကျင်လောက်ထိ ယူရတဲ့ အနေအထားပါ။ ဆီစားနှုန်းကတော့ တဂါလံကို ၂၈ မိုင်လောက်ထိ စီးနင်းနိုင်မှာ ဖြစ်ပေမယ့် အာရှထုတ် မော်ဒယ်တွေက မိုင် ၃၀ ကျော်ထိ စီးနိုင်လို့ အခုထက် ဆီစားပိုချိုရင် ကောင်းမှာပါ။
ဘရိတ်ပိုင်းကတော့ သဘောကျစရာ ကောင်းပြီး မိုင် ၆၀ နှုန်းကနေ ရပ်တန့်ဖို့ အကွာအဝေး ၁၂၀ ပေလောက်ပဲ ယူပါတယ်။ ဈေးနှုန်းအပိုင်းမှာ မော်ဒယ်ကို ဒေါ်လာ ၂၅၄၁၅ နဲ့ မော်ဒယ်ခွဲ အပေါ်ကို မူတည်လို့ ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ ။
Ref: www.edmunds.com